Chapter 13

3.6K 477 15
                                    

Chapter-13
သနားစရာကောင်းတဲ့လူ
............


ယန်ချွင်နိုင်ငံ၏ မတ်လ၌ဖြစ်သည်။
ရှင်းကျောက်ရန် ဂေဟာသည်တရားဝင်ဖွင့်လှစ်လိုက်သည်။ ထို ဂေဟာ၏ ဥယျာဥ်ပွဲတော် ပွဲလမ်းသဘင်သို့ ရှီရှန်းမြို့တော်မှ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများစွာ တက်ရောက်ကြသည်။

နျဲ့ပုဖန်တို့ သုံးဦးသည်လည်း ရှင်းကျောက်ရန်သို့သွားရန် ဝတ်ကောင်းစားလှများ ဆင်မြန်းထားလျှက်ရှိကြ၏။ အဝတ်အစားအားလုံးကိုတော့ ကျန်းကျွင်းရှီကပဲ စီစဥ်ပေးထားခြင်းဖြစ်လေသည်။

လီယီကတော့ မလိုက်ချင်ပဲနေခဲ့ချင်သည်။ သူ ကျီဝေါရွာ၌ ပုန်းနေရသည့် အကြောင်းအရင်းမှာလည်း ထိုကိစ္စကိုရှောင်ချင်၍ ဖြစ်ပေသည်။ ထို့ကြောင့် လီယီသည် ရွာမှာနေခဲ့မည် တကဲကဲချည်း လုပ်နေလေသည်။

နျဲ့ပုဖန်ကပဲ ဖြောင်းဖြချော့မော့ရသည်။
''မင်းကို ငါရွာမှာတစ်ယောက်တည်းဘယ်လိုလုပ်ထားခဲ့ရက်နိုင်မှာလဲ။ အတူတူသွားရအောင်ပါကွာ၊ ငါကာကွယ်ပေးပါမယ်။ မင်းက နတ်မိမယ်ရွေးချယ်တာမခံချင်ဘူးဆိုလည်း မင်းအရွေးမခံရအောင် ငါလုပ်ပေးပါမယ်''

လီယီကလည်း ခေါင်းခါ၌ငြင်းသည်။

''မဟုတ်ဘူး ငါမသွားတာပိုကောင်းမယ်၊ အဲ့ဒီကိုရောက်တဲ့အခါ လီဟိုက်နဲ့ဆုံလိမ့်မယ်၊ ဒါဆိုရင် ငါပြန်ထွက်လာဖို့ခက်လိမ့်မယ်''

''လီဟိုက်လား ... စိတ်မပူပါနဲ့''
နျဲ့ပုဖန်က ပြုံးလျှက်ဆို၏။

''ငါတို့အတူတူသွားတာပဲ၊ ပြန်လာတော့လည်းအတူတူပြန်လာရမှာပေါ့။ ငါတို့ကခွဲမရတဲ့ လှောင်အိမ်တစ်ခုတည်းက ကြက်သူရဲကောင်းတွေလေ သိတယ်မလား''

ကျန်းကျွင်းရှီကတော့ ဘာမှဝင်မပြောပဲကြည့်နေ၏။
လီယီသည် ပိုမိုပြတ်သားသောအသံဖြင့် အခိုင်အမာငြင်းဆန်နေ၏။
''မသွားဘူး''

ကြက်လှောင်အိမ်ထဲက သူရဲကောင်းသုံးယောက်ဆိုသောစကားမှာ ရှက်စရာကောင်းနေသည်။

နျဲ့ပုဖန်သည် လီယီ၏ပုခုံးကို သေချာဆုပ်ကိုင်၍  သက်ပြင်းချကာပြောလိုက်သည်။
''ငါ မင်းရဲ့အသက်သခင်အနေနဲ့ မင်းဆီကဘာမှပြန်မတောင်းဆိုဖူးဘူး၊ ငါမင်းကို အစားအသောက်အဝတ်အစားတွေအပြင် အိပ်ရာကိုပါနွေးထွေးအောင်ပြုလုပ်ပေးခဲ့တယ်။ မင်းက ဘာကိုမှအားနာစိတ်မဖြစ်ပဲ မင်းလုပ်ချင်တာကို လုပ်လို့ရပါတယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်၊ မင်းကမှ ငါ့ကိုလူကောင်းလို့မထောက်ခံပေးရင် ဘယ်သူကထောက်ခံပေးမှာလဲ''
ခြေလှမ်း အနည်းငယ်အကွာမှာရှိနေသော ကျန်းကျွင်းရှီသည်လည်း လီယီအား စာနာသနားသောအကြည့်တို့ဖြင့် ကြည့်လေ၏။
နျဲ့ပုဖန်၏ စကားကြောင့် လီယီမှာ မျက်နှာပျက်ကာ တောင့်တောင့်ကြီးဖြစ်သွားရသည်။

