[Unicode]
အခန်း ၉၅၂ မိသားစုကဘယ်လောက်များချမ်းသာလို့လဲ?“ကောင်းလိုက်တာ၊ အခုမှပဲစိတ်အေးတော့တယ်။” ကျန်းရှု အခုမှပဲသက်ပြင်းချနိုင်သွားတော့သည်။ ကျန်းရှုအနေနဲ့ ကုချင်းရှန်ထက် ကုနင်းကိုပိုတန်ဖိုးထားမှန်းသိသာလှသည်။ ကုချင်းရှန်ကိုကူညီလိုက်တယ်ဆိုတာကလဲ ကုချင်းရှန်လုံးဝကိုဒုက္ခရောက်နေခြင်းကြောင့်သာဖြစ်သည်။
“ကျွန်မပြောသားပဲ နင်းနင်းကရှင့်ကိုအပြစ်တင်မှာမဟုတ်ပါဘူးဆို။ ထပ်စိုးရိမ်နေဖို့မလိုတော့ဘူး။” ကုချင်ကပါပြောလိုက်သည်။
ကျန်းရှုပြုံးလိုက်ပြီး ဘာမှပြန်မပြောတော့ပေ။
မကြာခင်မှာပဲ ကုချင်းယန်တို့မိသားစုလဲရောက်ရှိလာခဲ့သည်။ သို့သော် သူတို့လေယာဉ်ပေါ်မှဆင်းသည်နှင့် ရင်းနှီးနေသည့်လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ စိတ်ချမ်းမြေ့ဖွယ်ရာတွေ့ဆုံခြင်းတော့မဟုတ်ပေ။
“အိုး၊ ဝမ်ယွီလန်ပါလား၊ မတွေ့တာကြာပေါ့! နင့်မိသားစုလဲ ခရီးထွက်လာတာလား? အရင်တစ်ခေါက်တုန်းကကျတော့ အဖွဲ့လိုက်ခရီးထွက်ဖို့အတွက် ငွေမရှိဘူးလို့ပြောခဲ့တယ်မဟုတ်ဘူးလား? နင့်မိသားစုက အိမ်ဝယ်လိုက်လို့ ငွေပြတ်နေတယ်ဆို? Bမြို့လာဖို့အတွက်ကျဘယ်ကငွေရသွားတာလဲ? ဒီနေရာမှာ နေထိုင်စားသောက်စရိတ်က အရမ်းကြီးတယ်ဆိုတာ နင်မသိထားဘူးလား?”
ထိုရင်းနှီးနေသည့်လူမှာ ဝမ်ယွီလန်၏လုပ်ဖော်ကိုင်ဖက်ဖြစ်ကာ အသက်ကတော့ ၃၇နှစ်ရှိပြီဖြစ်သည်။ သူမပုံစံအရ မောက်မာကာမာနကြီးပုံရပြီး ဝမ်ယွီလန်တို့မိသားစုအပေါ် အထင်သေးပုံကို ကွယ်ဝှက်ထားခြင်းမျိုးလဲမရှိပေ။
ကုချင်းယန်တို့မိသားစုသည် အိမ်ဝယ်ထားကာစဖြစ်တာကြောင့် တကယ်ကိုငွေကြေးကြပ်တည်းနေတာဖြစ်သော်လည်း ကုန်းကောက်စရာမရှိလောက်အောင် ဆင်းရဲမွဲတေနေတာတော့မဟုတ်သေးပေ။
ထိုအမျိုးသမီးကလဲ ဒီလောက်တော့သိပေမယ့် အစိုးရအလုပ်လုပ်နေတာခြင်းအတူတူတွင် ဝမ်ယွီလန်က သူမထက်ပိုဆင်းရဲတာကြောင့် လှောင်ပြောင်ကာ မနှိမ်ရဘဲကိုမနေနိုင်တာဖြစ်သည်။