🍬Chapter 94
ကျောင်းရှင်းက နောက်လိုက်ကင်မရာသမားအဖြစ် ရသစုံရှိုးငါးခုခန့်တွင် ပါဝင်ခဲ့ဖူးသည့်အတွက် ကြီးကြီးငယ်ငယ် ကိစ္စရပ်များ အတော်များများကို ကြုံတွေ့ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်တွင်တော့ သူ့နှလုံးခုန်သံပင် ရပ်တန့်တော့မလို ခံစားလိုက်ရ၏။
ရွှီလော့ယန်ရပ်နေခဲ့သောနေရာမှာ ယခုအချိန်၌၊ အမြင့်တစ်နေရာမှပြုတ်ကျလာသည့် သံချေးကိုက်ကာ ပျက်စီးနေသော သံပြားကြီးသာရှိနေခဲ့ပြီး ပိုက်လိုင်းများအပေါ်တိုက်ရိုက်ပြုတ်ကျသွားကာ၊ နီညို့ရောင်အမှုန်အမွှားများ လွှင့်စင်နေပေသည်။
ကျောင်းရှင်းက မည်သို့မျှမတုံ့ပြန်နိုင်ခင် နှစ်စက္ကန့်မျှ ကြောင်အနေမိသည်။
“ရွှီလော့ယန်..” သူအော်ဟစ်လိုက်သော်လည်း ကြောက်ရွံ့နေမှုကြောင့် သူ့အသံက မထွက်လာခဲ့ပေ။
သို့သော် သူက အလျင်အမြန်အရှေ့သို့ပြေးသွားလိုက်သော်လည်း တစ်စုံတစ်ယောက်က သူ့ထက် ပို၍လျှင်မြန်နေပေသည်။ ထိုသူက ချီချန်အန်းပင်။
သံပြားကြီးပြုတ်ကျလာသည့်အခါတွင်၊ ကျန်းလျို့နှင့် ချီချန်အန်းတို့မှာ သိပ်မဝေးသည့်နေရာတွင် ရပ်နေခဲ့ကြသည့်အတွက် ရွှီလော့ယန်ရပ်နေသည့်နေရာသို့ သံပြားကြီးက အရှိန်ပြင်းပြင်းဖြင့်ပြုတ်ကျလာသည်ကို သူတို့မှာ မျက်လုံးများ ပြူးကျယ်၍သာ ကြောင်ကြည့်နေရ၏။ ချီချန်အန်းအနောက်မှ အထိတ်တလန့်ဖြင့်လိုက်လာသည့်ကျန်းလျို့မှာ ချီချန်အန်း၏မျက်နှာကိုမြင်သည့်အခါ၊ သူ့ပါးစပ်ကိုဖွင့်လိုက်သော်လည်း အလိုလိုပင် မည်သည့်စကားတစ်ခွန်းကိုမျှ မပြောရဲတော့ပေ။
ခြေနှစ်လှမ်းတည်းဖြင့်သူတို့က ပိုက်လိုင်းကြီးများအပေါ်သို့ရောက်သွားကာ၊ အပြေးတပိုင်းလျှောက်သွား၍၊ ချီချန်အန်းက အောက်သို့ထိုင်ချလိုက်ပြီး သံပြားကြီးကို မလိုက်လေသည်။ သူ့လက်များက အတောမသတ်နိုင်အောင်တုန်ယင်နေပြီး အားစိက်ထုတ်လိုက်သည့်အလျောက်၊ လက်ဖမိုးပေါ်မှ သွေးကြောများက ထောင်ထွက်လာပြီး မျက်နှာမှာလည်း အလွန်အမင်းကို ဖြူလျော်နေပေသည်။ နောက်မှလိုက်လာသည့် ကျန်းလျို့နှင့် ကျောင်းရှင်းတို့လည်း အပြေးအလွှား ကူ၍မပေးလာသည်။
YOU ARE READING
[COMPLETED]ငါက နေ့တိုင်း အချိုတွေကျွေးနေတယ်တဲ့ (ဘာသာပြန်)
RomanceTitle Translations Unicode only Zawgyi ဖတ်ချင်တဲ့သူလေးတွေအတွက် IQ Team tele channel မှာ pdf file တင်ထားပါတယ် All CREDIT TO ORIGINAL AUTHOR