Unicode
မင်းပြန်လာဖို့အတွက် ကိုယ့်အကြိုက်ဆုံးအရာနဲ့အလဲအထပ်လုပ်မယ်
___________________________________နှစ်ယောက်သား ဝေ့ရွှင်းအိမ်ကိုအသံတိတ်ပြန်သွားကြသည်။ ဝေ့လန်က တံခါးရှေ့ရပ်ပြီး ဝေ့ရွှင်း တံခါးဖွင့်မှာကိုစောင့်နေလေသည်။ သို့သော်လည်း ဝေ့ရွှင်းက အိမ်တံခါးကိုချက်ချင်းမဖွင့်ပဲ အပြင်ဘက်ကနေ ဒုတိယထပ်စာကြည့်ခန်းဘက် လှမ်းကြည့်လိုက်ကာ
'' မင်းသိလား စာကြည့်ခန်းထဲမှာရှိတဲ့ပြတင်းပေါက်ကနေကြည့်ရင် ဒီနေရာကိုမြင်ရတယ် ''
ဝေ့လန်ဘာမှမပြောလာပေ။ ဝေ့ရွှင်းဘာကိုဆိုလိုချင်မှန်းလည်းသူမသိပေ။
ဝေ့ရွှင်း သော့ကိုထုတ်ကာ တံခါးဖွင့်နေရင်း စကားထပ်ပြောလာခဲ့သည်။
'' ကိုယ်အဲ့နေရာကနေ မင်းကို အခေါက်ပေါင်းမနည်းရပ်ကြည့်ဖူးတယ် ပထမဦးဆုံးအချိန်က မင်းကိုယ့်အိမ်ကိုစရောက်လာတဲ့အချိန် အဲ့တုန်းက ပြတင်းပေါက်ကနေပြီး မင်း မင်းအမေကားထဲဝင်သွားတာကို ရပ်ကြည့်ဖူးတယ် အခုတလော ကိုယ်တို့မတွေ့ဖြစ်ကြတဲ့ ဒီရက်ပိုင်းတွေပေါ့ မင်းဖြတ်သွားဖြတ်လာလုပ်နေတာကိုရပ်ကြည့်ခဲ့တယ် မင်းကတော့ ကိုယ့်အိမ်ဘက်ကိုတစ်စက်ကလေးတောင် ပြန်မကြည့်ခဲ့ဘူး ''
သူ တံခါးဆွဲဖွင့်လိုက်ကာ ဝေ့လန်ဘက်ခေါင်းလှည့်ပြီး
'' ကိုယ် နေ့တိုင်း နေ့တိုင်း ရပ်ကြည့်ခဲ့တယ် ပြီးတော့စိတ်ကူးယဥ်မိတယ် မင်းများ ကိုယ့်အိမ်ရှေ့ရပ်သွားမလား ဒါမှမဟုတ် အိမ်ဘက်ကို တစ်ချက်လောက်များမော့ကြည့်မလား မဟုတ်လည်း ကျော်သွားပြီးကာမှ ပြန်လှည့်ကြည့်လာမလား အမြဲ စိတ်ကူးယဥ်မိတယ် ဒါပေမဲ့ မင်းအဲ့လိုမလုပ်ခဲ့ဘူး ရှောင်လန် မင်းကိုယ့်ထက်ပိုပြီး နှလုံးသားမဲ့တယ် ''
ဝေ့လန် သူ့ကိုမော့ကြည့်လာခဲ့သည်။ မှောင်မိုက်နေသည့်ညလယ်မှာ လမ်းမီးရောင်အကူအညီဖြင့် ကောင်လေးရဲ့မျက်လုံးတစ်စုံက တဖျက်ဖျက်လက်နေသည်အား သူမြင်လိုက်ရသည်။ '' ကျွန်တော်က အဲ့တိုင်းပဲ '' ဝေ့လန်လေသံမှာခပ်ပြတ်ပြတ် '' ကျွန်တော့်ကို ထွက်သွားပါပြောတဲ့လူကို ကျွန်တော်က စိတ်မပြတ်နိုင်ပဲ သူ့အိမ်ရှေ့မှာတဝဲဝဲလည်လည်လုပ်နေရမှာလား ကျွန်တော့်ကိုတစ်ချက်လောက်ထွက်တွေ့ပါစေဆိုပြီး စောင့်နေရမှာလား ဘယ်တော့မှအဲ့လိုမျိုးမလုပ်ဘူး ကျွန်တော့်ကိုချစ်ခင်ပေးတဲ့လူတွေအများကြီးရှိတာ ကျွန်တော့်ကိုမချစ်တဲ့လူတစ်ယောက်အတွက်နဲ့ ဘာလို့ဝမ်းနည်းနေရမှာလဲ သူ ကျွန်တော့်ကိုမကြိုက်ရင် ကျွန်တော်ကရော ဘာလို့သူ့ကိုကြိုက်ရမှာလဲ သူ ကျွန်တော့်ကိုလာမနှောက်ယှက်သရွေ့ အရင်ကမသိခဲ့ဘူးလို့ပဲ သဘောထားလိုက်မယ် ''
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Fanfictionဖန် ထွမ်စလေးရှင်း ဝေ့ဝေ့