[Unicode]
အခန်း ၈၅၈ မင်းသွားရှုပ်လို့ရတဲ့လူမဟုတ်ဘူးအစတုန်းကတော့ လီမြောင်စုန့်တို့အဖွဲ့မှာ သူတို့ဘေးကင်းရေးအတွက် စိုးရိမ်ပူပန်နေကြပေမည့် ကုနင်းပါ သူတို့နှင့်အတူလိုက်မည်မှန်း သိရသည်နှင့် စိတ်အေးသွားတော့သည်။ ကုနင်းသာဆိုလျှင် သူတို့အပြည့်အဝယုံကြည်ပေသည်။
“မိန်းကလေးကု၊ ဒီသတင်းတွေကို ငါ့သူငယ်ချင်းစီကနေ ကြားခဲ့တာဆိုတော့ သူနဲ့သူ့သူငယ်ချင်းတွေပါ ငါတို့နဲ့အတူသွားကြမှာ။ တန်ဖိုးရှိတာတစ်ခုခုရှာတွေ့ရင် သူတို့လဲ ငါတို့နဲ့အတူခွဲယူကြမယ်။ မင်းအဆင်ပြေရဲ့လား?” လီမြောင်စုန့်မေးလိုက်သည်။
“ရတာပေါ့။”
တကယ်တော့ သင်္ဘောထဲတွင် တကယ်အဖိုးတန်သည့်ပစ္စည်းများရှိနေလျှင် ကုနင်း အရင်ဆုံး ထိုပစ္စည်းများကို သူမ၏စိတ်စွမ်းအင်အာကာပြင်ထဲ ထည့်ထားလိုက်လို့ရကာ ကျန်သည့်ရှေးဟောင်းပစ္စည်းတွေကိုမှ သူတို့နှင့်ခွဲဝေလို့ရပေသည်။
ကုနင်း၏ရက်ရောတတ်မှုကို သူတို့သိထားသော်လည်း သူမထံမှသဘောတူညီချက်ကို ထပ်မေးကြည့်ကြခြင်းဖြစ်သည်။
“ငါတို့ မနက်ဖြန်မနက်၇နာရီ ဒီဟိုတယ်မှာဆုံကြတာပေါ့၊ မင်း ဒီမှာပဲ ငါတို့ကိုလာတွေ့မလား၊ ဒါမှမဟုတ် လာကြိုပေးရမလား?”
“မနက်ဖြန် ၇နာရီမတိုင်ခင် ကျွန်မတို့ ဒီမှာပဲစုံကြတာပေါ့။”
ထိုသို့ဖြင့် ညှိနှိုင်းမှုပြီးစီးသွားသည်။
အရေးကြီးစီးပွားရေးကိစ္စများကိုပြောပြီးနောက် သာမာန်စကားဝိုင်းကိုစတင်ကြသည်။ ထိုအချိန်တွင်ပဲ ကောယိယန်က စိတ်လှုပ်ရှားနေဟန်ဖြင့်၊ “မိန်းကလေးကု၊ ငါဒီရက်တွေအတွင်း အင်တာနက်ပေါ်မှာ မင်းအကြောင်းသတင်းတွေအများကြီးဖတ်ခဲ့ရတယ်။ မင်းရဲ့အောင်မြင်မှုတွေက တကယ်ကို လေးစားမိစေတာပဲ။”
“အဟုတ်ပဲ! မိန်းကလေးကု၊ မင်းမလုပ်နိုင်တဲ့အရာကော ရှိသေးရဲ့လား?” ကျောက်ကျန်းချွမ်ကပါ စနောက်လိုက်သည်။
ကုနင်းပြုံးလိုက်ကာ၊ “ကျွန်မက သာမာန်လူအများစုထက် တချို့အရာတော်တော်များများမှာ ပိုတော်နေရုံပါ အရာရာတိုင်းလုပ်နိုင်တယ်လို့တော့ မဆိုလိုပါဘူး။”