C-123

187 24 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၁၂၃

"အဆင့်တစ်"

"ယွမ်ရှောင် !!" တောက်ကလန်ခေါင်းဆောင်က ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး တောက်ယွမ်ရှောင်ကို ကုသရန်အတွက် တောက်ကလန်မှ  သမားတော်ကို ကမန်းကတမ်း လော်ဆော်လိုက်သည် ။

သို့သော် အဆုံးမဲ့ကန္တာရအတွင်းရှိ ဆေးဝါးအထောက်အပံ့များက အကန့်အသတ် ကိုယ်စီရှိကြသည် ။ သွေးထွက်လွန်နေသည့်အပြင် ဒေါသ မောဟများကြောင့်ဖြစ်ပေါ်လာသော သတိလစ်မေ့မျောနေမှုကို ထိုကဲ့သို့သော သမားတော်များ မည်သို့ကုစားနိုင်မည်နည်း ?

သူတို့တွင်ရှိသောဆေးဝါးများကို တိုက်ကျွေးရုံသာ တတ်နိုင်သည် ။ အနှစ်တစ်ရာ ဂျင်စင်းနှင့် ကြယ်နီဆေးမြစ်များက အဆင့်နိမ့်သိုင်းသမားတစ်ယောက်အတွက် အလွန်အသုံးဝင်သော်လည်း သေမျိုးသွေးရောနယ်ပယ်မှ သိုင်းသမားတစ်ယောက်အတွက်တော့ ဆေးအာနိသင်၏ အကျိုးသက်ရောက်မှုက လျော့နည်းသွားလိမ့်မည် ဖြစ်၏ ။

လျန်မျိုးနွယ်စု ကလန်မှ စစ်သည်များကတော့ တောက်ယွမ်ရှောင်ကို ကုသရန်အတွက် အလုပ်ရှုပ်ဗျာများနေသော တောက်ကလန်မှ အကြီးအကဲများကို သနားစဖွယ် လှမ်းကြည့်လိုက်ကြသည် ။

လျန်ချိန်ယွိ တစ်ယောက် ခရမ်းရောင်သွေးအဆင့်သို့ တက်ရန် ကျရှုံးခဲ့စဉ်က ဒေါသထွက်ပြီး စိတ်ဆိုးမာန်ဆိုးနှင့် သွေးအန်ရခဲ့သည့်မြင်ကွင်းက သူတို့အားလုံး၏ စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း စွဲထင်နေဆဲပင် ။ ယခုတောက်ယွမ်ရှောင်သည်လည်း ထိုကဲ့သို့အခြေအနေမျိုးနှင့်အလားတူ ရောက်ရှိနေပြီဟု သူတို့အားလုံးမသက်မသာ ခံစားလိုက်ရသည် ။

ဒုက္ခိတဘဝနှင့် တစ်သက်လုံး နေသွားရတော့မည်မှာ အသေအချာပင် !

ထိုကဲ့သို့ ပြန်လည်စဉ်းစားမိကြသောအခါတွင် လျန်မျိုးနွယ်စု ကလန်ထဲမှ စစ်သည်တချို့က ရီယွမ်ရှိရာသို့ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်မိကြသည် ။ အသက်၁၂ နှစ်သာရှိသေးသော ထိုကောင်လေးက တကယ့်ကို မကောင်းဆိုးဝါးစစ်စစ်ပင် ဖြစ်၏ ။ ဒင်းက လူတစ်ယောက်ကို မသတ်ပေမယ့် လက်ဖျားနဲ့တောင်မထိပဲ ဒေါသထွက်ပြီး ရူးသွားအောင် လုပ်နိုင်စွမ်းရှိသည် ။

True Martial World (Book9-12)Where stories live. Discover now