''မင်းနေခဲ့ချင်တယ်ဆိုရင် နေခဲ့လို့ရပါတယ်၊ ငါ့ရဲ့ ကြက်ညီအစ်ကိုမောင်နှမတွေကို မင်းကိုအဖော်ပြုဖို့ထားခဲ့ပေးမယ်''
နျဲ့ပုဖန်က သဘောထားကြီးစွာပြောသည်။

လီယီမှာ ပို၍မျက်နှာပျက်သွား၏။

နျဲ့ပုဖန် ထပ်ပြောလိုက်သည်။
''ငါ့ကို လူကောင်းပါလို့ ဘယ်သူမှမထောက်ခံပေးလည်းရပါတယ် စိတ်မပူပါနဲ့''

လီယီမှာ ကောင်းကင်ဘုံကိုသာ အပြစ်လှမ်းတင်ရတော့မည်။
ဘာလို့ ဒီလိုလူက သူ့အသက်ကိုကယ်ခဲ့သေးလဲ။ အဲ့ဒီကိုသွားမယ့်အစား ထပ်သေလိုက်တာက ပိုကောင်းဦးမယ်။

နောက်ဆုံးမှာတော့ အားလုံးသိတဲ့အတိုင်းပဲ လီယီမှာ သူ့အသက်သခင်ကျေးဇူးရှင်၏ ညစ်မှုအောက်၌အရှုံးပေးလိုက်ရပါသည်။

သို့သော် လီယီ၏ ဖိတ်စာကဒ်မှာ အစ်ကိုဖြစ်သူလီဟိုက်၏ လက်ထဲ၌ရှိနေလေသည်။ ရှင်းကျောက်ရန်သို့ဝင်ရန် အရင်ဆုံး လီဟိုက် ဆီပြန်သွား၍ ဖိတ်စာကိုယူရမည်ဖြစ်သည်။ ထို့ကြောင့် ရှီရှန်းမြို့သို့ ရောက်တယ်ဆိုရင်ပဲ လီယီက ဖိတ်စာယူရန်ထွက်သွားပြီး နျဲပုဖန်နှင့် ကျန်းကျွင်းရှီတို့ ရှင်းကျောက်ရန်သို့ သွားရန်အသီးသီး လမ်းခွဲလိုက်ကြ၏။

ယနေ့တွင် ရှင်းကျောက်ရန်၏ အပြင်ဘက်၌ လှည်းတန်းရှည်ကြီးမှာ တန်းစီနေလျှက်ရှိလေသည်။ မိုးရွာပြီးနောက်၌ ထွက်ပြူလာကြသော ဝါးစို့မျှစ်ဖူးများကဲ့သို့ သစ်လွင်တောက်ပသော လူငယ်များနှင့်လှပသော အမျိုးသမီးလေးများသည် ရှင်းကျောက်ရန် ဝန်းကျင်၌ တစုစုတရုံးရုံးဖြစ်နေကြ၏။

နျဲ့ပုဖန်သည် မျက်လုံးကို ဘယ်ကြည့်လိုက်ညာကြည့်လိုက်ဖြင့် ပြုံးစိစိဖြစ်နေသည်။ ထို့နောက် သူ့ဘေးမှ ဖြတ်သွားသူမှန်သမျှကို လိုက်နှုတ်ဆက်နေလေသည်။

နှုတ်ဆက်သမျှ လူတိုင်းကလည်း သူတို့ကိုတလေးတစား ပြန်နှုတ်ဆက်ကြသည်။ အကြောင်းမှာ နျဲ့ပုဖန်ကိုတော့ လူတွေမသိကြပေမယ့်၊ သူ့ဘေးကကျန်းကျွင်းကတော့ ကျောက်တုံးတွေကိုတောင် ရွှေအဖြစ်ပြောင်းနိုင်သော စီးပွားရေသမား၊ သူဌေးကြီးတစ်ဦး၏သားဟု နာမည်ကြီးသူဖြစ်သည်။

