Unicode
လန့်ထိတ်သွားကြတဲ့လူတစ်စု နဲ့ မနာလိုဖြစ်နေသော ယွင်ယင်း
_______________________________ယွင်ယင်း ဝေ့ရွှင်းကိုမတွေ့ရတာ အတော်လေးကြာနေပြီဖြစ်သည်။ သူမက ဝေ့ရွှင်းတို့ထက်တစ်နှစ်ငယ်တာကြောင့် အခုလိုမျိုး ဝေ့ရွှင်း လင်ရှီးကျယ်တို့နဲ့ စုဆုံမှသာ မျက်နှာလေးကိုတွေ့ခွင့်ရှိပြီး ကျန်တဲ့အချိန်တွေက Breaktimeမှာ သူမအစ်ကိုကိုလာတွေ့သလိုလို ဘာလိုလိုနဲ့ ဝေ့ရွှင်းကို သာကြောင်းမာကြောင်း လာလာပြောပြီး စကားစဖို့သာတတ်နိုင်သည်။ ၁၆နှစ်အရွယ်ရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့နှလုံးသားက သစ်ရွက်ကြွေလျှင်တောင် ခိုးခိုးခစ်ခစ်ထရယ်တတ်သည့်အရွယ်ဖြစ်တာကြောင့် ဝေ့ရွှင်းကိုမြင်ပါများတော့ စိတ်မှာချစ်ကျွမ်းဝင်လာလေသည်။ သူမက ဝေ့ရွှင်းရဲ့နောက်ခံမိသားစုအခြေအနေကိုလည်း မိုက်တယ်လို့ထင်ပြီး ဝေ့ရွှင်းရဲ့အရပ်ပဲကြည့်မလား၊ ရုပ်ရည်ပဲကြည့်မလား၊ အမှတ်တွေပဲကြည့်မလား ဘာမဆိုအပြစ်ရှာစရာမရှိလောက်အောင် မိမိုက်နေသော ဝေ့ရွှင်းအား သဘောမကျမိပဲဘယ်နေပါ့မလဲ။ ထို့အပြင် တဖက်လူရဲ့ ဘယ်သူ့ကိုမဆိုအေးတိအေးစက် ဆက်ဆံပုံကလည်း သူ့စတိုင်နဲ့သူကြည့်ကောင်းသည်ဟုထင်မိသည်။
သူမ ပတ်ပတ်လည်က ရွယ်တူကောင်လေးတွေထက်စာလျှင် သူမထက်တစ်နှစ်ကြီးသည့်ဝေ့ရွှင်းက အားလုံးကြားထဲ ထင်းထွက်နေခဲ့သည်။ ဝေ့ရွှင်းရဲ့ အေးတိအေးစက်နိုင်ပုံကိုလည်း ဒီအသက်အရွယ်အထိ စိတ်ရောကိုယ်ပါနှစ်ပြီး ချစ်ပေးမဲ့လူမရှိသေးလို့ ဟု ကောက်ချက်ချလိုက်ကာ သူမသာ သူမရဲ့နွေးထွေးတဲ့အချစ်တွေနဲ့ အနွေးဓာတ်ပေးလိုက်လျှင် ဝေ့ရွှင်းက ကျိန်းသေပေါက် ဇာတ်ကားထဲက ဇာတ်လိုက်မင်းသားနဲ့ မင်းသမီးလိုမျိုး သူမကိုသေခေါင်ပေါင်းလဲချစ်ပြပြီး နူးညံ့လာလိမ့်မည်ဟု ထင်မှတ်ထားလေသည်။
သူမ ဝေ့ရွှင်းကို စသဘောကျခဲ့တာ အထက်တန်း ပထမနှစ်ကတည်းကဖြစ်ပြီး သူမဘယ်လောက်အထိကြိုက်နေကြောင်း ဖွင့်ပြောရမှာကို ရှက်လို့သာ စိတ်ထဲတိတ်တိတ်ကလေးကြိတ်ကြိုက်နေခဲ့တာဖြစ်သည်။ ဝေ့ရွှင်း သူမကိုသဘောကျလာတဲ့တစ်နေ့ ချစ်ကြောင်း ဖွင့်ပြောလာမည့်အချိန်ကိုစောင့်နေခဲ့ကာ ထိုအချိန်ကျ သူမက အနည်းငယ်မူပြီး သဘောမတူချင်တူချင်သည့်ရုပ်ဖြင့် ဝေ့ရွှင်းကိုပြန်အဖြေပေးမည်ဟု စိတ်ကူးတွေယဥ်နေခဲ့သည်။
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Fanfictionဖန် ထွမ်စလေးရှင်း ဝေ့ဝေ့