မိုးထက်မိုရ်သည် ပါးစပ်ကနေ လက်လွတ်စပယ်ရေရွတ်လိုက်မိပြီးတော့မှ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်မိတော့သည်။ ပြောလို့ရတာမဟုတ်ဘူး။ Alpha တွေနဲ့ပတ်သက်ပြီး ဒီလောက် အဆင့်အတန်းခွဲခြားတဲ့လူ။ သူ့နာမည်ကို Alpha တွေခေါ်ခွင့်မရှိဘူးတို့ ဘာတို့ လာရင်လာဦးမှာ။
အနက်ရောင်ကိုယ်ကျပ်အကျႌကို လည်ပင်းအပြည့်ဝတ်ထားပြီး အဖြူရောင်ခေါင်းလောင်းဘောင်းဘီကို Tennel Brand ခါးပတ်နှင့် တွဲဝတ်ထားလေတဲ့ ခပ်မတ်မတ် သဏ္ဏာန်ကတော့ အရှေ့မှာရှိနေတုန်းပင်။ Wolf Cut ဆံပင်အလွှာလေးတွေကတော့ နဖူးပြင်မှစပြီး ပခုံးတစ်ဖက်တစ်ချက်ဆီသို့ ခပ်ဝဲဝဲ။ ထိုအနက်ရောင် ဆံနွယ်တွေ ဖုံးကွယ်ထားတဲ့အောက်က တစ်စွန်းတစ်စ မြင်နေရတဲ့ ငွေရောင်နားဆွဲရှည်ရှည်လေးက ရှည်သွယ်သွယ်မျက်နှာနှင့် လိုက်ဖက်ညီစွာ တည်ရှိနေလေသည်။ ထိုလူသားသည် မိုးထက်မိုရ်ကိုမြင်သွားချိန်မှာ မျက်ခုံးတွေက အလိုအလျောက်ပင် တွန့်ချိုးသွားလေသည်။
အစကတော့ မိုးထက်မိုရ်ထင်လိုက်တာက ဓာတ်လှေကားထဲမှာ Alpha တစ်ယောက်ကိုတွေ့လိုက်ရရင် အထူးသဖြင့် မိုးထက်မိုရ်ကို တွေ့လိုက်ရလျှင် ဝင်တော့မလာလောက်ဘူးလို့ပေါ့။ သို့သော် မှန်းချက်နှင့် နှမ်းထွက်မကိုက်စွာပင် အဲရစ်စ်လင်းသည် မျက်နှာကိုမော့ကာ ခပ်တည်တည်ပင် ဓာတ်လှေကားထဲကို ဝင်လာလေသည်။
ဒါငါသွားကို သွားရမဲ့ လမ်း..ဘယ်သူရှိနေနေဂရုမစိုက်ဘူး..မကျေနပ်ရင်နင်ထွက်သွားဆိုတဲ့ မျက်နှာပေးမျိုးနှင့်။
မိုးထက်မိုရ်မှာတော့ အဲရစ်စ်လင်း ဝင်လာသည်နှင့် ကိုယ်လေးကိုကျုံ့ကာ အလိုလိုပင် ဓာတ်လှေကားဘေးဘက်ကို အသာလေး တိုးကပ်သွားရသည်။ ပြီးတော့ ကိုယ့်ကိုယ်ကို တစ်ချက်နှစ်ချက်လောက် ကောက်နမ်းလိုက်မိသေးသည်။ တလောက မင်းသုံးထားတဲ့ ရေမွှေးနံ့ကအရမ်းဆိုးရွားတာပဲဆိုတဲ့ အဲရစ်စ်လင်းရဲ့ စကားက မိုးထက်မိုရ်ကို ခုထိ ထရော်မာပေးနေဆဲပင်။
အဲရစ်စ်လင်းဝင်လာပြီး သိပ်မကြာခင်မှာပဲ ဓာတ်လှေကားကလည်း အပေါ်သို့ ထိုးတက်သွားလေသည်။ မိုးထက်မိုရ်မသိမသာလှမ်းကြည့်လိုက်တော့ သူနှိပ်ထားတဲ့နံပါတ်က မိုးထက်မိုရ်သွားလိုတဲ့ စားသောက်ဆိုင်အလွှာထက် တစ်လွှာပဲပိုနိမ့်သည်။ အဲ့တော့ ငါက သူ့ရှေ့ကအရင် ဘယ်လိုမှ ရှောင်ထွက်လို့မရဘူးဆိုတဲ့ သဘောပေါ့။
