Part-36-Unicode

1K 123 15
                                        


ဧည့်ခန်းထဲမှာ အဖြူရောင်ဆိုဖာပေါ်မှာ အဲရစ်လင်း တစ်ယောက်တည်းလဲလျောင်းရင်း တိတ်ဆိတ်စွာနှင့် ငြိမ်သက်နေမိသည်။ မှောက်လျက်နှင့် လက်ရမ်းတစ်ဖက်ပေါ် မေးလေးတင်ထားတာမို့ နဂိုထက်အတော်လေး ပိန်ကျသွားတဲ့ကိုယ်လုံးလေးဟာ သွယ်ပျောင်းစွာဖြင့် ဆိုဖာပေါ်ငြိမ်လျက်သားလေး။

ဘာမှလုပ်ချင်စိတ်လည်း မရှိတာမို့ အိမ်အကူအဒေါ်ကြီးထွက်သွားတာကိုတောင် မနှုတ်ဆက်ဖြစ်လိုက်။ အသက်မဲ့သောမျက်ဝန်းပြာတွေက ကြမ်းပြင်ပေါ်မှာသာ တောက်လျှောက်ရှိနေပြီး လက်ချောင်းလေးက စားပွဲပေါ်မှာတင်ထားတဲ့ ဖန်တုံးလေးကို တတောက်တောက်နှင့် အကြောင်းမဲ့ ခေါက်နေမိသည်။

Villa ကိုပြန်ရောက်လာတာ ဘယ်နှရက်လောက်ရှိပြီတဲ့လဲ။ မှတ်တာမမှားရင်တော့ နှစ်ရက်သုံးရက်လောက်တော့ ရှိပြီလားမသိ။

သန့်ပိုင်ဆီကလည်း စောင့်ကြည့်တာကိုလည်း မခံလိုသလို စိတ်အေးလက်အေးနားချင်လို့ ဒီပြန်လာပေမဲ့ နှလုံးသားကတော့ မအေးချမ်းနိုင်ပါ။ နောက်ဆုံးတစ်ခါ ဒီပြန်ရောက်လာတုန်းက လှေကားပေါ်က စိတ်ဆိုးမာန်ဆိုးနဲ့ ဆင်းလာတဲ့ မိုရ်လေးရဲ့ ပုံရိပ်တွေ။

ပုံမှန် ကိုယ့်ခံစားချက်တွေကို ခေါင်းစဉ်မတပ်လိုပေမဲ့ မိုရ်လေးမရှိတဲ့နောက် အထီးကျန်တယ်လို့ ပိုခံစားလာရသည်။

တကယ်တော့ အရင်ကတည်းကလည်း တစ်ယောက်တည်းပါပဲ။ အမေ့အတွက်လည်း အဲရစ်လင်းဟာ အဖေ့ဆီမှာ အသိအမှတ်ပြုခံရဖို့ အသုံးချခံပစ္စည်းတစ်ခုထက် မပိုခဲ့တဲ့နောက် ဘ၀တလျှောက်လုံး တစ်ယောက်တည်းပဲဖြစ်နေခဲ့တာ။ ဒါပေမဲ့ တစ်ယောက်ယောက်က ကိုယ့်အနားမှာ တောက်လျှောက်ရှိနေပြီးမှ ရုတ်တရက်ထွက်သွားတဲ့ လစ်ဟာမှုမျိုးက တကယ့်ကိုဆိုးရွားလွန်းလှသည်။

"ဟင်း..."

သက်ပြင်းရှည်ကြီးကို တမေ့တမောချလိုက်ရင်း မှောက်လျက်မှ ကိုယ်လုံးကိုလှည့်လိုက်တော့ အကြည့်တွေကခြံဝန်းထဲသို့ ရောက်သွားလေသည်။ ဧည့်ခန်းပတ်ပတ်လည်ကို နံရံအစား မှန်တွေနဲ့သာ အလှဆင်ထားတာမို့ တန်းပြီးလှမ်းမြင်ရတဲ့ ခြံထဲက ရေကူးကန်။ အဲ့ထဲမှာ ယက်ကန်ယက်ကန်နဲ့ ရေနစ်မလိုဖြစ်တဲ့ တစ်ယောက်သောသူကို သတိရလိုက်တော့ နှုတ်ခမ်းလေးတွေ ရုတ်ချည်းကွေးသွားလေသည်။ အရပ်ခြောက်ပေကျော်နဲ့ သုံးပေကန်မှာ ရေနစ်မလို ဖြစ်တာ မိုရ်ကလွဲလို့ ဘယ်သူမှ မရှိဘူးထင်ပါရဲ့။

ANTI ALPHAWhere stories live. Discover now