မိုးထက်မိုရ်တစ်ယောက် လက်ထဲမှဖုန်းကိုတကြည့်ကြည့်ဖြင့် ဖင်တကြွကြွနှင့် အငြိမ်မနေနိုင်။ နံရံပေါ်မှနာရီကလည်း တချပ်ချပ်မြည်သံနှင့်အတူ ည၁၀နာရီကျော်ကို ညွှန်ပြနေပြီဖြစ်သည်။သိပ်မကြာသေးခင်ကမှ ခေါ်ထားတဲ့ ဖုန်းနံပါတ်ကိုပင် မိုးထက်မိုရ်တစ်ယောက် ထပ်နှိပ်လိုက်မိလေတော့သည်။
"လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်မှာသတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်းမရှိ..."
ဒီနေ့အတွက် အကြိမ်ပေါင်းမရေတွက်နိုင်လောက်အောင် ကြားနှင့်ပြီးသား အသံကို စိတ်ပျက်စွာဖြင့် မိုးထက်မိုရ်ချက်ချင်း ပိတ်ချပစ်လိုက်မိသည်။
ဘာလို့လဲ။ ဘာဖြစ်နေလို့များလဲ။ ကိုကိုဘာဖြစ်နေတာလဲ။
ခေါင်းထဲမှာ မရေတွက်နိုင်တဲ့မေးခွန်းပေါင်းများစွာနှင့်အတူ မိုးထက်မိုရ်တစ်ယောက် ဘယ်လိုမှငြိမ်ထိုင်မနေနိုင်တော့။ အခန်းထဲမှာ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်ဖြင့် ဘ၀မှာတစ်ခါမှ ဒီလောက်ကြီးမပူပန်ခဲ့ရဖူးဘူးဟုပင်ထင်ရလောက်တဲ့အထိ။ ပြီးတာနဲ့ချက်ချင်းပြန်လာခဲ့မယ်လို့ ပြောထားခဲ့တဲ့သူတစ်ယောက်က ဒီလောက်ကြီးထိနောက်ကျစရာအကြောင်းမရှိဘူးမလား။ ဒါပေမဲ့ ဒီတစ်ခါမှဖုန်းမကိုင်လျှင်တော့ နောက်က လိုက်သွားဖို့ကလွဲ တခြားမရှိတာမို့ နောက်ဆုံးအကြိမ်အဖြစ်ဖုန်းကို ထပ်ဆက်လိုက်ချိန်မှာတင် တစ်ဖက်ကဖုန်းကိုကိုင်လာခဲ့လေသည်။
"ဟဲလို..ကိုကိုလား။ ကိုကို.."
စိတ်သက်သာရာရသွားမှုနှင့်အတူ အရောင်တောက်သွားတဲ့ မိုးထက်မိုရ်ရဲ့မျက်လုံးလေးသည် စက္ကန့်ပိုင်းအတွင်းမှာပင် မှိန်ပျသွားခဲ့ရလေသည်။ သတိဝင်လာတဲ့အချိန်မှာတော့ မိုးထက်မိုရ်တစ်ယောက် ဆေးရုံတစ်ခုရဲ့ ကော်ရစ်တာပြေးလမ်းတလျှောက်မှာ ပြေးလွှားနေပြီဖြစ်သည်။ ဒရောသောပါးပြေးလာခဲ့တဲ့ မိုးထက်မိုရ်မှာ ဖိနပ်ပင်ပါမလာခဲ့။
ကိုကိုဘယ်မှာလဲ..ကိုကို..
မျက်လုံးကိုသာယှဉ်ယှဉ်ထားရင်း ဟိုဟိုဒီဒီလိုက်လှည့်ပတ်ကြည့်နေရင်းဖြင့် အရေးပေါ်ခွဲစိတ်ခန်းတစ်ခုရဲ့ရှေ့မှာ လှမ်းမြင်လိုက်ရသည်က အမျိုးသမီးတစ်ယောက်နှင့် အမျိုးသားတစ်ယောက်။ မြင်လိုက်တာနှင့် Alpha မှန်းတန်းသိရလောက်တဲ့ ထိုဒေါင်ကောင်းကောင်းအမျိုးသမီးကိုတော့ မိုးထက်မိုရ် သေချာမသိပေ။ သို့သော် ခုံမှာခြေပစ်လက်ပစ်နှင့် ထိုင်နေတဲ့ အမျိုးသားဟာ ကိုကို့အတွင်းရေးမှူးမှန်းတန်းသိလိုက်သည်နှင့် သူ့ဆီကိုသာတန်းသွားလိုက်လေသည်။
