ရှေ့မှာခေါင်းလျှော်ရည်ဘူးရောင်စုံကိုချထားလျက် ထိုပစ္စည်းများအလယ်တွင် အဲရစ်လင်းသည် ကျော့ကျော့ ကလေးထိုင်နေပေသည်။ အောက်ကအဖြူရောင်ဘောင်းဘီရှည်နှင့် ဝတ်ထားတဲ့ နို့နှစ်ရောင်ပိုးအင်္ကျီသည် အဲရစ်လင်း၏့ကိုယ်လုံးထက်တွင်ခပ်အိအိကလေး ပုံကျလို့နေသည်။ Photo Shooting Concept အရ ဘေးပတ်လည်မှာဝိုင်းထားသော ကင်မရာမီးအလင်းတို့အောက် လန်းဆန်းတက်ကြွတဲ့ မျက်နှာမျိုး အသွင်ဆောင်ထားသော်လည်း အဲရစ်လင်း၏မျက်လုံးတွေက မှုန်မှိုင်းလို့နေလေသည်။
"ဟုတ်ပြီ။ ပြုံးထားမယ်နော်။ ပြုံးမယ်။"
သန့်ပိုင်သည် ဘေးမှာရပ်နေရင်းဆရာ့အခြေအနေကို စိတ်မသက်မသာဖြင့်သာ လက်ပိုက်ကြည့်နေမိသည်။
"လုံးဝစိတ်ထဲမှာကြည်လင်လန်းဆန်းနေသလိုမျိုးလေးကို အစွမ်းကုန်ပြုံးလိုက်။"
အဲရစ်လင်းသည် ပြုံးတော့ပြုံးလိုက်သည်။ သို့သော် နှုတ်ခမ်းစွန်းနှစ်ဖက်ကို ပါးမှာ ချိတ်နှင့်တက်ချိတ်ထားလိုက်သည့် အပြုံးမျိူးသာ။ နည်းနည်းမှအသက်မဝင်ပေ။
"ကဲ..ဓာတ်ပုံရိုက်တာ ခဏနားမယ်။ မိတ်ကပ်ကိုနည်းနည်းထပ်ဖို့ပေးလိုက်ဦး။"
ဓာတ်ပုံဆရာက ကင်မရာကိုချကာ လှမ်းပြောသည်နှင့် အသင့်ရှိနေသော Stylist သည် အဲရစ်လင်းဆီသို့ အပြေးလေးရောက်သွားလေသည်။ ထို့နောက် ကျနေတဲ့မျက်တွင်းတွေကို Concealer နည်းနည်းထပ်တို့ကာ ပေါင်ဒါဖြင့်အသာအယာ ပြန်လည်ဖုံးဖိပေးနေသည်။
ဓာတ်ပုံဆရာကတော့ ရိုက်ထားတဲ့ပုံတွေကို စိတ်တိုင်းမကျတဲ့နှယ် ဟင်းခနဲ သက်ပြင်းချသည်။ ပုံမှန် ဓာတ်ပုံဆရာနှင့်အမြဲလို ပြန်ညှိဆွေးနွေးကာကြည့်တတ်တဲ့ဆရာသည် အခုတော့ထိုင်နေရာမှကို မထတော့။ ကင်မရာချိန်တဲ့အချိန်တစ်ချက်မှအပ မျက်မှောင်ကိုလည်း တစ်ချိန်လုံးကြုံ့ကာထားသည်။ လုံးဝကြည်လင်လန်းနေရမဲ့ Concept ပါဆို ဒီမျက်နှာထားနဲ့ဘယ်လိုအလုပ်ဖြစ်တော့မလဲ။
နောက်ဆုံးသန့်ပိုင်သည် ဒီတိုင်းမတ်တတ်မနေနိုင်တော့ဘဲ ဆရာ့နားသို့ပြေးသွားကာ မေးလိုက်သည်။
