Chapter 16

1.5K 210 4
                                    

ဤဆောင်းရာသီအားလပ်ရက်သည် ယခင်ကနှင့် ကွာခြားလွန်းလှပေသည်။ရွှီထန်းချန်၏ ကားထဲတွင်ထိုင်ရင်း ကျယ်ပြီး ဗလာကျင်းနေသည့်အဝေးပြေးလမ်းမကြီးကို လှမ်းကြည့်လိုက်ချိန်တွင် ရိကျယ်မှာ လက်တွေ့မကျသည့်ခံစားချက်များဖြင့် ဖုံးလွှမ်းနေဆဲ။

မနက်ခင်း၌ ရွှီထန်းချန်ကတံခါးလာခေါက်ပြီး ရုပ်ရှင်ကြည့်ချင်လားဟုမေးလာချိန်၌ ရိကျယ်မှာအနီးနားရှိရုပ်ရှင်ရုံငယ်လေး၌ ရုပ်ရှင်ကြည့်မည်ဟုထင်ခဲ့မိ၏။မထင်မှတ်ပဲ သူအောက်ထပ်ကိုဆင်းလာချိန်တွင် ရွှီထန်းချန်ကပြောလာတော့သည်။

"အဲဒီမှာကြည့်ရတာသိပ်မကောင်းဘူး ငါတို့ ရုပ်ရှင်ကြည့်ဖို့ ပေကျင်းကိုသွားကြမယ်လေ ဒီနေ့လည်မှာပြမဲ့လက်မှတ်တွေ ငါဝယ်ထားတယ် ငါတို့အခုသွားကြမယ် ဟိုရောက်ရင် နေ့လည်စာစားပြီး ရုပ်ရှင်ပြီးရင်ပြန်လာကြမယ်"

"ဟမ်?"

ရိကျယ်မှာ အံ့ဩသင့်သွားခဲ့ရ၏။

"ဟုတ်တယ် အစ်ကိုက ငါတို့ကို နေ့လည်စာကျွေးမှာတဲ့ အစ်ကိုရိကျယ် စားချင်တာမှန်သမျှ မှာလိုက် သူ့ကိုလွယ်လွယ်ကူကူဖြစ်မသွားစေနဲ့"

ရွှီထန်းရှီသည် ပန်းရောင်အဆင်းရှိသောဂျာကင်အင်္ကျီကို ဝတ်ဆင်ထားပြီး စိတ်အားထက်သန်စွာ ခုန်ပေါက်နေခဲ့လေသည်။သို့သော် လျင်မြန်စွာပင် သူမဘေးရှိရွှီထန်းချန်က သူမပုခုံးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်လေသည်။

"လျှောက်ခုန်မနေနဲ့"

သူ့အိမ်ကပေကျင်းနှင့်အလွန်နီးသော်လည်း ရိကျယ်ကတော့ မရောက်ဖူးပေ။

ကားက အရှိန်ပြင်းပြင်းဖြင့်သွားနေခဲ့၏။ရိကျယ်၏ နားထဲတွင် စူးရှသောအသံတစ်ခု ထွက်ပေါ်လာတော့သည်။ပြတင်းပေါက်မှ အပြင်သို့လှမ်းကြည့်လိုက်ရာ သူမြင်နေရသမျှမှာ အတားအဆီးများကို ဖြတ်ကျော်ပြီး ရံဖန်ရံခါ ဖြတ်သန်းသွားလာနေသည့် ကားများသာ။

"အရင်တစ်ခေါက်ကသွားခဲ့တဲ့ နေရာကိုပဲသွားမှာလား?"

ထန်းရှီကမေးလိုက်၏။

"မင်းစျေးဝယ်ထွက်ချင်သေးလား?"

သူ့ဘေးရှိရွှီထန်းချန်က နောက်ကြည့်မှန်ကိုကြည့်ကာမေးလိုက်၏။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now