[Unicode]
အခန်း ၈၂၆ ကျန်းဝမ်ဟောက် သဝန်တိုခြင်း“ဟုတ်တယ်၊ ငါတို့နောက်ဆုံးတော့ တွဲဖြစ်သွားပြီ!” အမျိုးသားမှာ ပျော်ရွှင်စိတ်လှုပ်ရှားမှု အပြည့်ဖြင့်ပြန်ဖြေပေသည်။ သူသည် ကျန်းဝမ်မေ့ကို အလွန်သဘောကျကာ အမြဲပိုင်ဆိုင်သွားချင်ခဲ့သည်။ အခုတော့ ကျန်းဝမ်မေ့က သူ့ချစ်သူမိန်းကလေးဖြစ်ဖို့ သဘောတူလိုက်ပြီဖြစ်တာကြောင့် ယနေ့ညသည် သူ့ဘဝအတွက်အကောင်းဆုံးသောညလေးပင်။
အခြားလူများမှာ ရယ်မောလိုက်ကြပြီး ဆက်လက်စနောက်ကြသည်။
ည၁၂နာရီကျော်သည်အထိ သူတို့မပြန်ခဲ့ကြပေ။
ထိုအချိန်တွင်ပဲ ကျန်းဝမ်မေ့ဖုန်းမှ မြည်သံထွက်လာကာ ခေါ်ဆိုသူသည်တော့ ကျန်းဝမ်ဟောက်ပင်။ သူက သူမအခုဘယ်မှာလဲဟုမေးကာ လာကြိုမည့်အကြောင်းပါပြောလာသည်။
ကျန်းဝမ်မေ့တွင် ချစ်သူရှိသွားပြီဖြစ်ပေမည့် ချက်ချင်းကြီးတော့ တစ်ညတာကုန်ဆုံးပေးမည်မဟုတ်တာကြောင့် ကျန်းဝမ်ဟောက်ကို သူမရှိနေသည့်လိပ်စာအား ပြောပြလိုက်သည်။
သူမချစ်သူမှာ အနည်းငယ်စိတ်ပျက်သွားရသော်လည်း အခုချက်ချင်းကြီး သူဖြစ်ချင်တာမှန်သမျှ ကျန်းဝမ်မေ့ကို တောင်းဆိုဖို့မဖြစ်နိုင်သေးကြောင်းလဲ နားလည်ကာ ကျန်းဝမ်မေ့အပေါ် လေးစားမှုထားပေးသည်။
မိနစ်၂၀ကျော်ကြာပြီးနောက် ကျန်းဝမ်ဟောက်ရောက်လာကာ အမူးလွန်ပြီး လမ်းဖြောင့်ဖြောင့်မလျှောက်နိုင်ဖြစ်နေသည့် ကျန်းဝမ်မေ့ကို သူမချစ်သူကပဲ တွဲကာပို့ပေးသည်။
ရုတ်တရက် ထိုမြင်ကွင်းမျိုးကို မြင်လိုက်ရတော့ ကျန်းဝမ်ဟောက် မျက်မှောင်ကြုတ်သွားကာ၊ “မင်းဘာလို့ ဒီလောက်အများကြီးသောက်လာရတာလဲ? ငါသာ လာမကြိုရင် ဘယ်လိုများအိမ်ပြန်မလဲ?” ကျန်းဝမ်မေ့ကို ပြေးတွဲရင်း အပြစ်တင်လိုက်သည်။
“ငါ ဒီနေ့ အရမ်း-အရမ်းကို ပျော်နေတယ်၊ ဒါကြောင့် သောက်တာ!” နောက်တော့ ကျန်းဝမ်မေ့က သူမသူငယ်ချင်းများဘက်ကို လှည့်ကာ နှုတ်ဆက်လိုက်သေးသည်။ “ဘိုင့်-ဘိုင်၊ နောက်မှတွေ့ကြတာပေါ့။”