ရှင်းကျောက်ယန် ဥယျာဉ် ပွဲတော်အား တစ်လတိတိ ကျင်းပမည်ဖြစ်သည်။
ဥယျာဥ်ခြံဝန်း၏အတွင်း၌ စာအုပ်စင်ကြီးများရှိသည်။ သည့်အပြင် စစ်တုရင်ခုံများ၊ စာရေးစုတ်တံအမျိုးမျိုး၊ မှင်အိုး၊မှင်ကျောင်များ၊ စက္ကူများနှင့်  ဂီတတူရီယာပစ္စည်းအမျိုးမျိုး စသည်တို့ကိုလည်းဥယျာဥ်ထဲ၌ ခင်းကျင်းထားရှိသည်။
သည့်အပြင် ဥယျာဥ်၏ရေကန်ထဲ၌ လှေများ၊ ကမ်းနား၌ ငါးဖမ်းကရိယာများ၊ သစ်ပေါ်တို့ပေါ်တွင် ကဗျာစာများ၊ ပဟေဋ္ဌိများ ရေးသားထားသောပေစာ,စာရွက်တို့ကိုချိတ်ဆွဲထား၏။ သိုင်းပညာရှင်တို့အတွက် ပညာချင်းဖလှယ်နိုင်ရန် စည်းဝိုင်းများလည်းထားရှိပေးသည်။
ပွဲတက်လာသော အမျိုးကောင်းသားများသည် ၎င်းတို့ကျွမ်းကျင်သော အတတ်ပညာအမျိုးမျိုးကို စိတ်ရောကိုယ်ပါနှစ်၍ ပြသရမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ နတ်သမီးတမျှလှပသော အမျိုးကောင်းသမီးတွေထဲက ၎င်းတို့အတွက်ကြင်ရာတော်ကို ရှာဖွေခွင့်ရှိပါသည်။
ပြိုင်ဘက်ကို ရှုံးနိမ့်သွားသူတို့မှာ တစ်ဖက်သား မည်သူ့ကိုမှ အပြစ်တင်ခွင့်၊ ပြသနာရှာခွင့်မရှိပေ။ ဤသို့ ဥယျာဥ်ပွဲတော် ကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ ကောင်းသောအရာများကို ဆောင်ကျဥ်းနိုင်ရန်အတွက်ပင် ဖြစ်ပါသည်။
နျဲ့ပုဖန်နှင့် ကျန်းကျွင်းရှီတို့ နှစ်ဦးသည် မှင်စုတ်တံများ၊ မှင်အိုးများ၊ စာရွက်နှင့် မှင်ကျောက်တုံးများ ခင်းကျင်းပြသထားရာခန်းမဆီသို့ လျှောက်သွားကြ၏။
နံရံ၌ စာရွက်လိပ်အလွတ်များကို တန်းစီကာထောင်ထား၏။ လူတော်တော်များများဟာ မှင်စုတ်တံများကိုယ်စီကိုင်ကာ သူတို့၏အရည်အချင်းကို ပြသရန် ကြိုးစားလျှက်ရှိနေကြသည်။ ကဗျာ၊စာပေ၊ ပန်းချီ စသဖြင့်ချွင်းချက်မရှိ ပြောင်မြောက်လှသောအရည်အချင်းများ ကိုယ်စီရှိကြ၏။

နျဲ့ပုဖန်၏ မျက်လုံးများက အရောင်တလက်လက်တောက်ကာ စမ်းကြည့်ရန် စိတ်အားထပ်သန်နေ၏။
ကျန်းကျွင်းရှီမှာတော့ တရုတ်နှစ်ကူးတုန်းက နျဲ့ပုဖန် ဆွဲခဲ့တဲ့ သရဲလိုလို စိတ္တဇပန်းချီကို တွေးမိကာ  အလိုလိုဇောချွေးများပင် ပြန်လာလေသည်။ ထို့ကြောင့် နျဲ့ပုဖန်ကို ဆွဲကာ တခြားနေရာသွားရန် ပြောလိုက်၏။

