[Unicode]
အခန်း ၈၆၂ နတ်ဆိုးကျောင်းနှင့်တွေ့ဆုံခြင်းအဝါရောင်ရေပုတ်သင်ကို စိတ်စွမ်းအင်အာကာပြင်ထဲသို့ထည့်လိုက်ပြီးသည်နှင့် ၎င်းက စိတ်စွမ်းအင်အာကာပြင်ထဲမှာလဲ ပင်လယ်ထဲတွင်ရှိနေတုန်းကလို အနေအထားအတိုင်း ဆက်ရှိနေခဲ့သည်။ ၎င်းသည်သက်ရှိတိရိစ္ဆာန်ဖြစ်ပေမည့် လူသားမဟုတ်တာကြောင့် ကုနင်း၏စိတ်စွမ်းအင်အာကာပြင်ထဲသို့ ထည့်သိမ်းထားနိုင်လေသည်။
တခြားငါးတွေကိုတော့ ကုနင်းစိတ်မဝင်စားတော့ပေ။
သူမလုံလုံလောက်လောက်ဖမ်းပြီးပြီဟု ထင်သည်နှင့် ကျောက်ကျန်းချွမ်နားသို့ပြန်လာခဲ့သည်။ အရောင်အသွေးစုံလင်လှသည့်ပင်လယ်စာအိတ်ကြီးကိုမြင်ပြီး ကျောက်ကျန်းချွမ်မှာ အလွန်အံ့အားသင့်နေတော့သည်။
အထဲမှာ ပင်လယ်သတ္တဝါမျိုးစိတ်ပေါင်းဘယ်လောက်တောင်ပါလဲဆိုတာကို သိချင်လာတာကြောင့် သူတစ်ချက်လောက်ကြည့်လို့ရမလား ကုနင်းကိုမမေးဘဲမနေနိုင်တော့ပေ။
အထဲတွင်ပါရှိသည့် ပင်လယ်စာများကို အသေအချာမြင်လိုက်ရသည်နှင့် ပိုလို့တောင် အံ့ဩသွားတော့သည်။ အထဲတွင် ပင်လယ်ခရုကြီးများ၊ ပုစွန်များ၊ ဂဏန်းအကောင်ကြီးများစသည်ဖြင့် အမျိုးအစားအစုံအလင်ပါရှိသည်။ အရမ်းမရှားသော်လည်း ဈေးလဲမပေါသည့်ငါးမျိုးစုံလဲပါရှိသေးသည်။
သူတို့သာ စားသောက်ဆိုင်မှာ ဒီလောက်များသည့်ပင်လယ်စာပမာဏကို စားမည်ဆိုပါက အနည်းဆုံးယွမ်သောင်းကျော်ကျမည်သာ။
ကျောက်ကျန်းချွမ်မှာ ကုနင်းကို ပိုပြီးမလေးစားမိဘဲမနေနိုင်တော့ပေ။
ကုနင်းကတော့ ပြုံးနေကာ သူမကိုယ်သူမအတော်လေးဂုဏ်ယူနေပုံရသည်။
မိနစ်အနည်းငယ်ကြာပြီးနောက်တွင်တော့ ရှန်ကျောက်ရွှမ်နှင့် ကောင်းယိတို့ပြန်ရောက်လာခဲ့ကာ ကုနင်း၏ခါးတွင်ချည်ထားသည့် အိတ်အပိုတစ်လုံးကိုတွေ့ပြီး အံ့ဩသွားကြသည်။ ပင်လယ်စာများမှာ သေချာပေါက်အရသာရှိမည်မှန်း တွေးမိသွားတာကြောင့် တံတွေးပင်မြိုချမိကုန်ကြသည်။