"ကျွန်တော့်ဘာသာ ဘာသောက်သောက်ပေါ့။"
ထိုအူကြောင်ကြားဆရာဝန်အတွက် သန့်ပိုင်အယဉ်ကျေးဆုံးတုံ့ပြန်လိုက်သော စကားပင်။ ထို့နောက် ကောင်တာမှာပင် ကျသင့်ငွေကိုရှင်းပေးခဲ့ပြီး ပြန်အမ်းငွေကိုပင် မစောင့်ဘဲ သန့်ပိုင်ချက်ချင်းထွက်လာခဲ့သည်။ ဒါနဲ့တောင် ထိုဆရာဝန်ကသာ ဂျူတီကုတ်ကြီးနဲ့ကို အရက်ပုလင်းတန်းလန်းနဲ့ အရှက်မရှိ နောက်ကလိုက်ခေါ်နေသေးသည်။
"ဟေး။ ဘယ်သွားမလို့လဲ။ ငါ့ကိုလမ်းကြုံလိုက်ပို့လို့မရဘူးလား။"
"ခင်ဗျားကိုစေတနာမရှိဘူး။"
ရပ်ထားတဲ့ကားတံခါးကို ဆွဲဖွင့်လိုက်ရင်း ခပ်ပြတ်ပြတ်ပင်ငြင်းဆိုလိုက်သည်။
"ဘာစေတနာမရှိတာလဲ။ အဲ့တာမင်းဆရာရဲ့ကားပဲကို။"
စိတ်တိုတိုနဲ့ သက်ပြင်းများပင်မှုတ်ထုတ်လိုက်မိသည်မှာ ရှေ့ဆံပင်တွေပါ လေပေါ်ဝဲပျံတက်သွားရသည်။ ဆရာ့လက်ထောက်အနေနဲ့သွားရေးလာရေး အဆင်ပြေချောမွေ့စေရန် ဆရာက သန့်ပိုင်ကို ကားတစ်စီးပေးထားသော်လည်း ကိုယ့်ကားမဟုတ်တဲ့အလျောက် သန့်ပိုင်ခမျာ ငြင်းဆိုပိုင်ခွင့်ရှိဟန်မတူပေ။ ထိုသူဟာ ဆရာ့မိတ်ဆွေလည်း ဖြစ်နေသေးသည်မဟုတ်ပါလား။
နောက်ဆုံးတော့လည်း အရှက်မရှိ ကားပေါ်တက်ပြီး Lover Seat မှာခပ်တည်တည်နဲ့ဝင်ထိုင်နေတဲ့ ထိုဆရာဝန်ကို သန့်ပိုင်မှာမျက်ထောင့်နီနှင့် မကျေမချမ်းကြည့်ရုံသာ တတ်နိုင်လေသည်။
"အိမ်ကဘယ်နေရာလဲ။ပြော။"
သန့်ပိုင်မေးတာကို ချက်ချင်းပြန်မဖြေ။ ဆိုဂျူပုလင်းကိုကလေးနို့ဘူးစို့သလို စို့နေရင်း ကားထဲကို ဟိုဟိုဒီဒီလှည့်ပတ်ကြည့်နေသေးသည်။ အတန်ကြာမှ သန့်ပိုင်ရှိရာဆီ လှည့်ကြည့်လာပြီး
"မင်းဘယ်မှာနေတာလဲ။"
"ခင်ဗျားရဲ့အိမ်လိပ်စာပြောပြခိုင်းနေတာ။ ကျွန်တော့်လိပ်စာကိုမေးနေတာမဟုတ်ဘူး။"
ဟော..ထပ်ပြီးတစ်ဖက်ကိုလှည့်သွားပြန်ပြီ။ ဖြေဖို့အရေး တမင်အချိန်ဆွဲနေသလိုမျိုး။ တကယ်ပါ..ဆရာ့ရဲ့မိတ်ဆွေသာမဟုတ်လို့ကတော့ ငါတကယ်ဒီကားပေါ်ကနေ ဆောင့်ကန်ချပြီးပြီ။