"ဂွီ..."
မိုးထက်မိုရ်ရဲ့ဗိုက်ထဲမှ ဒီနေ့အတွက် ဘယ်နှကြိမ်မြောက်မှန်းမသိ ထွက်ပေါ်လာသောမြည်သံပင်။ အနားမှာရှိတဲ့ ဝက်ဝံရုပ်တစ်ရုပ်ကို လှမ်းဆွဲယူလိုက်ရင်း ထိုအသံပျောက်လိုပျောက်ညား ဗိုက်ကိုဖိထားလိုက်မိပေသည်။ မျက်နှာလေးကတော့ ငိုမဲ့မဲ့နှင့်။ ပါးစပ်နဲ့ အစား တစ်နေကုန် မပြတ်တဲ့ မိုးထက်မိုရ်လိုလူအတွက် ၂၄နာရီတိတိ အစာငတ်ခံဆန္ဒပြသည်မှာ အတော့်ကိုခက်ခဲပင်ပန်းတဲ့ ကိစ္စကြီးပင်။
"ဟူး..."
သက်ပြင်းတစ်ချက်ကိုချလိုက်ကာ ဟိုဘက်ဒီဘက်လူးလိမ့်နေရာမှ နောက်ဆုံးတော့ မိုးထက်မိုရ် ပက်လက်လေးဖြစ်သွားလေသည်။ လအတန်ကြာကင်းကွာနေခဲ့လို့လားမသိ။ မွေးကတည်းမှ စပြီး တက္ကသိုလ်ကျောင်းသားဘဝအထိ ငယ်ဘဝတစ်ခုလုံးကို ကုန်ဆုံးလာခဲ့တဲ့ ဒီအခန်းသည်ပင် အနည်းငယ်စိမ်းသက်နေသလို ခံစားနေရပေသည်။ အခန်းထဲမှာ တန်းစီနေတဲ့ ဝက်ဝံရုပ်လေးတွေကပင် မိုးထက်မိုရ်ကို နှစ်သိမ့်မှုမပေးနိုင်။ ဗိုက်ဆာတဲ့ ခံစားချက်လေးများပျောက်လိုပျောက်ညား မျက်နှာကြတ်တွင် အလှဆင်ထားသော အာကာသဟင်းလင်းပြင်ကြီးထဲ မီးဆိုင်းနေရာတွင် တွဲလောင်းကျနေသော ကြယ်လေးတွေ၊ လလေးတွေကို အကြောင်းမဲ့ငေးနေရင်း မိုးထက်မိုရ်ရဲ့ အတွေးတွေက ဟိုရောက်ဒီရောက်ဖြင့်။
မနေ့ညက မမမိုးထက်လှိုင်ဆီမှာ ဆွဲစိခံရပြီးနောက် အိမ်တော်ကို မိုးထက်မိုရ်ပြန်ရောက်လာသည်မှာ တစ်ရက်တိတိရှိနေပြီဖြစ်သည်။ ဒီအတောအတွင်း မနက်စာရော နေ့လည်စာရော အိမ်ကအစေခံတွေက အချိန်မှန် ပို့ပေးခဲ့ပေမဲ့ ကိုယ့်ဟာကိုယ်မာနတွေစွတ်ကြီးနေတာနှင့် တစ်စက်ကလေးမျှမထိခဲ့။ ဘယ်သူနဲ့မှလည်း အတွေ့မခံသလို ဘယ်သူနဲ့မှ စကားမပြောနှင့် ဒီအခန်းထဲ ကိုယ့်ကိုယ်ကို ပိတ်လှောင်ထားခြင်းသည် တကယ်တမ်းတော့ ကိုယ့်ဒုက္ခကိုယ်ခံနေခြင်းပင်ဖြစ်သည်ကို သဘောပေါက်စပြုလာတဲ့နောက် မိုးထက်မိုရ် ဆတ်ခနဲ ငုတ်တုတ်ကြီးထထိုင်လိုက်ပေသည်။
မရတော့ဘူး။ ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ ငါအရမ်းကိုဗိုက်ဆာနေပြီ။