C-121

619 30 2
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ ( ရီယွမ် )
အခန်း ၁၂၁

လူအုပ်ကြီးက အချိန်အတော်အကြာကြီး ငြိမ်ကျသွားခဲ့သည် ။ တိုက်ပွဲကတော့ ဒဏ္ဍာရီဆန်ဆန် ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏ ။

ထိုတိုက်ပွဲက သေမျိုးသွေးရောနယ်ပယ်ထဲမှ သူတို့နားလည်နိုင်သည်ထက်ကို ကျော်လွန်နေပေ၏ ။

သေမျိုးသွေးရောနယ်ပယ်မှ သိုင်းသမားများက သစ်ပင်ကို အမြစ်မှ ဆွဲနူတ်နိုင်ပြီး ကျောက်တုံးကြီးများကို ထုချေနိုင်၏ ။ သို့သော် တကယ်တမ်းတိုက်ခိုက်ရသည့်အခါတွင်တော့ သူတို့သည်လည်း အသွေးနှင့်အသားနှင့် လူသားများပင် ဖြစ်ကြသည် ။ ထို့ကြောင့် ရံဖန်ရံခါတွင် ဓါးစွမ်းအင်လှိုင်းများနှင့် လက်သီးလှိုင်းများ ထိခတ်မှုကိုတော့ လက်ခံပေးနိုင်သည် ။

သေမျိုးသွေးရောနယ်ပယ်အတွင်း ထိုကဲ့သို့အဆင့်အထိ ပြင်းထန်သည့်တိုက်ပွဲများကို သူတို့တစ်ခါမှ မတွေ့ခဲ့ဖူးချေ… ။

ဝင်လုဆဲဆဲနေရောင်၏ အောက်တွင် သွေးနီရောင် ဓါးစွမ်းအင်လှိုင်းနှင့် ကျားနဂါးတစ်ကောင်၏ ပုံရိပ် အပြိုင်အဆိုင်ထိတွေ့ပေါက်ကွဲသွားခြင်းကို သူတို့တစ်ခါမှ မမြင်ခဲ့ကြဖူးချေ.. ထိုဖြစ်ရပ်က ပြန်ပြောပြရင်တောင် မယုံနိုင်စရာ ကောင်းနေသေး၏ ။

သို့သော် တောက်ကလန်မှ ပြုလုပ်ထားသော သိုင်းစင်မြင့်ပေါ်ရှိ ကြီးမားသော တွင်းပေါက်ကြီးက ထိုကဲ့သို့ အမှန်တကယ်ဖြစ်ပျက်ခဲ့သည်ဆိုခြင်းကို သက်သေပြပေးနေသည် ။

တောက်ယွမ်ရှောင်က ရတနာဓါး၏ တားမြစ်ထားသော သွေးသောက်စွမ်းအင်ကို ထုတ်သုံးခဲ့သည့်အတွက် ထိုကဲ့သို့ ပျက်စီးကြေမွသွားမည်ဆိုခြင်းက နားလည်လက်ခံပေးနိုင်သည် ။

ဒါပေမယ့် ရီယွမ်က ဘယ်ကနေ ဘယ်လို လုပ်လိုက်တာတုန်း..?

ထိုအသက် ၁၂နှစ်အရွယ်ကလေးက ရတနာဓါးကိုင်ထားသော တောက်ယွမ်ရှောင်ကို လက်ဗလာဖြင့် အနိုင်ယူခဲ့သည်တဲ့လား ?

တောက်ကလန်မှ လူများကတော့ ထိုအချက်ကို လုံးဝမယုံချင်နေကြပေ.. ရီယွမ်ကို ထောက်ခံအားပေးခဲ့ကြသည့် ကလေးမလေးများသည်ပင် ဟထားသော သူတို့၏ ပါးစပ်ကို ပြန်မပိတ်နိုင်ဘဲ အတိုင်းသား ငေးကြောင့်ကြည့်နေမိ၏ ။ သူတို့ထဲမှ တချို့တလေက တနေ့ညက ရီယွမ်ကို ရန်စခဲ့ကြသည် ။ အဲဒီရီယွမ်ဟုခေါ်သော ကလေးလေးက ပျော့ညံ့အားနည်းသည့်ပုံပေါ်သော်လည်း တခြားတစ်ဖက်တွင်တော့ ရက်စက်ပြီး ကြောက်မက်ဖွယ်ရာကောင်းသော ခွန်အားတစ်ရပ်ကို ပိုင်ဆိုင်ထားလေ၏ ။

True Martial World (Book9-12)Where stories live. Discover now