သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၁၆၂
ရီယွမ်နှင့် အခြားသိုင်းသမားများ အပြင်တွင် ဆယ့်ငါးမိနစ်ခန့်စောင့်ဆိုင်းပြီးသွားသောအခါ တံခါးတစ်ချပ်ပွင့်လာခဲ့ပြီးနောက် သူတို့အားလုံးထိုတံခါးမှတဆင့် အထဲသို့လျှောက်ဝင်သွားခဲ့လိုက်သည် ။
ပိန်ပိန်ပါးပါးနှင့် လူငယ်တစ်ယောက်က သူတို့ကိုဦးဆောင်ခေါ်သွားသည် ။ ထိုလူငယ်က ရိုးရှင်းသော သာမန်ဝတ်စုံကို လျော့တိလျော့ရဲဝတ်ဆင်ထားပြီး ကျောတွင် ဓါးမော့တစ်လက်ကို လွယ်ထားသည် ။ ထိုလူငယ်ကို ကြည့်လိုက်ရုံနှင့်တင် ဓါးအိမ်ထဲမှ ခုန်ထွက်ရန်ဟန်ပြင်နေသည့် ဓါးတစ်ချောင်းကဲ့သို့ သိပ်သည်းပြင်းထန်သော အရှိန်အဝါများကို မသက်မသာ ခံစားရစေသည် ။
ထိုလူငယ်လေးပေါ်ထွက်လာသည်နှင့် လူအများ၏ အာရုံက ထိုလူငယ်အပေါ်သို့ စုပြုံကျရောက်သွားကြကုန်၏ ။ ရီယွမ်၏ မျက်စိသူငယ်အိမ်များ အထဲသို့ ကျုံ့ဝင်သွားခဲ့ရပြီး အေးစိမ့်စိမ့်အငွေ့အသက်များကို ကြက်သီးထဖွယ် ခံစားလိုက်ရသည် ။ ထိုလူငယ်၏ လွှမ်းမိုးနိုင်စွမ်းက အံ့သြသင့်ဖွယ်ရာပင်..
မလှမ်းမကမ်းရှိ ကျိုးခိုင်သည်လည်း ထိုလူငယ်ကို သတိပြုမိလိုက်သည် ။ ကြည့်လိုက်ရုံနှင့်ပင် ထိုလူငယ်က ယန်ကုထက် ပိုအစွမ်းထက်မည်မှန်း ခန့်မှန်းကြည့်နိုင်သည်။
ယန်ကုက ချက်ချင်းထရပ်လိုက်ပြီး မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့် ထိုလူငယ်ကို လှမ်းကြည့်လိုက်သည် ။
"မင်းအဆင့်တက်သွားတာလား..?"
ယန်ကု၏ မျက်ဝန်းများ အေးစက်တင်းမာသွားပြီး သူ၏ အကြည့်များက ထိုလူငယ်ပေါ်သို့ အပ်တစ်စင်းကဲ့သို့ စူးရှစွာ ကျရောက်သွားခဲ့သည် ။
သို့သော် ထိုပိန်ပိန်ပါးပါးလူငယ်က လုံးဝမမူသည့်ဟန်ဖြင့်. . . "ဟုတ်တယ်.. ငါအဆင့်တက်သွားပြီး… ကံကောင်းတာပဲ.. အခုဆို စင်ကြယ်ခြင်း အမှတ်လေးတွေ နည်းနည်းပါးပါးရထားတော့ ငါကြိုက်တာလုပ်လို့ရတာပေါ့…. ဟဲဟဲ…"
"စင်ကြယ်ခြင်း အမှတ်တွေ.. ဟင်းဟင်း. ဂုဏ်ယူပါတယ်.. ညီအစ်ကို.." ယန်ကု၏ မျက်ဝန်းထဲတွင် ထူးဆန်းသည့် အရိပ်အယောင်များ ဖြတ်သန်းသွားသည် ။ သို့သော်. အနီးရှိလူအများကတော့ ကြည့်ရုံနှင့်ပင် ထိုလူငယ်နှစ်ယောက်အကြားမှ ပြင်းထန်သော ပြိုင်ဆိုင်မှုများကို ကြိတ်ခန့်မှန်းလိုက်မိသည် ။

YOU ARE READING
True Martial World (Book9-12)
Fantasiစာအုပ်အမည် - သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ဘာသာပြန် - မင်းနန္ဒာ Chapter - (121 -180)