[Unicode]
အခန်း ၈၇၃ သခင်လေးကျန့်“ညမုန့်ဈေးတန်းလမ်းကိုသွားကြမလား? အခုတော်တော်လေး နောက်ကျနေပြီဆိုတော့ အဲ့ဒီမှာဆို စားကောင်းတာတစ်ခုခုတွေ့မှာပါ။” လင်ရှောင်းထင်ကလဲ အစားရွေးသူမဟုတ်တာကြောင့် ကုနင်းပြောသမျျကို ထောက်ခံပေးနေသည်။
HKသည် မြို့ကြီးတစ်မြို့မဟုတ်တာကြောင့် ညမုန့်ဈေးတန်းလမ်းသို့ မကြာခင်မှာပဲ ရောက်ရှိသွားကြသည်။ တစ်လမ်းလုံး လူများစွာဖြင့် စည်ကားလို့နေသည်။ ကုနင်းနှင့်လင်ရှောင်းထင်လဲ ကားကိုရပ်ကာ လမ်းလျှောက်ဝင်လာခဲ့ကြသည်။
လူကြပ်နေသည်ဆိုကတည်းက ဤညမုန့်ဈေးတန်းလမ်းထဲတွင် လူမျိုးစုံလဲရှိနေမည်မှာ အသေအချာပင်။
လမ်းတစ်လျှောက် အရက်မူးနေသည့်သူများက ကုနင်းကို လေလေးချွန်ကာ ကလူဖို့ကြိုးစားကြပေမည့် အများစုကတော့ လင်ရှောင်းထင်၏အေးစက်စက်အကြည့်ကြောင့် ရပ်သွားကြသည်။ သို့ပေမည့် လင်ရှောင်းထင်ကို လျစ်လျူရှုကာ ရှေ့ဆက်တိုးဖို့ကြံနေသူအနည်းငယ်လဲ ရှိသေးသည်။
ကျန့်မိသားစု၏တတိယမြောက်သားဟုပြောသော လူငယ်လေးက ကုနင်းကို ကောက်ကျစ်မှုအပြည့်ဖြင့်ကြည့်နေပြီး သူ့အပေါင်းအသင်းများဘက်ကိုလှည့်ကာ သူမသာ သူ့အလိုကို ကျေနပ်အောင်ဖြည့်စည်းပေးလျှင် ဘဝတစ်လျှောက်လုံးကောင်းကောင်းမွန်မွန်နေနိုင်မည်ဟု အော်ကြီးဟစ်ကျယ်ပြောဆိုနေသည်။
ဤတစ်ကြိမ်မှာတော့ ကုနင်းသာ အရှက်ခွဲခံရသလို ခံစားရသည်မဟုတ်ဘဲ လင်ရှောင်းထင်သည်လဲ အလွန်ဒေါသထွက်လာတော့သည်။
လူလည်ခေါင်မှာ တခြားယောက်ျားတစ်ယောက်မှနေပြီး ကိုယ်ချစ်ရတဲ့မိန်းကလေးကို ထိပါးပြောဆိုလာသည်အား ဘယ်ယောက်ျားလေးကမှ လက်ခံပေးနိုင်မည်မဟုတ်ပေ။ ဒါကြောင့် လူငယ်၏စကားမဆုံးသေးခင်မှာပဲ လင်ရှောင်းထင်က ထိုလူငယ်ကို အားပြင်းပြင်းနှင့်ကန်ချလိုက်တော့သည်။
အကန်ခံလိုက်ရသည့်လူငယ်မှာ သုံးမီတာလောက်အထိလွင့်သွားပြီးကာမှ မြေပေါ်ပြုတ်ကျလာတော့သည်။ တစ်ချိန်တည်းမှာပဲ ထိုလူငယ်၏နာကျင်စွာအော်ညည်းသံက အနားတစ်ဝိုက်မှလူများအားလုံးကို သတိထားမိသွားစေသည်။