Chapter - 31

1.6K 268 4
                                    

Unicode

၁၆၃၉။ မင်း ငါ့လက်ပ်တော့ပ်ကိုသုံးသေးလား?
________________________

ယခုထိတောင်မှ ပြန်မွေးဖွားလာတဲ့နောက်တစ်ယောက်က ဘယ်သူလဲဆိုတာ ယန်ယွီဟွေ့မသိသေးပါချေ။ သူ့စာမူတွေပိုပိုပြီးပေါ်လာသည်။ သူ့မှာ ပစ္စည်းကောင်းတွေကို ဒီလိုနဲ့ပဲဆုံးရှုံးနေရ၏။

ယန်ယွီဟွေ့ အကူအညီမဲ့နေသည်။ သူ့မှာ ဒီတိုက်ပွဲကနေအနိုင်ရဖို့အတွက် ရှိသမျှအားလုံးထုတ်ရုံသာတတ်နိုင်သည်။

လီရှင်းကျယ်တို့မိသားစုကုမ္ပဏီကထုတ်တဲ့သီချင်းတွေ၊ ရိုက်ကူးတဲ့ဇာတ်လမ်းတွဲတွေကိုမြင်တိုင်း ယန်ယွီဟွေ့ ရဲ့နှလုံးသွေးတွေယိုစီးကျလာသည်။ သူတို့ထုတ်သမျှက လူကြိုက်များတာတွေသာဖြစ်၏။

ယန်ယွီဟွေ့မှာ သူ့ပြိုင်ဘက်ကို အရိပ်ထဲကနေဆွဲထုတ်ချင်မိရပေမယ့် သူ ဘာသဲလွန်စမှမရှာနိုင်ဘဲဖြစ်နေသည်။

အဆောင်မှာတုန်းက သူ့စာမူတွေအခိုးခံရတဲ့အခါ သူ သူ့အခန်းဖော်တွေကိုသံသယဝင်ခဲ့သည်။ သို့သော်ငြား ယခုမူ သူက ပြောင်းလာပြီဖြစ်ပြီး စာမူတွေက အခိုးခံနေရဆဲဖြစ်၏။

"ဘာတွေဖြစ်နေတာလဲ စီနီယာ?"

တံခါးဖွင့်လိုက်ချိန်မှာ အစိတ်စိတ်အမွှာမွှာရိုက်ခွဲခံထားရတဲ့လက်ပ်တော့ပ်ကိုတွေ့လိုက်ရပြီး ဖန်းမုန့်ဟန်အံ့ဩသွားသည်။

ယန်ယွီဟွေ့ရဲ့နီရဲနေတဲ့မျက်လုံးတွေကိုမြင်လိုက်ရချိန်မှာ ဖန်းမုန့်ဟန်ရဲ့နှလုံးသားလေးက ပြင်းစွာဆောင့်ခုန်လာ၏။

ဒီလိုကြောက်ဖို့ကောင်းတဲ့ယန်ယွီဟွေ့ကိုတွေ့ရတာက ဖန်းမုန့်ဟန်အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ သူမက သူ့ကိုမြင်မြင်ချင်းမှာတင်ထွက်ပြေးချင်ခဲ့ပေမယ့် ပေကပ်ကာနေဖို့ သူမကိုယ်သူမ ဖိအားပေးလိုက်သည်။

ယန်ယွီဟွေ့က ဆိုဖာပေါ်မှာ တုတ်တုတ်မလှုပ်ဘဲထိုင်နေသည်။ ဖန်းမုန့်ဟန်က သူ့အတွက် ရေတစ်ခွက်ငှဲ့ပေးကာ နူးညံ့စွာမေးသည်။

"ဘာဖြစ်လို့လဲ စီနီယာ?"

ယန်ယွီဟွေ့က ဖန်းမုန့်ဟန်ကို မျက်တောင်မခတ်တမ်းကြည့်လာသည်။ ဖန်းမုန့်ဟန်မှာ ယန်ယွီဟွေ့ရဲ့မျက်လုံးထဲကသံသယတွေကြောင့်လန့်သွားရပြီး တီးတိုးရေရွတ်သည်။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now