သုံးနှစ် ကြာပြီးနောက်...
နန်းမြို့တော်အနီးမှ မြက်ခင်းပြင်က ကျယ်ပြောလွန်းလှ၍ မိုးကုပ်စက်ဝိုင်းနှင့် ထိတော့မယောင်။ နန်းမြို့တော် အစွန်မှာ ရှိသော်လည်း မြို့တွင်းမှ ရနံ့မျိုးစုံကို ရနိုင်သည်။ အမွှေးနံ့သာနံ့၊ သေရည်နံ့၊ ဟင်းနံ့၊ ရွှေနံ့၊ ငွေနံ့ ခြုံပြောရရင်တော့ လူကုံထံနံ့ပေါ့။ နန်းမြို့တော်က ဘရင်နန်းစိုက်ရာ ဖြစ်လို့ လူကုံထံနှင့် တော်ဝင်မျိုးနွယ်တွေ ပေါများလှသည်။ ကံကောင်းရင် တချက်ထဲနှင့် ရာထူးတိုးနိုင်သည်၊ ချမ်းသာနိုင်သည်။
လူတွေတင်မက တိရိစ္ဆာန်တွေပါ အနေအစားချောင်လှသည်။ စားကြွင်းစားကျန်တွေဆိုတာ အများကြီး။ မြို့စွန်တောင်မှ လူစည်လှသည်။ လူတိုင်းက ဒီနေရာကို လာချင်ကြသလိုပဲ။ အခါအခွင့်ကြုံရင် အမြင့်ဆုံးကို ရောက်မှာလေ။
နန်းမြို့တော်နှင့်နီးသဖြင့် လမ်းတွေက ကျယ်ပြန့်ပြီး ဖြောင့်ဖြူးသည်။ ဘေးမှာ သစ်ပင်တွေနှင့် မြက်ခင်းက စနစ်တကျ။ ညှိုးခြောက်နေတာတွေကို နှုတ်ပစ်ပြီး အသစ်ပြန်စိုက်ထားသည်။ မက်မွန်ပန်းပွင့်တို့က ဝေဝေဆာဆာ။ ပန်းရောင်အဆုပ်အဆုပ်တွေက တိမ်ဖြူတွေနှင့် ရောယှက်ပြီး နွေဦး၏ ပျော်ရွှင်ဖွယ် အငွေ့အသက်ကို ယူဆောင်လာပေးသည်။
စုကျစ်ဟွားက ဧကရာဇ်အပိုင် ရွှေရောင်ဝေါယာဉ်ကို စီးပြီး နန်းမြို့တော်ဆီ လာနေသည်။ ဝေါယာဉ်ထဲမှာ ထိုင်နေတာတော့ မဟုတ်။ မတ်တပ်ရပ်ပြီး အပြင်ကို ချောင်းကြည့်နေတာ။ လက်နုနုက သစ်တော်သား ပြတင်းပေါက်ကို တင်းကျပ်စွာကိုင်လျက်။
ရွှေချည်ဖောက်ထားသော လိုက်ကာတို့ကို နေရောင်ခြည်က ထိုးဖောက်ကာ ဝေါယာဉ်တွင်း ဖြာကျနေသည်။ အရာရာက ရွှေရောင်သမ်းကာနေ၏။ လေပြည်ညင်းလေးက လိုက်ကာစတွေကို ဝေ့ဝဲ လှုပ်ရှားသွားစေရာ နေရောင်ခြည်က စုကျစ်ဟွား၏ လှပလွန်းသော မျက်နှာကို ထိတွေ့သွားသည်။ ဝေါယာဉ်ပတ်လည်မှာ ရွှေနန်းတော်နှင့် စုအိမ်မှ လူတွေ။ စုအိမ်မှ ရဲမက်တွေက စောင့်ကြပ်ပေးပြီး ရွှေနန်းတော်မှ အစေခံတွေက ဝေါယာဉ်ကို ထမ်းပေးကာ အပျိုတော်တွေက စုကျစ်ဟွားကို ခစားကြသည်။ လေပြည်တိုက်လို့ လိုက်ကာ လွင့်သွားတာ မြင်တော့ အထိန်းတော်တယောက်က ပြတင်းပေါက်ကို ကမန်းကတမ်းလာပိတ်သည်။
YOU ARE READING
မြေခွေးမိစ္ဆာလေးရဲ့ ပုံပြင်
Fanficနေသာတဲ့ တနေ့မှာ ကျင့်ကြံသူ ဝမ်ရိပေါ်ဟာ မြေခွေးလေးတကောင် ကောက်ရသတဲ့..