[Unicode]
အခန်း ၉၄၀ ကျန်းထန်ဟောက်ဒီလူက ကြည့်မကောင်းသော်လည်း သူ့ကိုယ်သူတော့ အရမ်းယုံကြည်ချက်ရှိနေပေသည်။ သူ့မိသားစုက ချမ်းသာတာကြောင့် လူတိုင်းထက်သူကသာလွန်သည်ဟု သွေးနားထင်ရောက်နေသူဖြစ်သည်။
ကျောက်ရှောင်ရွှမ်းကိုတောင်မှ သူက မိသားစုစီးပွားရေးကိုဆက်ခံရမည်ဖြစ်၍ သူမကတော့ အချိန်ပြည့်အိမ်ရှင်မတစ်ယောက်အဖြစ်နေဖို့တောင် ပြောထားပေသည်။
ထိုစကားကိုကြားလိုက်ကတည်းက ကျောက်ရှောင်ရွှမ်း သဘောမကျတော့တာဖြစ်သည်။
အိမ်ရှင်မတစ်ယောက်အဖြစ်တော့ သူမဘဝကိုမကုန်ဆုံးချင်ပေ။ သို့သော်လည်း ထိုယောက်ျားကတော့ အမျိုးသမီးတွေက အိမ်မှာပဲနေကာ သူတို့ခင်ပွန်းနှင့်သားသမီးတွေကို ပြုစုစောင့်ရှောက်ဖို့အတွက် အပြင်အလုပ်များထွက်သင့်သည်ဟု ပြောလာခဲ့သည်။ စီးပွားရေးလုပ်ဖို့က အမျိုးသားတစ်ယောက်၏တာဝန်ဖြစ်တာကြောင့် အနာဂါတ်မှာ ကျောက်မိသားစု၏စီးပွားရေးကိုပါ သူယူဖို့စီစဉ်ထားခဲ့သည်။
ကျောက်ရှောင်ရွှမ်း၏သဘောထားနှင့်ယခင်တွေ့ကြုံခဲ့ရသည့်အခြေအနေများကြောင့် သူမအနေနှင့်သဘောတူပေးဖို့မဖြစ်နိုင်ပေ။ သို့သော် သူမ,မပေါက်ကွဲခင်မှာပဲ ကုနင်းနှင့်ယုကျီတို့ပေါ်လာခဲ့သည်။
ထိုလူက ကုနင်းကိုသတိထားမိသွားသော်လည်း ချက်ချင်းကြီးစကားရောဖောရောသွားမလုပ်ခဲ့ပေ။ ထိုအစား ကုနင်းထိုင်ခုံမှာထိုင်ပြီးသွားကာမှ ကျောက်ရှောင်ရွှမ်းကိုသာ ပြောလိုက်သည်။ “မိန်းကလေးကျောက်၊ ငါ့အသိတစ်ယောက်ကိုတွေ့လိုက်လို့၊ ခွင့်ပြုပါဦး။”
ယဉ်ယဉ်ကျေးကျေးပြောနေတာတောင်မှ သူ့အပြုအမူတွေကရွံစရာကောင်းလှသည်။
“ရပါတယ်။” သူတမင်လုပ်နေမှန်း ကျောက်ရှောင်ရွှမ်းနားလည်ပေမည့် တားမြစ်ခြင်းမပြုခဲ့ပေ။ ဒီလူဘာဖြစ်သွားမလဲဆိုသည်ကို သူမသိချင်နေခြင်းပင်။
ထို့နောက် ထိုလူက မတ်တပ်ထကာ ကုနင်းရှိရာသို့လျှောက်သွားခဲ့သည်။