Chapter 56

1K 177 1
                                    


ရွှီထန်းချန်သည် I.Dကတ်ကိုလည်း သူနှင့်အတူယူမလာမိချေ။ထိုညကသူသည် တည်းခိုခန်းငယ်တစ်ခုတွင်သာ နေထိုင်နိုင်ခဲ့လေသည်။အခန်းခကစျေးသက်သာသည့်အပြင် ပတ်ဝန်းကျင်ကလည်းသိပ်မကောင်းလှ။အခန်းတွင်းရှိ အိပ်ယာခင်းများသည် အနံ့အသက်ဆိုးများ ရှိနေ၏။ရိကျယ်ကတော့ သတိမထားမိပေ။ရွှီထန်းချန်သည် အနံ့နှင့်ပတ်သက်၍ အဆင်မပြေသော်လည်း ဘာကိုမှမပြောခဲ့ပေ။တည်းခိုခန်းငယ်သည်လမ်းတစ်ခုနှင့်မျက်နှာချင်းဆိုင်ဖြစ်ကာ ဖြတ်သန်းသွားလာနေသောကားများ၏အသံကြောင့် ရွှီထန်းချန်မှာအိပ်မပျော်နိုင်ခဲ့။

ညတစ်ဝက်လောက်တွင် လေပြင်းများကျလာပြီး မိုးရွာကာ တပေါက်ပေါက်ကျနေသောမိုးစက်များက သူ့ကိုချော့သိပ်နေခဲ့၏။ရွှီထန်းချန်သည်ခဏမျှ မှေးခနဲအိပ်ပျော်သွားကာ သူ့စိတ်များကလည်းရှုပ်ထွေးနေလေသည်။သူတစ်ဝက်လောက်သာ အိပ်ပျော်သွားပြီး တစ်စုံတစ်ခုပြင်းထန်စွာပြုတ်ကျသံက ပြတင်းပေါက်ကိုဖြတ်ကာထွက်ပေါ်လာခဲ့တော့သည်။ရွှီထန်းချန်ကလန့်နိုးသွားပြီး အိပ်ချင်စိတ်သည်လည်းပျက်ပြယ်သွားရ၏။

တစ်ညလုံးမအိပ်ဘဲ အကြာကြီးလဲလျောင်းနေပြီးနောက် မိုးလင်းခါနီးတွင်ခါးအောက်ပိုင်းနာကျင်မှုကိုသက်သာစေရန် အကြိမ်အနည်းငယ်လှည့်လိုက်၏။  အများအားဖြင့်ရိကျယ်သည် နက်နက်ရှိုင်းရှိုင်း အိပ်မောကျနေတတ်သော်လည်း ယခုမူသူကသတိရှိနေပုံရပြီး ရုတ်တရက်နိုးလာခဲ့တော့သည်။

"ကောင်းကောင်းအိပ်မပျော်ဘူးလား?"

ရွှီထန်းချန်က ခေါင်းညိတ်လိုက်လေသည်။လက်တစ်ဖက်ကိုမြှောက်ကာ နားထင်များကိုပွတ်သပ်လိုက်၏။

"ခေါင်းကိုက်တယ်"

"ဒါဆိုခဏလောက် ထပ်အိပ်ချင်သေးလား?"

ရွှီထန်းချန်က ခေါင်းခါလိုက်လေသည်။

တည်းခိုခန်းငယ်ရှိ လိုက်ကာများသည်အိမ်ရှိကုလားကာများနှင့် ယှဉ်၍မရပေ။နေရောင်ခြည်သည် ၎င်းတို့ကိုဖြတ်ကျော်ဝင်ရောက်ကာ အခန်းတွင်း နေရာအနှံ့ပျံ့နှံ့နေပြီဖြစ်လေသည်။ရိကျယ်သည် ရွှီထန်းချန်ကို ခဏမျှစိုက်ကြည့်လာပြီးနောက် လက်တစ်ဖက်ကိုဆန့်ထုတ်ကာ မျက်လုံးများကိုကာပေးလာခဲ့လေသည်။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now