[Unicode]
အခန်း ၈၆၉ ရှုကျင်းလင်နှင့်တွေ့ဆုံခြင်းကျောက်ဖြတ်သူက ကျောက်ရိုင်းတုံးကိုဆက်လက်ဖြတ်တောက်နေကာ တစ်ဝက်မျှဖြတ်ပြီးသည်အထိ ကျောက်စိမ်းပေါ်မလာသေးပေ။ သို့သော်လည်း နောက်စက္ကန့်ပိုင်းအတွင်းမှာပဲ ရှည်လျားသည့် အစိမ်းရောင်အကြောင်းတစ်ခုပေါ်လာတာကြောင့် ကျောက်ဖြတ်သူလဲ ချက်ချင်းရပ်သွားပြီး၊ “အစိမ်းရောင်ပေါ်လာပြီဟေ့!” စိတ်လှုပ်ရှားစွာ အော်ပြောလိုက်တော့သည်။
ထိုစကားကြောင့် ကျောက်စိမ်းရှိသည်ဆိုသောဘက်ကို လောင်းထားသည့်လူများမှာတော့ ပျော်ရွှင်မှုအပြည့်ဖြင့် အားရဝမ်းသာဖြစ်နေတော့သည်။
“အစိမ်းရောင်ပေါ်လာပြီ!”
“နောက်ဆုံးတော့ အစိမ်းရောင်ထွက်လာပြီပေါ့!”
ဆန့်ကျင်ဘက်လောင်းထားကြသူများမှာတော့ လွန်စွာစိတ်ပျက်နေကြသည်။
“ဘယ်လိုလုပ် အစိမ်းရောင်က ချက်ချင်းကြီးပေါ်လာရတာတုန်း?”
“စိတ်တိုဖို့ကောင်းလိုက်ာ!”
သူတို့နိုင်ပြီဟု အပိုင်ထွက်ထားခဲ့ပြီးကာမှ အဆုံးမှာ သူတို့သာ ရှုံးသွားရသည်။
သို့ပေမည့် ဆိုင်ပိုင်ရှင်ကတော့ စိတ်အေးသွားခဲ့သည်။ သူက ကျောက်စိမ်းရှိနေဖို့ မျှော်လင့်ထားခဲ့ခြင်းဖြစ်ကာ ထိုမှသာ သူငွေအများကြီးမဆုံးရှုံးမှာဖြစ်သည်။
“ဒါ အလယ်အဆင့် ရွှေဝါယာကျောက်စိမ်းပဲ။”
ကျောက်ဖြတ်သူက ကျောက်စိမ်းကို သန့်စင်လိုက်ကာ အမျိုးအစားကိုသိရသည်နှင့် ပိုလို့တောင် စိတ်လှုပ်ရှားသွားတော့သည်။
အလယ်အဆင့်ကျောက်စိမ်းတစ်တုံးထွက်ဖို့ဆိုတာ ထင်သလောက်မလွယ်ဘူးလေ။
ထိုစကားကြောင့် ဆိုင်ပိုင်ရှင်သည်တော့ စိတ်မလှုပ်ရှားသွားပဲ ကုနင်းကိုသာ အံ့အားတကြီးလှည့်ကြည့်လိုက်သလို ကောင်တာမှအလုပ်သမားသည်လဲ အလားတူပင်။
ကုနင်းက အစကတည်းက ရွှေဝါယာအမျိုးအစားကိုလောင်းထားခြင်းဖြစ်သည်။