''ဒီမှာဘာမှမရှိဘူး၊ တခြားနေရာသွားကြည့်ရအောင်''

နျဲ့ပုဖန်၏အဖြေကို ပြန်မရသေးခင်မှာပဲ အနားသို့ သိကျွမ်းသောသူများ ရောက်လာ၍ ကျန်းကျွင်းရှီသည် ထိုသူများနှင့် ဧည့်ခံစကားပြောနေရ၏။

နျဲ့ပုဖန်ကတော့ နံရံမှ လက်ရေးလှစာလုံးများ  ပန်းချီကားချပ်များကို ဆရာကြီးစတိုင်ဖြင့်လျောက်ကြည့်ကာ သူ့ဘာသာသူမှတ်ချက်ပေးနေလေသည်။

''လီရှောက်ယောင်"
ရုတ်တရက် နောက်ကျောဘက်မှလှမ်းခေါ်သောအသံကို ကြားလိုက်ရသည်။
ဒီနေရာမှာ ''လီရှောင်ယောင်'' ဆိုတဲ့နာမည်နဲ့ လူများရှိသလားဟု နျဲ့ပုဖန် လှည့်မကြည့်ပဲတွေးလိုက်မိသည်။

''လီရှောက်ယောင်''
ထိုသူသည် အသံကို ပိုမြှင့်ကာ ဒေါသသံဖြင့် အော်ခေါ်ပြန်သည်။
ဒီတစ်ကြိမ်တော့ နျဲ့ပုဖန် လှည့်ကြည့်လိုက်၏။ တစ်စုံတစ်ယောက် သူ့ဆီလာနေသည်ကို တွေ့လိုက်ရသောအခါ နျဲ့ပုဖန် ပြုံးပြလိုက်သည်။

''လီကုန်းကျိ၊ ဒီကိုမလာနဲ့၊ အန္တရာယ်များတယ်''

ဒေါင်းပုံပန်းထိုးဝတ်ရုံကို ဝတ်စားထားသော လီဟိုက်သည် ခြေလှမ်းအနည်းငယ်ပိုတိုး၍ လျောက်လာကာ ဆွဲထိုးချင်နေသောအပြုံးဖြင့် အံကြိတ်ကာပြောလိုက်သည်။
''လာတော့ရော ဘာဖြစ်လဲ။ မင်းခေါင်းက ဘာတွေတွေးနေပြန်တာလဲ''

''ခင်ဗျား မျက်နှာကြီးက နီရဲပြီး လေချဥ်တွေတက်လို့ပါလား တော်တော်ကောင်းလာတယ် ထင်တယ်''
နျဲ့ပုဖန်မှာ ဟိုကြည့်ဒီကြည့်လုပ်ကာ စကားရောဖောရောဖြင့် ရူးချင်ယောင်ဆောင်သည်။

လီဟိုက်သည် ရှူးရှူးရှဲရှဲဖြစ်သွားကာ စကားကို ပြတ်ပြတ်ပြောလိုက်သည်။
''မင်းရူးချင်ယောင်ဆောင်မနေနဲ့။ အဲ့ဒီနေ့ကဘာလို့ငါ့ကိုလိမ်တာလဲ"

ထို့နေ့က ကိစ္စမှာ သူ့အတွက် အရှက်ခွဲခံရသလို ဖြစ်သည်။ သူ့ဘဝတွင် ဘယ်သူမှသူ့ကို ဒီလိုမျိုးမလိမ်ညာဝံ့ကြပါ။

''သြော် ခင်ဗျားပြောတာ အဲ့နေ့က ကျုပ်ကြက်တွေခင်ဗျားလည်စည်းကို ချီသွားလို့ မကျေနပ်နေတာလား၊ ကျုပ်ပြန်ပေးပါ့မယ်''
နျဲ့ပုဖန်က အေးအေးဆေးဆေးပဲပြန်ပြော၏။

''ဒီမှာ မင်းကဘာအဆင့်ရှိတဲ့ကောင်မို့လို့လဲ။ မင်းနဲ့ငါအဆင့်အတန်းချင်းမတူဘူးကွ"
လီဟိုက်မှာ ပေါက်ကွဲလာသည်။

