Unicode
အတူတူဖက်ပြီး အိပ်
______________________________9လပိုင်း 1ရက်နေ့မှာတော့ တနိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းတွေစဖွင့်သည်။ ဝေ့လန်လည်း အလယ်တန်းပထမနှစ်ကို စတက်ရပြီဖြစ်သည်။ ကျောင်းအုပ်နဲ့တစ်ခါတည်းကြိုပြောထားသည့် ယွမ်အိမ်တော်ရဲ့ကောင်းမှုကြောင့် ဝေ့လမ်၊ယွမ်ရှောင်ဖန့်နှင့် ယွီလင်းတို့ သူငယ်ချင်းအုပ်စုလေးက တစ်ခန်းထဲအတူတူကျလေသည်။
ပထမဆုံးကျောင်းစတက်တဲ့နေ့ရဲ့ ပထမဆုံးအတန်းချိန်က တရုတ်စာအတန်းဖြစ်ကာ သင်သည့်သင်ခန်းစာက မိခင်မေတ္တာဖြစ်သည်။ တရုတ်စာဆရာမက မိခင်တွေရဲ့နက်ရှိုင်းသည့်မေတ္တာအကြောင်းကိုရှင်းပြပြီးသကာလ သူတို့ကိုအိမ်စာပေးတော့သည်။ အိမ်စာက အမေမှမဟုတ်ပဲ တခြား အိမ်မှာရှိသည့်လူကြီးသူမများနဲ့လည်းသက်ဆိုင်ကာ မိဘကိုသိတတ်ပြီး လူကြီးသူမများကိုသိတတ်ဖို့အတွက် အိမ်ပြန်ရောက်တာနဲ့ ကိုယ့်အဖေအမေကို ရေနွေးဖြင့်ခြေထောက်ဆေးပေးပြီး ထိုအကြောင်းကို စာစီစာကုံးပြန်ရေးခိုင်းခြင်းဖြစ်သည်။ ဆရာမက ရေးလာသည့် စာစီစာကုံးများကို အလောတကြီးထပ်စရာမလိုပဲ နောက်တစ်ပတ်တနင်္လါနေ့မှထပ်လည်း ရသည်ဟု ပြောလာခဲ့သည်။
ဝေ့ရှီးနဲ့ဝေမင်က အလုပ်နဲ့ခရီးထွက်နေကြတာကြောင့် ဘယ်အချိန်မှပြန်လာကြမလဲ ဝေ့လန်မသိပါ။ သူ ဝေ့ရွှင်းအိမ်ကို ဘာအနာတရမှမရှိ အခေါက်ခေါက် အခါခါ အသွားအပြန်လုပ်နေလို့လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဝေ့ရှီးက သူ ဝေ့ရွှင်းအိမ်ဘက်သွားသွားလည်နေတာကို အသားကျသွားသလိုမျိုး လိုက်မတားတော့ပဲ အလုပ်နဲ့ခရီးမသွားခင် ဒီလိုတောင်မှာသွားသေးသည်။
'' ဒီတစ်ခေါက်က အရင်တစ်ခေါက်တွေကထက်ပိုပြီးကြာနိုင်တယ်နော် ပြီးတော့ သားဖိုးဖိုးနဲ့အတူတူသွားကြမှာ အဲ့ဒါကြောင့် ရှောင်လန်တစ်ယောက်ထဲအိမ်မှာပျင်းနေရင် ဝေ့ရွှင်းအိမ်ဘက်သွားနေ ''
ဝေ့လန်လည်း သူနားလည်ပြီဖြစ်ကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။ သူ ဝေ့ရှီးအိမ်မှာရှိနေတဲ့အချိန်ဆို ဝေ့ရှီးကိုအဖော်ပြုပေးပြီး ဝေ့ရှီးအိမ်မှာမရှိချိန်မှသာ ဝေ့ရွှင်းအိမ် သွားသွားဆော့ခြင်းဖြစ်သည်။ အရင်ကလည်း ဒီလိုမျိုး တစ်ချိန်လုံးလုပ်နေခဲ့တာဖြစ်တဲ့အတွက် သူ့အမေသိပ်မှာစရာမလိုပါ။
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Fanficဖန် ထွမ်စလေးရှင်း ဝေ့ဝေ့