သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၁၄၃
“ ကျင်လုံဝေ၏ တပ်ရင်းခွဲ ”
နတ်ဘုရားမြို့တော်ကို ကာရံထားသော တံတိုင်းကြီးကား ပေခုနှစ်ကျော်ခန့်အထိ ထူထဲလေသည် ။ ထိုတံတိုင်းကြီးတစ်လျှောက် ဖြတ်ဝင်လာခဲ့ပြီးသောအခါ မြို့တော်တစ်ခုလုံးကို ထင်းခနဲမြင်တွေ့လိုက်ရလေသည် ။
မြို့တော်၏ လမ်းမကြီးများက ဂျိုတစ်ချောင်းသားရိုင်းကြီး ဆယ်ကောင်ခန့် ဘေးချင်းယှဉ်လျှောက်နိုင်ရန်အထိ ကျယ်ဝန်းလှပေသည် ။ ဘေးတစ်ဖက်တစ်ချက်စီရှိတွင် ဆိုင်ခန်းအမျိုးမျိုးများ.. တည်းခိုခန်းငယ်များ… သိုင်းလေ့ကျင့်ရာကွင်းပြင်များနှင့် တိုက်ခိုက်ရေးပြိုင်ကွင်းများက အစီအရီ တည်ရှိနေသည် ။
ဈေးဆိုင်များတွင် စွန့်ပစ်သားရဲ အရိုးအမြူတေများ.. ၊ လက်နှက်များနှင့် အခြားတန်ဖိုးရှိပြီး ရှားပါးသော ဆေးဝါးများကို ခင်းကျင်းရောင်းချလျက်ရှိ၏ ။
စစ်သည်များအတွက် သီးသန့်ဆောက်လုပ်ထားသော ဧည့်ဂေဟာများရှေ့တွင်ရှိသော သိုင်းလေ့ကျင့်ရေးကွင်းပြင်ထဲတွင်.. ကောင်းကင်မြေကြီးယွမ်ချီများက သိပ်သည်းများပြားစွာ ပြည့်နှက်နေလေ၏ ။ ထိုလေ့ကျင့်ရေးဝင်းထဲတွင် တစ်ညမျှ သိုင်းလေ့ကျင့်ရန်အတွက် ကုန်ကျစရိတ်မှာ သာမာန်လူများ တစ်သက်လုံးရှာနိုင်သည့် ငွေကြေးထက်ပိုမိုများပြားမည်မှာ အမှန်ပင်…
တိုက်ခိုက်ရေးပြိုင်ကွင်းများ၏ ထောင့်တွင်တော့ ဝင်ပြိုင်ရန်အတွက်အသင့်စောင့်ဆိုင်းနေကြသော နတ်ဘုရားမြို့တော်မှ စစ်သည်များနှင့် စည်ကားနေပေသည် ။ အချို့သောလူများက ဆုကြေးအဖြစ်ပေးအပ်မည့် တန်ဖိုးရှိရတနာများကို မက်မောကြ၍သော်လည်းကောင်း.. အချို့ကမူ.. မိမိတို့၏ အစွမ်းအစကို ပိုမိုထက်မြက်အောင် သိုင်းပြိုင်ပွဲကို ဓါးသွေးကျောက်သဖွယ် အသုံးချချင်၍သော်လည်းကောင်း.. လာရောက်ယှဉ်ပြိုင်ကြခြင်း ဖြစ်သည် ။
ထိုလမ်းတစ်လျှောက်လုံးတွင် ရီယွမ်စိတ်ထဲ စဉ်းစားမိသည်က .. နတ်ဘုရားမြို့တော်က သူ့အတွက် ကမ္ဘာသစ်တစ်ခုကို ဖွင့်ပေးလိုက်သကဲ့သို့ပင်.. ထိုမြင်ကွင်းများကို ကြည့်ရင်း တစ်ကိုယ်လုံးမရိုးမရွဖြစ်ကာ စိတ်ဓါတ်တက်ကြွလာသလိုတောင် ခံစားနေရသည် ။

YOU ARE READING
True Martial World (Book9-12)
Fantasyစာအုပ်အမည် - သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ဘာသာပြန် - မင်းနန္ဒာ Chapter - (121 -180)