"အိုး..လူစုံတက်စုံပါပဲလား။"
အခန်းထဲကိုဝင်ဝင်ချင်း စောင့်နှင့်နေပြီဖြစ်သော လူနှစ်ယောက်ကို သန့်လွင်ဦး နှုတ်ဆက်လိုက်လေသည်။ အထူးတလည် အံ့ဩသမှူတော့ မပြဖြစ်ပါ။
"အဲရစ်လင်းပျောက်လို့ လာရှာတာဆိုရင်တော့ ငါသူ့ကို ခုနကပဲလမ်းမှာတွေ့လို့ Villaကိုလိုက်ပို့ပေးခဲ့ပြီးပြီနော်။"
ပြောပြီးတော့ ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည့်တိုင် မြတ်ကေသရီရော သန့်ပိုင်ရော တုပ်တုပ်မှမလှုပ်။ အတန်ကြာသည်ထိ ဘာအသံမှထွက်မလာတဲ့အခါမှာတော့ သန့်လွင်ဦးသည် စာအုပ်တွေကိုရှာဖွေလှန်လှောနေရာမှ မျက်လုံးဝင့်ကြည့်မိလေသည်။
"ဘာလို့လဲ။ သူပျောက်လို့ လာရှာတာမဟုတ်ဘူးလား။"
မြတ်ကေသရီဆီက ဟူးခနဲ သက်ပြင်းချသံကြီးကအရင်ထွက်ပေါ်လို့လာလေသည်။ ကျောက်ရုပ်လို ငြိမ်သက်တိတ်ဆိတ်နေတဲ့ သန့်ပိုင်ကိုကြည့်ရတာကလည်း အခြေအနေမကောင်းလှ။ သူတို့နှစ်ယောက်ရဲ့ခုလက်ရှိမျက်နှာအိုကြီးတွေအရ ခုနကသာ အဲရစ်လင်းကို လိုက်ပို့ပေးခဲ့တဲ့သူက သန့်လွင်ဦးမဟုတ်ခဲ့လျှင် အဲရစ်လင်းသေသွားလို့များလားလို့ တွေးမိလောက်တဲ့အထိ။ အတော်ကြာတော့မှ မြတ်ကေသရီဆီကနေအသံထွက်လာလေသည်။
"ကျွန်မတို့ အဲရစ်ကို Bond လုပ်တဲ့ Enigma ကိုရှာတွေ့သွားပြီထင်တယ်။"
"ဝိုး။ ဘယ်သူများလဲ။"
သန့်လွင်ဦး မျက်လုံးတွေဖျတ်ခနဲအရောင်လက်သွားကာ မျက်မှန်ကိုပင် ပင့်တင်ကာမော့ကြည့်လိုက်မိသည်။ ကြည့်ရတာ အဲရစ်လင်း Alpha တစ်ယောက်နဲ့တွေ့လာတယ်ဆိုတာကို သိတဲ့သူက သန့်လွင်ဦး တစ်ယောက်တည်းမဟုတ်ဘူးထင်ပါရဲ့။ စိတ်ထဲကလည်း လောလောလတ်လတ်ကမှ အဲရစ်လင်းဆီကနေ ရခဲ့တဲ့ Pheromone နံ့ကို အမှတ်ရမိသွားလေသည်။ နှစ်ချို့ဝိုင်တစ်ခွက်ရဲ့ ပြင်းရှရှ အနံ့မျိုးပါပဲလေ။
မြတ်ကေသရီကတော့ သန့်ပိုင်ကို နင်ပဲပြောလိုက်ဆိုတဲ့အထာနဲ့ မျက်စလှမ်းပြပစ်သည်။ ထိုမျက်နှာထားကို ဖမ်းမိလိုက်သူ သန့်လွင်ဦးကတော့ သန့်ပိုင်ဆီသို့အကြည့်ရောက်သွားလေသည်။
