"ကျန့်ကျန့် ခံစားမိလား။ ကိုယ့်ချီစွမ်းအင်တွေ အရင်ကထက် လျော့နေတယ်ဆိုတာ"
ဝမ်ရိပေါ်ဆီက ဒီလို လမ်းပျောက်နေသည့် အသံမျိုး ရှောင်းကျန့် မကြားဖူး။ သူလည်း သတိတော့ ထားမိသည်။ ရိပေါ်၏ ကျင့်ကြံဆင့်နှင့်ဆို စုကျစ်ဟွားအခန်းထဲ ဝင်လာကတည်းက သူသတိထားမိနေလောက်ပြီ။ ခုတော့ သူတို့ဘေးနား လာရပ်မှ သူသတိထားမိတာ။ ရိပေါ်က စွမ်းအားမြင့်နေဆဲပေမယ့် အရင်ကလောက် မဟုတ်တော့။
"ဘာလို့ အဲ့လိုဖြစ်တာလဲ"
"မွေးစားအဖေလွှဲပေးတဲ့ စွမ်းအင်တွေကို ကိုယ်အကုန် ဖျက်ဆီးပစ်လိုက်တာ"
ရှောင်းကျန့်က သူ့ကို မယုံနိုင်သလို ကြည့်သည်။ ရိပေါ်က သူ့ချီစွမ်းအင်ကို သိပ်ဂုဏ်ယူတာ။ မိစ္ဆာတွေ နှိမ်နင်းပြီး အပနှင်နိုင်တယ်ဆိုတာ ချီစွမ်းအင်နဲ့လည်း အများကြီးသက်ဆိုင်တယ်။ လူတိုင်း သန်မာ ချင်ကြတာပဲ၊ ရိပေါ် အပါအဝင်။ သူ ကျင့်ကြံဆင့် တဆင့်မြင့်သွားတိုင်း ဂုဏ်ယူမဆုံး တပြုံးပြုံးနဲ့။ ခုတော့ အဲ့စွမ်းအင်တွေကိုတောင် သူစွန့်လွှတ်နိုင်နေပြီပဲ။ ရိပေါ် အဲ့တုန်းက စိတ်ဒဏ်ရာ အကြီးအကျယ် ရသွားတာဖြစ်မယ်။
"အဲ့စွမ်းအင်တွေ မရှိလည်း ရိပေါ်က သန်မာပါတယ်။ ပုရောဟိတ်ကြီးရဲ့ သက်တော်စောင့်တွေ ရိပေါ်ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ရိပေါ် နိုင်မှာ"
"ဟင့်အင်း။ အဲ့ စွမ်းအင်တွေ ရှိရင်တောင် ကိုယ်သူ့ကို သတ်နိုင်ဖို့ မသေချာဘူး"
"ရိပေါ်ဘာလို့ သတ္တိနည်းနေတာလဲ"
ဝမ်ရိပေါ်က ခေါင်းခါသည်။
"ပုရောဟိတ်ကြီး အိမ်က သက်တော်စောင့်တွေက နန်းတော်က ကိုယ်ရံတော်တွေထက် တဆင့်ပဲ နိမ့်တယ်။ ကိုယ် သူတို့ကို ကျော်လွှားပြီး လုပ်ကြံနိုင်တယ်ဆိုရင်တောင် အသက်ရှင်လျက် ပြန်ထွက်လာဖို့ မလွယ်ဘူး။ ကျန့်ကျန့် ဒါက အားပေးစကားလေးလောက်နဲ့ ဖြေရှင်းလို့ရတဲ့ အရာ မဟုတ်ဘူး။ အကောင်းဘက်ကကြည့်ရင် ပုရောဟိတ်ကြီးက အိုလှပါပြီ။ ကိုယ့်ထက် သေချာပေါက် အရင်သေမှာပဲ။ သူသေတာကို ထိုင်ကြည့်ရတာကိုက ဘုရားသခင်က ကိုယ့်အစား လက်စားချေလိုက်တာပဲပေါ့"
YOU ARE READING
မြေခွေးမိစ္ဆာလေးရဲ့ ပုံပြင်
Fanfictionနေသာတဲ့ တနေ့မှာ ကျင့်ကြံသူ ဝမ်ရိပေါ်ဟာ မြေခွေးလေးတကောင် ကောက်ရသတဲ့..