Part-19-Unicode

1.7K 225 52
                                    

"ပြန်လာပြီလား။ သားလေး။"

ထုံးစံအတိုင်းအိမ်သို့ခြေချလိုက်သည်နှင့်အသံချိုချိုလေးက လွင့်ပျံ့လို့လာလေသည်။ သို့သော် ဥက္ကာမင်းပိုင်အတွက်ကတော့ မည်သို့မျှထွေထူးမနေ။ ပြန်တောင်မနှုတ်ဆက်ဘဲ တိတ်တိတ်ဆိတ်ဆိတ်ဖြင့်သာ အိမ်ထဲဝင်လာလိုက်သည်။ မြို့ရဲ့အလယ်ခေါင် စျေးကြီးပါပေ့ဆိုတဲ့နေရာက ခေတ်မှီအိမ်ခန်းတစ်ခု၏ အပြင်အဆင်သည် ဘာကြောင့် ဥက္ကာမင်းပိုင်အား အသက်ရှုကြပ်စေရလဲ စဉ်းစားမရပေ။

"ရေချိုးပြီးအဝတ်လဲလိုက်လေနော်။ မာမီထမင်းပွဲပြင်ထားလိုက်မယ်။"

ပြောပြီးပိန်ပိန်ပါးပါးအရိပ်လေးက လှစ်ခနဲပျောက်ကွယ်သွားလေပြီ။ ဥက္ကာမင်းပိုင်သည် အခန်းထဲသို့သာ တန်းဝင်သွားပြီး ရေချိုးလိုက်သည်။ ခေါင်းထက်ကစီးကျလာတဲ့ ရေအေးတို့သည် တနေ့တာလုံးပူလောင်နေခဲ့သမျှကို မဖြေလျော့ပေးနိုင်ပေ။ နောက်တော့ ပေါ့ပေါ့ပါးပါးဖြစ်မဲ့ အိမ်နေရင်းအဝတ်အစားတို့ကိုသာ ရွေးချယ်ဝတ်ဆင်ပြီး ထမင်းစားခန်းသို့ တဖန်ပြန်ထွက်လာလေသည်။ မာမီသည် ထမင်းစားပွဲမှာ ဟင်းတွေကိုအဆင်သင့်ပြင်ရင်းစောင့်ဆိုင်းလို့နေလေပြီ။ ချက်ထားသမျှတို့သည် မာမီ့လက်ရာလား အိမ်ကိုနေ့တိုင်းအလုပ်လာလုပ်နေကျ အဒေါ်ကြီးရဲ့လက်ရာလား မဝေခွဲနိုင်။

"ရုံးမှာဘယ်လိုနေလဲ။ အဆင်ပြေရဲ့လား။"

ထမင်းစားပွဲဝိုင်းထဲဝင်ထိုင်ပြီး ထမင်းထဲထမင်းလုတ်မသွင်းခင်မှာပင် မေးလာတဲ့မေးခွန်း။ စိတ်ထဲထင့်ခနဲဖြစ်သွားသော်လည်း ပါးစပ်နားရောက်နေပြီဖြစ်တဲ့ ထမင်းလုတ်ကို ဇွန်းနှင့်တွန်းထည့်ရင်း ပြန်ဖြေလိုက်သည်။

"ဒီလိုပါပဲ။ နည်းနည်းကတောက်ကဆလေးတွေတော့ရှိတာပေါ့။"

"အင်းပေါ့။ အခုကရွေးကောက်ပွဲလည်းနီးနေပြီဆိုတော့နည်းနည်းပင်ပန်းမှာပေါ့။"

မာမီ့ဆီက အယောင်ပြနှစ်သိမ့်စကားကထိုမျှလောက်သာ။ ဒီနေရာအထိ ဥက္ကာမင်းပိုင်ကိုတွန်းတင်ခဲ့ခြင်းရဲ့နောက်ကွယ်တွင် ဘယ်လိုအကျိုးအမြတ်ရရှိမလဲဆိုတာကလွဲလို့ မာမီဘာမှစိတ်မဝင်စားပါ။ ဒါတွေကိုရိုးနေပြီဖြစ်တဲ့ ဥက္ကာမင်းပိုင်ကတော့ မာမီ့ရဲ့ထင်မြင်ချက်ကို ဘာမှပြန်မပြောပါ။ အစာစားတတ်တဲ့စက်ရုပ်တစ်ရုပ်နှယ် ထမင်းကိုသာ တိတ်တိတ်ဆိတ်ဆိတ်ထိုင်စားလို့နေသည်။

ANTI ALPHAOù les histoires vivent. Découvrez maintenant