Chapter 49

990 177 4
                                    

ရဲစခန်းသည်နှစ်အတော်ကြာနေပြီဖြစ်ပြီး ရိုးရိုးသားသားပြောရလျှင် တစ်ချက်ကြည့်လိုက်ရုံဖြင့် တည်ကြည်လေးနက်သည့်ပုံစံရှိသည်ဟု မပြောနိုင်တော့။သို့သော်—ရဲများ၏ရာထူးတံဆိပ်အဆောင်အယောင်များ ရှိနေခြင်းကြောင့်ဖြစ်နိုင်လေသည်—တက္ကစီကလုံးဝရပ်ခြင်းမရှိသေးသည့်အချိန်တွင် အလွန်သန့်ရှင်းမှုမရှိသောပြတင်းပေါက်၏တစ်ဖက်မှ—ရွှီထန်းချန်သည် အဆောက်အဦးက သူ့နှလုံးသားအတွင်းရှိနောက်ဆုံးလက်ကျန်တည်ငြိမ်မှုများကို ဖယ်ထုတ်ပစ်ရန် ကြိုးစားနေသကဲ့သို့ခံစားလိုက်ရလေသည်။

တက္ကစီပေါ်မှဆင်းကာ ရှေ့သို့လျှောက်သွားလိုက်လေသည်။ဝင်ပေါက်နားရှိ လှေကားထစ်များပေါ်တွင်ထိုင်ကာ စောင့်နေသောကျောက်ဝေ့ဖန်ကိုတွေ့လိုက်ရ၏။ထိုကောင်မလေး၏ ဖုန်းခေါ်ဆိုမှုက သူ့စိတ်ထဲရှိကြိုတင်သတိပေးချက်အားလုံးကို အတည်ပြုလိုက်သလိုပင်။

ထိုအချိန်ကသူသည် လူများနောက်မှလိုက်ကာထွက်ပေါက်သို့သွားနေခြင်း။နေရောင်ခြည်သည် သူ့ဘေးမှမှန်ပြတင်းပေါက်ထံ အပြင်းအထန်ဝင်တိုက်နေပြီး မှန်ကနေရောင်ခြည်အားပုံမှန်မဟုတ်စွာ ပြင်းထန်စူးရှသွားစေခဲ့လေသည်။ဖုန်းခေါ်ဆိုမှုနှင့်အတူ ၎င်းကသူ့အားမူးဝေနေသည့်ခံစားချက်မှရုန်းမထွက်နိုင်အောင်ပြုလုပ်နေ၏။

"ရိကျယ်ကသူအစ်ကို့ကိုလာမကြိုနိုင်ဘူးလို့ ပြောခိုင်းလို့ပါ"

ဖုန်းခေါ်ဆိုမှုတွင် အသံသည်တည်ငြိမ်နေဆဲဖြစ်သော်လည်း ပိုမိုအားနည်းလာကာ ကောင်မလေးသည် သူမ၏ထိတ်လန့်မှုကိုဖုံးကွယ်ရန် အကောင်းဆုံးကြိုးစားနေကြောင်း ရွှီထန်းချန်သိနေလေသည်။

"သူကအစ်ကို့ကို တက္ကစီစီးပြီးပြန်ခိုင်းတယ် လမ်းမှာဂရုစိုက်လို့လဲ ပြောခိုင်းလိုက်တယ်"

ရွှီထန်းချန်ကဖုန်းကိုတင်းကျပ်စွာဆုတ်ကိုင်ရင်း မေးလိုက်၏။

"သူဘာဖြစ်လို့လဲ?"

ကျောက်ဝေ့ဖန်ကသူ့ကိုတွေ့သွားခဲ့လေသည်။သူမကလျင်မြန်စွာထရပ်က လက်ဝှေ့ယမ်းပြလာ၏။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now