"ကိုယ်နောက်ကျသွားတယ်။လင်း.."
ရင်ဘတ်ထဲကအကောင်သေးသေးလေးကို နင့်နေအောင်ပွေ့ဖက်ထားရင်း ဥက္ကာမင်းပိုင်တီးတိုးလေးပြောလိုက်မိသည်။ မရည်ရွယ်ပဲ ထုတ်ကာရေရွတ်မိတဲ့ ထိုနာမ်စားလေး။ ရေမွှေးနှင်းဆီရနံ့တွေကို တခဏတာ နမ်းရှိုက်ခွင့်ရစဉ်ချိန်တည်းက ထိုနာမ်စားလေးကို သုံးဖို့ ရည်ရွယ်မိခဲ့သလားပင်။ အခုချိန်မှာတော့ တပွေ့စာမျှသာရှိတဲ့ထိုလူသားလေးကို ဖက်ထားရတဲ့ ထိုတခဏလေးမှာတင်ကို ဥက္ကာမင်းပိုင်ဟာ ကမ္ဘာကြီးတစ်ခုလုံးကို အပိုင်ရလိုက်သလိုခံစားနေရသည်။ သို့သော် ထိုကြည်နူးမှုလေးသည် စက္ကန့်ပိုင်းမျှလေးသာခံလိုက်လေသည်။
"ဖွီ။ စောက်ခွေးချေးနံ့လိုပဲ။ ရွံတာ။"
ဆောင့်လည်းတွန်းခံလိုက်ရသေး။ ကိုယ့်ဆီက Pheromoneနံ့ကိုပါ ပိဿလေးနှင့်ဘေးပစ်သလိုပါပြောခံလိုက်ရတာမို့ ဥက္ကာမင်းပိုင်မှာ ချက်ချင်းစကားမဟနိုင်။
"ကိုယ်..."
"အလိုမတူဘဲ အသားကိုလာထိတာက Sexual Harassmentမြောက်တယ်ဆိုတာ ခင်ဗျားနားမလည်ဘူးလား။"
ဒါက လွှတ်တော်အမတ်ကို ထုတ်တဲ့မေးခွန်းတဲ့လား။ ထိုသို့ ပြောခံရခြင်းအပေါ် ဒေါသကထောင်းခနဲ ထွက်သွားပေမဲ့ ရှေ့က လူဟာဖြူဖျော့ဖျော့နှင့် သူ့ခြေလှမ်းတောင် သူမနိုင်ဟန် ယိုင်နဲ့နဲ့ ဖြစ်နေတဲ့ အနေအထားမို့ ဥက္ကာမင်းပိုင် ချက်ချင်းစိတ်လျှော့လိုက်လေသည်။
"ကိုယ် အဲ့လိုဖြစ်သွားဖို့မရည်ရွယ်ပါဘူး။ တောင်းပန်ပါတယ်။"
လင်းက ကျစ်စ်ခနဲစုတ်သပ်သည်။ သူ့ကြည့်ရတာ ဥက္ကာမင်းပိုင်ဘာကြောင့် ဒီထိရောက်လာတာလဲဆိုတဲ့အပေါ်စိတ်ဝင်စားပုံလည်းမပေါ်။ ချက်ချင်းနေရာကနေလှည့်ထွက်ဖို့ ပြင်နေတာမို့ နောက်ကနေလှမ်းခေါ်လိုက်မိလေသည်။
"လင်း.. မင်းဒီအခြေအနေနဲ့ဘယ်သွားဖို့လုပ်နေတာလဲ။"
ဥက္ကာမင်းပိုင်လှမ်းအော်ပြောလည်း အချည်းနှီးသာ။ ရှေ့သို့သာ ဆက်သွားနေသူသည် နောက်ပြန်လှည့်မည့် အရိပ်အရောင်စိုးစဉ်းမျှမရှိ။ စိတ်ရှုပ်ဟန်ဖြင့် သူ့ခေါင်းပေါ်က ဦးထုပ်ချွတ်ကာ အိတ်ထဲ ထည့်လိုက်ပြီး မက်စ်ကိုတော့ ပြန်ပြင်တပ်ဖို့လုပ်နေသည်။
