[Unicode]
အခန်း ၉၅၃ အမှန်ပဲလား?“ကျွန်တော့်ညီမကြွားပြောနေတာမဟုတ်ဘူး! JadeBeautyလက်ဝတ်ရတနာလုပ်ငန်းကို ကြားဖူးလား? အဲ့ဒီဘရန်းက ကျွန်တော့အစ်မပိုင်တာပဲ။” ကုချင်းရှီကပါ ဝင်ပြောလာသည်။
“ဘာ? JadeBeautyလက်ဝတ်ရတနာလုပ်ငန်းက နင်တို့ဆွေမျိုးပိုင်တာလား?”
အမျိုးသမီးမှာ ဘယ်လိုမှမယုံကြည်နိုင်ဖြစ်လို့နေသည်။
သူမလဲ Gမြို့မှာနေတာဖြစ်ကာ JadeBeautyလက်ဝတ်ရတနာ၏ပထမဆုံးဆိုင်သည် Gမြို့မှာဖွင့်ခဲ့တာဖြစ်သည်။ ထို့အပြင် JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ရင်းနှီးမြှုပ်နှံမှုမှာ ယွမ်သန်းတစ်ရာကျော်ကာ ဆိုင်ဖွင့်ပွဲတုန်းကလဲ Gမြို့မှအထူးပုဂ္ဂိုလ်တစ်ဝက်လောက်တက်ရောက်ခဲ့သေးကြောင်းလဲ သူမသိထားသည်။ ဒါ့အပြင် JadeBeauty၏ပိုင်ရှင်မှာ ၁၈နှစအရွက်မိန်းမငယ်လေးတစ်ယောက်လဲဖြစ်သေးသည်။
“ဒါပေါ့!”
ကုချင်းရှိနှင့်ကုယင်ယင်တို့ အတော်လေးဂုဏ်ယူနေကြသည်။ သူတို့ကြွားချင်လွန်းနေတာမဟုတ်ဘဲ ထိုအမျိုးသမီးမောက်မာနေမှုကို ဆက်သည်းမခံနိုင်ကြရုံသာဖြစ်သည်။
ကုချင်းယန်နှင့်ဝမ်ယွီလန်တို့ကလဲ ထိုအမျိုးသမီးကိုမုန်းတီးနေကြတာကြောင့် ကုချင်းရှီနှင့်ကုယင်ယင်တို့ကို တားမြစ်ခြင်းမပြုကြပေ။ သူတို့ကတော့ လူကြီးများဖြစ်သလို မိဘများလဲဖြစ်တာကြောင့် သူတို့ကိုယ်တိုင်ဝင်ပြောဖို့ အဆင်မပြေသော်လည်း ကလေးတွေကိုတော့လွှတ်ထားလို့ရသည်။
ကုနင်းက အလွန်ချမ်းသာခြင်းဖြစ်ကာ သူတို့ချမ်းသာတာမဟုတ်သော်လည်း သူတို့က အလွန်ချမ်းသာသည့်လူ၏ဆွေမျိုးဖြစ်နေလျှင် တခြားလူတွေက လေးစားနေကြဦးမည်ဖြစ်သည်။
“တ-တကယ်လား?”
“ကျွန်တော်တို့တစ်ခုမှလိမ်မထားဘူး။ ကိုယ်ဘာသာစစ်ကြည့်လိုက်ပေါ့။” ကုချင်းရှီက မျက်လုံးကိုအသာလှန်ကာ အမျိုးသမီးကိုကြည့်လိုက်သည်။
တကယ်တော့ ထိုအမျိုးသမီးသည်လဲ ဝမ်ယွီလန်၏ဆွေမျိုးက အလွန်ချမ်းသာသူဖြစ်သည်ကို မယုံတာမဟုတ်ဘဲ မယုံချင်ရုံသာဖြစ်သည်။