[Unicode]
အခန်း ၈၉၅ ဟဲရှီယန် ထွက်ပြေးသွားခြင်း“ဥပဒေနဲ့မညီဘူးပေါ့? ငါမှ ဥပဒေကိုမကြောက်တာ!” ကုနင်း တစ်ဖက်လူများကြောက်သွားစေရန် ပိုပိုသာသာပြောလိုက်သည်။ တစ်ခါတလေတော့ ကိုယ့်ဘက်ကရက်စက်ကြမ်းတမ်းပေးလိုက်ဖို့လိုအပ်သည်။
ကုနင်း လူတွေကိုမသတ်ပါဘူးလို့ ကတိမပေးသော်လည်း သူမ,မသတ်လိုက်ခင်တော့ တစ်ဖက်လူက သူမရန်သူ ဒါမှမဟုတ် အပြစ်သားတစ်ယောက်ဖြစ်နေရဲ့လားဆိုတာကို သေချာခွဲပေဦးမည်။
တစ်ဖက်လူသုံးယောက်သည်တော့ အခုချိန်မှာ ဘယ်လိုမှပြန်မပြောနိုင်တော့ပေ။ လင်ရှောင်းထင်နှင့်ကုနင်းတို့က ဟဲရှီယန်ကိုရှာဖို့လာကြတယ်ဆိုမှတော့ ဟဲမိသားစုနှင့် တစ်နည်းနည်းဆက်နွှယ်မှုရှိကြပေလိမ့်မည်။ ဟဲမိသားစုသည် HKတွင် အင်အားကြီးမိသားစုဖြစ်ကြောင်းလူတိုင်းသိကြကာ သူတို့အတွက် လူသုံးယောက်လောက်ကို သတ်ကာအစဖျောက်ပစ်ဖို့က အလွန်လွယ်ကူလှသည်။ ဒါကြောင့် ထိုလူသုံးယောက်လဲ ပြောသင့်မပြောသင့်တွန့်ဆုတ်နေတော့သည်။
“အိုး၊ ဒါနဲ့ ဟဲဟုန်ယွမ်က လောင်းကစားပြိုင်ပွဲမှာ ရှုံးသွားပြီနော်။ ဒီတော့ မင်းတို့ကိုအသာထား သူ့ကိုယ်သူတောင် အနိုင်နိုင်ကာကွယ်နေရမှာ။”ကုနင်း ထပ်ပြောလိုက်သည်။
ထိုစကားကြောင့် ထိုလူသုံးယောက်လုံးစိတ်ပျက်သွားကြတော့သည်။
ဟဲဟုန်ယွမ် တကယ်ရှုံးသွားတာလား?
လွန်ခဲ့တဲ့တစ်နာရီကပဲ သူတို့ဟဲဟုန်ယွမ်ဆီက ဖုန်းလက်ခံရရှိထားကာ ဟဲဟုန်ယွမ်ကလဲ ဟဲရှီယန်ကို အမြန်ဆုံးပြန်ဖမ်းဖို့ အမိန့်ပေးခဲ့သည်။ သူပြောခဲ့ပုံအရ အရေးပေါ်အခြေအနေဖြစ်နေပုံရသည်။
ဒီတော့မှ သူတို့လဲ ဟဲဟုန်ယွမ်တကယ်ရှုံးသွားခဲ့သလားဆိုသည်ကို တွေးမိသွားတော့သည်။ မဟုတ်လျှင် သူတို့ကို ဒီလောက်အလောတကြီးနိုင်သည့်အမိန့်မျိုးပေးစရာအကြောင်းမရှိပေ။ ဟဲဟုန်ယွမ်သာ အနိုင်ရသူဆိုလျှင် ဘာကြောင့် ဟဲရှီယန်ကို အလျင်စလိုပြန်ရှာခိုင်းတော့မလဲ။