[Unicode]
အခန်း ၉၄၈ ထန်ယွင်ဖန်း မနာလိုဖြစ်နေပြီခန်းမထဲမှဝန်ထမ်းအားလုံးလဲ သူတို့ရှေ့မှကောင်မလေးနှင့်ထန်ယွင်ဖန်းတို့၏ရုပ်ရည်က ဘယ်လောက်တောင် ဆင်တူနေလဲ ပိုလို့သတိထားမိသွားကြတော့သည်။
“ဥက္ကဌထန်။” ချင်ကွမ်းမင်က ထန်ယွင်ဖန်းကို လေးလေးစားစားနှုတ်ဆက်လိုက်သည်။
“ဥက္ကဌထန်။” လုံခြုံရေးအစောင့်သည်လဲ အလားတူပင်နှုတ်ဆက်လိုက်ပေသည်။
“မင်-မင်္ဂလာပါ ဥက္ကဌထန်။” ချိုးလီလီသည်တော့ ကြောက်လန့်နေတာကြောင့် တုန်တုန်ရီရီဖြင့်နှုတ်ဆက်လိုက်သော်လည်း ထန်ယွင်ဖန်းနှင့်မျက်လုံးချင်းဆုံမကြည့်ရဲပေ။
“ဒီမှာ ဘာတွေဖြစ်သွားတာလဲ?” ထန်ယွင်ဖန်းကမေးလိုက်သည်။
ထန်ယွင်ဖန်းသည် အင်အားကြီးကာ အောင်မြင်သည့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တာနှင့်အညီ သဘာဝအတိုင်းအရှိန်အဝါအပြည့်နှင့်ဖြစ်တာကြောင့် ကုနင်းကလွဲလို့ အနားရှိလူတိုင်း ဖိအားများကုန်ကြသည်။
ထန်ယွင်ဖန်း၏အမေးကိုကြားသည်နှင့် ချင်ကွမ်းမင်ကပဲ ချက်ချင်းဖြေလာခဲ့သည်။ “ဥက္ကဌထန်၊ မိန်းကလေးချိုးက ဒီအမျိုးသမီးကိုဝင်တိုက်ပြီး ဖုန်းလွတ်ကျသွားစေခဲ့ပါတယ်၊ ဒါပေမယ့် တောင်းလဲမတောင်းပန်ခဲ့ပါဘူး။ ဒီအမျိုးသမီးဘက်က တောင်းပန်ဖို့ပြောလာပေမယ့် မိန်းကလေးချိုးကတော့ ပြန်တောင်ခြိမ်းခြောက်ခဲ့ပါသေးတယ်။”
ချင်ကွမ်းမင်အမှန်အတိုင်းသာပြောခဲ့သည်။ ထို့အပြင် ချိုးလီလီလက်က လွတ်ဖို့အတွက် သူမရှာခဲ့သည့်ပြဿနာကိုလဲ သူ့အဖေကိုပြန်ပြောပြဖို့ စိတ်ကူးထားသည်။ သူ့အနာဂါတ်အလုပ်အကိုင်နှင့်ယှဉ်လာလျှင်တော့ သူ့အဖေကလဲ သူ့ကိုဆက်ပြီးတွန်းအားပေးနေတော့မှာမဟုတ်ဟု ယုံကြည်ပေသည်။
သူမနှင့်တွေ့ကြည့်ဖို့ရန် သူ့အဖေက တွန်းအားပေးနေဦးမယ်ဆိုရင်တောင်မှ သူ့ပျော်ရွှင်မှုအတွက် အဆုံးထိငြင်းဆန်နေဦးမှာဖြစ်သည်။
ထန်ယွင်ဖန်းက ချိုးလီလီကိုကြည့်ကာ မေးလိုက်သည်။ “မိန်းကလေးချိုး၊ ဒီနေရာက မင်းလုပ်ချင်ရာလုပ်လို့ရနေနိုင်ရအောင် မင်းမိသားစုပိုင်ကုမ္ပဏီလို့များထင်နေတာလား?”