"ဆရာ။ ဆရာ။"
မျက်လုံးနှစ်ဖက်လုံး ပြည့်ပြည့်ဝဝမဖွင့်နိုင်သေးခင်မှာပဲ ကြားနေရတဲ့ အသံ။ မျက်တောင်ရှည်တွေကို အားယူလှုပ်ခတ်ရင်း အဲရစ်လင်းမျက်လုံးဖွင့်ဖို့ကြိုးစားမိသည်။ ဝေ၀ါးနေတဲ့မြင်ကွင်းထဲမှ တဖြည်းဖြည်းပီပြင်ပြတ်သားလာတဲ့မျက်နှာ။
"အား! ဆရာသတိရလာပြီ!"
"ဖယ်စမ်းပါ။"
ကိုယ်ပေါ်ကိုကုန်းရုန်းတက်ခွလာတဲ့ သန့်ပိုင်ကို အဲရစ်လင်း တွန်းဖယ်ပစ်လိုက်မိသည်။ ဆောင့်တွန်းခံလိုက်ရတဲ့ သန့်ပိုင် မှာတော့ စိတ်မဆိုးနိုင်။ မနေ့ညကထက်စာရင် သွေးရောင်လွှမ်းလာတဲ့ မျက်နှာလေးကို ကြည့်ရင်း ဝမ်းသာပက်လက်နှင့် မျက်ရည်ပင်မဆယ်နိုင်််ပေ။ တကိုယ်လုံးအားမရှိသလို ကိုက်ခဲနေဆဲ အဲရစ်လင်းကတော့ ပက်လက်လှန်နေရာမှ ထပြီး ခပ်ကုန်းကုန်းလေးသာ ထိုင်နေနိုင်သည်။
"ကျွန်တော်ဆရာဝန်တွေကိုသွားပြောလိုက်ဦးမယ်။"
"ခဏ.."
ဝမ်းသာပျော်ရွှင်စွာဖြင့် အပြင်ကဆရာဝန်တွေကို ခေါ်ဖို့ လုပ်နေတဲ့ သန့်ပိုင်သည် အဲရစ်လင်းလှမ်းခေါ်သံကြောင့် တွန့်သွားလေသည်။
"ဟုတ်။ ဆရာဘာပြောမလို့လဲ။"
"ဘာမှမဟုတ်ဘူး။ ထားလိုက်တော့။"
တစ်ခုခုမေးမည်ပြင်ပြီးမှ အဲရစ်လင်းသည် လက်သာခါပြလိုက်သည်။ မျက်လုံးထဲမှာ စွဲနေသည်ကတော့ သတိမလစ်ခင်အချိန်လေးမှာ စိုးရိမ်တကြီး ငုံ့ကြည့်နေခဲ့တဲ့ မျက်နှာလေး။
ထားပါ။ ပါးကိုဒီလောက်နင်းကန်ချထားတာ ဘယ်ကောင်မှ မျက်စိရှေ့တော့ ပြန်ရောက်မလာရဲလောက်ပါဘူး။ ငါကိုက သွေးရူးသွေးတန်းနဲ့ လျှောက်မြင်တာနေမှာ။
"ဒါဆိုကျွန်တော်ဆရာဝန်သွားခေါ်လိုက်ဦးမယ်နော်။ ပြီးရင် ဆရာ့အတွက်စားဖို့ပါ တစ်ခါတည်းဝယ်ခဲ့လိုက်မယ်။"
သန့်ပိုင်သွားပြီးမကြာခင်မှာပင် သူနာပြုဆရာမတစ်ယောက်ရောက်လာသည်။ စစ်ပေးတော့ သွေးပေါင်လည်း ငြိမ်နေသလို အဲရစ်လင်းရဲ့အခြေအနေသည် အကုန်ပုံမှန်ပင်။ သန့်ပိုင်သည် မနက်ခင်းမှာ တေးဆိုနေတဲ့ ငှက်လေးတစ်ကောင်လို ရွှင်လန်းတက်ကြွစွာဖြင့်ပင် အဲရစ်လင်းအတွက်နေ့လည်စာကို ပြင်ပေးလို့နေလေသည်။ အဲရစ်လင်းကတော့ သန့်ပိုင် သီချင်းဆို နေတာကို နားညည်းရတဲ့အထဲ တီဗွီမှာပေါ်လာတဲ့ သတင်းတွေကိုအလိုမကျဖြစ်ကာ မျက်မှောင်ကြီးကိုကုတ်လျက်။
![](https://img.wattpad.com/cover/354478467-288-k689189.jpg)