Chapter 53

1K 172 5
                                    


ထိုနေ့တွင် စကားစမြည်ပြောရင်း တိတ်ဆိတ်သွားသောအဆုံးသတ်မှုနှင့် ရိကျယ်သည်ရွှီထန်းချန်အား ဓာတ်ခွဲခန်းတံခါးဝသို့လိုက်ပို့ပေးကာ မပြန်ခင်၌ စကားလေးတစ်ခွန်းကိုသာပြောလာခဲ့၏။

"အစ်ကိုနေမကောင်းရင် ကျွန်တော့်ကိုဖုန်းဆက်ပေးပါ"

ရွှီထန်းချန်က ရိကျယ်လှည့်ထွက်ကာ စင်္ကြံ၏အခြားတစ်ဖက်သို့လျှောက်သွားသည်ကို လှမ်းကြည့်နေခဲ့လေသည်။နောက်ဆုံးအထိ သူပြောရန်မှန်ကန်သည့် စကားလုံးကိုရှာမတွေ့ခဲ့ပေ။

ယွီအန်းသည် ဓာတ်ခွဲခန်းသို့ပြန်ရောက်လာသောအခါ အပြည့်အဝပြန်လည်ကောင်းမွန်နေပြီဖြစ်ပြီး ပုံမှန်အတိုင်းရှင်းသန့်ကာယဉ်ကျေးသော ရုပ်ရည်ကိုပင် ပြန်လည်ရရှိလာခဲ့လေပြီ။ဓာတ်ခွဲခန်းရှိလူများသည် အခင်းဖြစ်ပွားမှုနောက်ကွယ်ရှိဇာတ်လမ်းကို မသိကြဘဲ အားလုံးကသူ့ကျန်းမာရေးအတွက်သာစိုးရိမ်နေကြလေသည်။ရန်ပွဲအကြောင်းမေးသူ အချို့လည်းရှိ၏။

ယွီအန်းသည် အချို့သောအရာများကိုယူ၍ ထွက်ခွာသွားသောအခါတွင် အချို့မှာလူစုမခွဲသေးဘဲ ထိုနေ့ကအဖြစ်အပျက်များကို တိုးတိုးလေးပြောနေကြဆဲသာ။ရွှီထန်းချန်သည်ဘေးတွင်ထိုင်ရင်း ဟိုမှသည်မှ စကားလုံးအချို့ကိုနားထောင်နေခဲ့လေသည်။သူ့နားကြပ်မှတဆင့်ကြားရသောစကားများကပင် သူ့အားဒေါသထွက်သွားစေ၏။

သူကခွက်ကိုကောက်ယူပြီး ရေယူရန်ထလိုက်လေသည်။ရေစက်နားသို့ရောက်ချိန်၌ အံ့ဩသင့်စွာပင် ယွီအန်းထံမှ စာတိုတစ်စောင်ကိုရုတ်တရက်လက်ခံရရှိလာ၏။

၎င်းသည်စမတ်ဖုန်းများ၏ အားနည်းချက်ပင်— မက်ဆေ့ချ်ပါစကားလုံးတိုင်းက စခရင်ပေါ်တွင် ပေါ်နေပြီး ဖတ်ရန်မှလွဲ၍ရွေးချယ်စရာကမရှိတော့ပေ။

'လှေကားကိုလာခဲ့ ရိကျယ်ဒီမှာရှိတယ်'

ရေစက်မှ ဆူဆူညံညံအသံတစ်ခုကထွက်ပေါ်လာတော့သည်။ရွှီထန်းချန်သည် အဝါရောင်ညွှန်ပြချက်က တောက်ပလာသည်ကိုကြည့်ပြီးနောက် သူ့စိတ်ထဲတွင် ဗလာမျှသာ။အကြောင်းတစ်ခုခုကြောင့် ချောချောမွေ့မွေ့ဖြစ်မလာခဲ့သောထိုနေ့လည်ခင်းနှင့် ထွက်သွားချိန်၌တင်းမာနေသော ရိကျယ်၏ အကြည့်ကိုချက်ခြင်းသတိရသွားမိလေသည်။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now