Unicode
'' ကောကော မွေးနေ့မှာပျော်ရွှင်ပါစေ ''
_________________________________ဝေ့လန် ဝေ့ရွှင်းရဲ့ နောက်ဆုံးစကားကိုကြားတဲ့အချိန်မှာတော့ မျက်ရည်တွေက ထပ်ပြီးစီးကျလာခဲ့ပြန်သည်။ သူ သူနဲ့မလှမ်းမကမ်းမှာရှိနေသည့်အရုပ်တွေဘက်လှမ်းကြည့်လိုက်မိသည်။ အရုပ်တွေက ကြမ်းပြင်ပေါ်မှာ တိတ်တိတ်ကလေးရှိနေခဲ့ပြီး တစ်ခု တစ်ခုစီတိုင်းက သူ ဝေ့ရွှင်းဆီမှာ ထားခဲ့တဲ့အတိုင်းလေးပဲ သူ ဝေ့ရွှင်းအပေါ် ဘယ်လောက်အားထုတ်ခဲ့ရမှန်း ပြန်အမှတ်ရလာစေသည်။
အခုအချိန်ထိလည်း သူ ဝေ့ရွှင်းကို ခွင့်မလွှတ်သေးတာက ဘာမှမမှားဘူးဟု ထင်မိသည်။ သူ့ရဲ့အသိစိတ်ကနေ ဝေ့ရွှင်းရဲ့လုပ်နိုင်စွမ်းအားနဲ့ သူ့ရဲ့လုပ်နိုင်စွမ်းအားက အရမ်းကွာဟနေမှန်း သိနားလည်သည်။ ဝေ့ရွှင်းဘက်က စိတ်ဆန္ဒရှိနေသရွေ့ အရင်တစ်ခေါက်လိုပဲ သူ့ကိုနှင်ထုတ်နိုင်သလို သူ့ဘက်ကလည်း ပြန်ခုခံနိုင်တဲ့စွမ်းအားမရှိပါ။ သို့သော် ကြမ်းပြင်ပေါ်ပုံနေသည့်အရုပ်များနှင့် ဝေ့ရွှင်းရဲ့ တောင်းပန်ပါတယ်ဆိုသည့် တဖွဖွရေရွတ်သံများကိုကြားအပြီး ဝေ့လန် တဖက်လူကို ဘယ်လိုငြင်းပစ်လို့ငြင်းပစ်ရမှန်းမသိတော့ပါ။
သူ့အနေနဲ့ပြောရလျှင် ဝေ့ရွှင်းက တခြားလူတွေနဲ့ကွဲပြားမှန်း သူသိပြီးသားဖြစ်သည်။ ဘာမှသွေးသားမတော်စပ်ပေမဲ့လည်း သူတို့နှစ်ယောက်စလုံးရဲ့မျိုးရိုးနာမည်က ဝေ့ဖြစ်နေတာကြောင့် မျိုးရိုးနာမည်တူတယ်ဆိုသည့်အသိက သူ့ကို ဝေ့ရွှင်းနဲ့ ပိုနီးကပ်ချင်လာအောင် ဆွဲဆောင်ခဲ့သည်။ ထို့ကြောင့် အဖိုးမသိအောင် ဝေ့ရွှင်းနဲ့တိတ်တိတ်ကလေး ခိုးခင်နေပြီး အိမ်မှာ သူ့အမေမရှိတဲ့အချိန်တွေဆိုရင်လည်း ကိုယ့်အိမ်ကိုယ်မပြန်ပဲ ဝေ့ရွှင်းအိမ်မှာပဲသောင်တင်နေခဲ့ကာ ဒါကသူနဲ့ပတ်သက်တဲ့နေရာတစ်ခုလို့မှတ်ယူထားခဲ့ပြီး ဝေ့ရွှင်းပေါ်မှာ သူ့ရဲ့အချိန်တွေ၊ခံစားချက်တွေကိုမြှုပ်နှံထားခဲ့သည်။ ဝေ့ရွှင်းက သူလိုချင်နေတဲ့ အစ်ကိုတစ်ယောက်ပုံစံဟုမှတ်ယူထားခဲ့သည်။
ဝေ့လန် အဆုံးမှာတော့ ကိုယ်တိုင်ချမှတ်ထားသည့် စည်းမျဥ်းတွေကို ပထမဦးဆုံးအကြိမ်အဖြစ်ကျော်လွန်ပြီး သူ ဝေ့ရွှင်းကို ခွင့်လွှတ်ကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။ ဒီလိုတွေမဖြစ်လာခင်တုန်းက သူ့စိတ်သူကြိုတင်ပြင်ဆင်ထားခဲ့ပြီးသားဖြစ်သည်။ အကယ်၍ ဝေ့ရွှင်းများ သူ့ဆီလာပြီး ခွင့်လွှတ်မှုပြန်တောင်းခံခဲ့လျှင် တဖက်လူဘာလုပ်လုပ်၊ ဘာပြောပြော လုံးဝခွင့်မလွှတ်ဘူးဟု သံဓိဋ္ဌာန်ချခဲ့သည်။ သို့သော်လည်း ဝေ့ရွှင်းက ဒီလိုအလဲအထပ်လုပ်ပြီး ခွင့်လွှတ်မှုတောင်းခံလာလိမ့်မည်ဟု မထင်ထားခဲ့မိပါ။ ဒါက သူ့ရဲ့ပျော့ကွက်တစ်ကွက်ဖြစ်တာကြောင့် မငြင်းဆန်နိုင်ပေ။ မငြင်းဆန်နိုင်သည့်အဆုံး လက်ခံဖို့ရန်သာ တတ်နိုင်တော့သည်။
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Fanfictionဖန် ထွမ်စလေးရှင်း ဝေ့ဝေ့