"မင်းအခုမှရောက်တယ်ဟုတ်လား။ ဟမ်။ မိုးထက်မိုရ်!"
မိုးထက်မိုရ်သည် ဖုန်းကနေ တစ်လံလောက်လွင့်ထွက်သွားမလိုပင်။ အူထွက်သွားသော နားကို ကလော်ထုတ်ပြီးတော့မှ မဝံ့မရဲအသံလေးနှင့် ပြန်ဖြေရသည်။
"ကျွန်တော်လမ်းမှာကားတွေအရမ်းပိတ်နေလို့ပါ။ ဂျာကြီးရာ။"
မိုးထက်မိုရ်လည်း ဘယ်သိမလဲ။ တနင်္ဂနွေနေ့ကြီးကားကျပ်မယ်လို့မှ မထင်ခဲ့တာ။
"သူ့ Talk Show ကသွားတဲ့သူအဲ့လောက်များတာ။ ပိတ်မှာပဲ။ အဲ့တာမို့အစောကြီးထဲက သွားစောင့်နေလို့ငါမင်းကိုပြောတယ်မဟုတ်လား။မင်းငါ့စကားကိုသောက်ရေးမစိုက်တာလေ။"
အဲ့လိုတော့လည်းမဟုတ်ပါဘူးဆိုပေမဲ့ နည်းနည်းတော့လည်း ဟုတ်နေပြန်တယ်။ တကယ်တမ်း တက္ကစီနဲ့လာသင့်တာ။ ပိုက်ဆံနှမြောပြီး ဘတ်စ်ကားစီးမလာသင့်ဘူး။ ထားပါတော့။ ပြန်ပြောနေရင်ပြီးတော့မှာမဟုတ်ဘူး။
"မင်းသူ့ဓာတ်ပုံလေးမှမရလာရင် မနက်ဖြန်အလုပ်ထွက်စာသာလာတင်လိုက်။ဒါပဲ။"
တီခနဲကျသွားပြီဖြစ်တဲ့ ဖုန်းလေးကိုကြည့်ရင်း မိုးထက်မိုရ် ဟင်းခနဲသက်ပြင်းသာချလိုက်လေသည်။ ဒါပေမဲ့ သက်ပြင်းချရုံနဲ့ ပြီးသွားမဲ့ ဇာတ်လမ်းမဟုတ်။ နောက်ဆုံး Warning ပေးသွားတယ်မလား။ ဓာတ်ပုံတော့သေချာပေါက်ရအောင် ယူရမယ်။ အဝင်တုန်းကမမှီရင်တောင် ခုအထွက်လေးတော့ မှီမှာပဲ။
လက်ကနာရီကိုကြည့်ပြီး စိတ်ထဲကနေ ကိုယ့်ဘာကိုယ်အားပေးလိုက်ရင်း မိုးထက်မိုရ် ဘတ်စ်ကားဂိတ်ကနေ Talk Show ရှိရာ TV Station ဆီဦးတည်လိုက်သည်။ ဓာတ်ပုံလောက်တော့ ရအောင်ယူမယ်ဆိုပြီး မိုးထက်မိုရ်တွေးခဲ့ပေမဲ့ TV Station ရှေ့မှာရပ်နေတဲ့လူအုပ်ကြီးကိုမြင်လိုက်ရတဲ့အချိန်မှာ စိတ်ဓာတ်ကအဝီစိကိုထိုးဆင်းသွားလေသည်။ တကယ်တော့ အဲရစ်စ်လင်းဆိုတဲ့ ရုပ်ချောချောစာရေးဆရာကို မိုးထက်မိုရ်တကယ်ကြီးလျှော့မတွက်ခဲ့သင့်တာ။
"နည်းနည်းလောက်ဗျ..နည်းနည်းလောက်။"
ခပ်ထွားထွားကိုယ်လုံးကို ကျုံ့ရုံ့ရင်း လူအုပ်ထဲဝင်ဖို့ ကြိုးစားသော်လည်း ဘယ်မီဒီယာကမှ မိုးထက်မိုရ်ကိုဖယ်ပေးဖို့ အစီအစဉ်ရှိနေပုံမပေါ်ပေ။ မိုးထက်မိုရ်ကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး တချို့ဆို နှာခေါင်းတောင်ရှုံ့သွားကြသည်။လူတွေများခက်တယ်။ အတင်း ဗလကိုအားကိုးပြီး ဝင်တိုးလိုက်ရင်လည်း Alpha ဖြစ်ပြီးမညှာတာဘူးဖြစ်ဦးမယ်။