Chapter 30

1.4K 215 6
                                    

ရိကျယ်ထိုနေ့က ညစာမစားခဲ့ပေ။လက်တော့ပ်ကိုပိတ်ပြီးနောက် သူ့စိတ်များကဗလာကျင်းနေခဲ့ပြီး အိပ်ရာထဲ၌သာ တစ်ချိန်လုံးနေနေခဲ့၏။နေမင်းကြီးက ၎င်း၏ရောင်ခြည်များကိုဆုတ်ခွါသွားပြီး ကောင်းကင်သည်လည်း မှောင်မိုက်လာကာ အလင်းရောင်သည် သူ့မြင်ကွင်းမှ တဖြည်းဖြည်း ထွက်ခွါသွားလေတော့သည်။ထို့အပြင် သူ့အခန်းဖော်များကလည်း အိမ်သို့ပြန်သွားကြပြီဖြစ်သောကြောင့် အခန်းသည်လည်း အလွန်ပြောင်ရှင်းနေခဲ့၏။

ဤအချက်ကြောင့်ပင် သူ၏အတွေးများက နေရာပိုရလာခဲ့သည့်ပုံပင်။နောက်ဆုံးတွင် သူသည် အရာအားလုံးကိုဆွဲထုတ်ပြီး အသေးစိတ်အချက်အလက်တစ်ခုချင်းစီတိုင်းကို သူရှေ့တွင်ချခင်းကာ ၎င်းတို့ကို လျှို့ဝှက်စွာဖြင့် အချိန်ယူစဉ်းစားရန်လည်း မလိုအပ်ခဲ့ပေ။

လက်ရှိအခြေအနေမှာ ဆိုးရွားနေခြင်းဖြစ်နိုင်သော်လည်း အဆိုးဆုံးဖြစ်နိုင်ချေကိစ္စတော့ မဟုတ်ခဲ့။အနည်းဆုံးတော့ ရွှီထန်းချန်ကသူ့တို့ကြား၌ စည်းတစ်ခုကိုရှင်းရှင်းလင်းလင်း ဆွဲထားခဲ့ခြင်းမရှိသေးပေ။

ရိကျယ်မှာ အနည်းငယ်နောင်တရနေပြီး ကိစ္စရပ်များကိုနားလည်ရန် နောက်ကျနေပြီဟု ခံစားနေရခြင်းသာ။စောစီးစွာ သူ့ခံစားချက်များအားဖိနှိပ်ထားခဲ့ပါက သူတို့ကြားရှိအခြေအနေမှာ ယခုကဲ့သို့ အလွန်အဆင်မပြေဖြစ်နေမည်မဟုတ်ပေ။

အတွေးများထဲလမ်းပျောက်နေပြီး ကျန်းရိခွန်းကတံခါးကိုတွန်းဖွင့်ကာ ဝင်လာပြီး သူ့အားအော်ခေါ်နေသံကိုပင် မကြားတော့။

"မင်းဘာတွေ တွေးနေတာလဲ?"

သူတုံ့ပြန်ခြင်းမရှိသည်ကို မြင်လိုက်ရသဖြင့် ကျန်းရိခွန်းက မီးကိုဖွင့်ကာ လမ်းလျှောက်ဝင်လာခဲ့လေတော့သည်။သူ့ကုတင်ဘေးကို ပုတ်လိုက်၏။

"ဘိလိယက် သွားထိုးရအောင်"

'ဘိလိယက်'

ခဏမျှကျိန်းစပ်သွားပြီးနောက် ရိကျယ်၏ မျက်လုံးများက အလင်းရောင်ကိုကျင့်သားရသွားခဲ့လေသည်။သူကခေါင်းကိုလှည့်ကာကျန်းရိခွန်း၏မျက်နှာကို ကြည့်လိုက်သော်လည်း အခြားမျက်နှာလေးတစ်ခု၏မှုန်ဝါးသောပုံရိပ်က သူ့အမြင်အာရုံကို ပိတ်ဆို့နေခဲ့လေသည်။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now