စားပွဲထိုးနောက်ဆုံးလာချတဲ့ ဟင်းပွဲနောက်မှာ ငါးကင်နံ့မွှေးမွှေးလေးက ကပ်ပါလာသည်။ မိုးထက်မိုရ်သည် ထိုအနံ့လေးကို တဝကြီးရှုရှိုက်လိုက်ရင်း စိတ်ထဲတက်ကြွလန်းဆန်းသွားသလို ခံစားသွားရလေသည်။ အောက်ကိုငုံ့ကြည့်လိုက်တော့ စားပွဲပေါ်မှာက စားစရာတွေကအလျှံပယ်။ ခုနကမှ လာချသွားတဲ့ ဆာဘာငါးကင်မွှေးမွှေးလေးရယ်၊ ကင်ချီဟင်းရည်ရယ်၊ ဝက်ဂုတ်သားကင်ရယ်၊ ကြက်ဥပန်ကိတ်ရယ်၊ ငါးသားချောင်းပြုတ်ရယ်၊ တော့ပိုကီရယ်၊ပြီးတော့ ထမင်းတစ်လုံးရယ်။
တူကိုဆွဲယူပြီးတော့ စားဖို့ကောက်ပြင်လိုက်ချိန်မှာပဲ ရှေ့မှာ ငုတ်တုတ်ကြီးလက်ပိုက်ထိုင်နေတဲ့ သူကို သတိထားမိသွားရတော့ ပါးစပ်ထဲဝင်တော့မဲ့ ထမင်းလုတ်က ဖလွတ်ခနဲ ပြုတ်ကျသွားလေသည်။
"ခင်ဗျားရောမစားဘူးလား။"
မေးသာမေးလိုက်ရတာ။ မက်စ်ကိုလည်း မချွတ်၊ နေကာမျက်မှန်လည်း မချွတ်၊ ဦးထုပ်တောင် မချွတ်တဲ့ပုံနဲ့ စားလို့ရမယ်လည်းမထင်ပါဘူး။ ထင်တဲ့အတိုင်း အဲရစ်စ်လင်းသည် ခေါင်းကိုသာ ခပ်လေးလေးခါရမ်းပြလေသည်။ ထိုအခါမှ ပလတ်စတစ်အမိုးမျှသာကာထားတဲ့ လမ်းဘေးဆိုင်လေးကို လှည့်ပတ်ကြည့်ရင်း မိုးထက်မိုရ်မေးလိုက်မိသည်။
"ဒီလိုဆိုင်တွေက ခင်ဗျားအတွက် ထိုင်လို့အဆင်ရောပြေရဲ့လား။"
တကယ်က အဲ့မေးခွန်းကို ဒီဆိုင်ထဲဝင်မလာခင်ကတည်းကမေးခဲ့သင့်တာ။ အဲ့တုန်းက ဗိုက်ဆာတာ တစ်ခုပဲခေါင်းထဲရှိပြီး နီးရာဆိုင်ကိုပဲ ဝင်ချလာလိုက်တာ။ ခုမှတော့ မှာသမျှတွေက အကုန်ရောက်ပြီးနေတဲ့အပြင် စားရုံပဲကျန်တော့တာလေ။ အခုမှလောကွတ်လာချော်နေတဲ့ မိုးထက်မိုရ်ကို အဲရစ်စ်လင်းကလည်း ခပ်ပြတ်ပြတ်သာပြန်ပြောသည်။
"မျိုစရာရှိတာမျို၊ လျှာမရှည်နဲ့။"
မျက်နှာလေးငယ်ကျသွားတဲ့ မိုးထက်မိုရ် စကားဆက်မရှည်ဝံ့တော့။ သူများကတော့ သူလည်းဆာနေမှာစိုးလို့မေးတာကို။
သို့သော် ထိုငိုမဲ့မဲ့မျက်နှာလေးသည် အောက်ကအစားအသောက်တွေကိုလည်း မြင်ရော ပြုံးဖြီးသွားလေသည်။ ထို့နောက် မိုးထက်မိုရ်သည် အဲရစ်စ်လင်းတစ်ယောက်လုံး ရှေ့မှာရှိနေသည်ကိုပင် သတိမထားနိုင်မိတဲ့လောက်ထိ အစားအသောက်ကိုသာ သည်းကြီးမည်းကြီးကုန်းရုန်းစားတော့သည်။