''မင်းက မင်းကြက်နှစ်ကောင်နဲ့ ငါ့ကိုလှည့်စားချင်နေတာလား''
လီဟိုက်သည် နျဲ့ပုဖန်အား လက်ညိုးငေါက်ငေါက်ထိုးကာပြော၏
''မင်းငါ့ကိုသက်သက်စော်ကားနေတာကွ''

သို့သော် နျဲ့ပုဖန်က တည်တည်ငြိမ်ငြိမ်လေးလေးနက်နက်ပင် တုံ့ပြန်၏။
''အဲ့ဒီနေ့က အဖြစ်အပျက်က ခင်ဗျားဘယ်လောက်အရုပ်ဆိုးသလဲဆိုတာ ကိုယ့်ကိုယ်ကိုသိသင့်တယ်၊ တွေးကြည့် ... ခင်ဗျားလုပ်ရပ် အရုပ်ဆိုးတာကို သိတယ်မလား၊ နောင်တစ်ခါ ဒါမျိုးထပ်ဖြစ်ရင် လူတွေက ခင်ဗျားကို ဘယ်လိုမြင်ကြမယ်ထင်လဲ''

ဘယ်လိုလွဲမှားမှုကြီးလဲ ...
လီဟိုက်က ကိုယ့်ကိုယ်ကိုညာနေမိတာပဲ။

လီဟိုက်သည် တုန်လှုပ်သွား၍ ဘာပြောရမှန်းမသိတော့အောင် ဖြစ်သွား၏။

''ပြီးတာတွေလည်းပြီးပြီ၊ ထားလိုက်ပါတော့''
နျဲ့ပုဖန်က လီဟိုက်၏ပုခုံးကို ပုတ်၍ဆို၏။
''ကျုပ်တို့အချင်းချင်း သဘောတူညီမှုလုပ်ထားရအောင်၊ အခုအချိန်ကစပြီး ကျုပ်တို့က တစ်ယောက်အပေါ်တစ်ယောက် ဘာရန်ကြွေးမှမရှိတော့ဘူး။ လမ်းမှာမတော်လို့ဆုံရင်တောင် မသိသလိုပဲနေလိုက်ကြမယ်၊ ဟုတ်ပြီလား''

''နေဦး''
လီဟိုသည် လေသံမာမာဖြင့် ဖြတ်ပြောလိုက်၏။

''ငါက မင်းမျိုးစိုးမျိုးက လူကြီးမင်းတစ်ယောက်ပဲ၊ ငါ့အပေါ် စော်ကားမော်ကားလုပ်ရပ်ကို ဒီတိုင်းလွှတ်မပေးနိုင်ဘူး''

နျဲ့ပုဖန်က လီဟိုက်ကို စေ့စေ့ကြည့်သည်။
''ဒါဆို ခင်ဗျားက ဘာဖြစ်ချင်တာလဲ''

''ငါ့ရဲ့ဂုဏ်သိက္ခာအတွက် မင်းပြန်တောင်းပန်ရမယ်''

''တောင်းပန်ပါတယ်''

''......''

''ရပြီလား၊ ကျုပ်သွားစရာရှိသေးတယ်''

''မသွားနဲ့ဦး''
လီဟိုက်သည် ထပ်၍တားပြန်၏။
''မင်း ဒါကိုတောင်းပန်တယ် ခေါ်တာလား''

''မဟုတ်ဘူးလား''

နျဲ့ပုဖန်သည် မေးခွန်းထုတ်သလို ကြည့်သောအကြည့်ဖြင့် ကြည့်လိုက်၏။

''မင်းကတော့ တည့်မပြောမချင်း ရူးချင်ယောင်ဆောင်နေတော့တာပဲ။ မင်း ဒီဥယျာဥ်ပွဲတော်တလျောက် ငါ့နောက်လိုက်လုပ်ရမယ်။ ငါခိုင်းသမျှ လုပ်ပေးရမယ်''

လီဟိုက်သည် သက်ပြင်းရှိုက်ကာ လေးလေးအသံဖြင့်ပြောသည်။

''အဲ့လိုလုပ်ပေးရမှာလား''
နျဲ့ပုဖန်ကတော့ ခပ်အေးအေးပဲပြန်ပြောသည်။

"ဒါပေါ့''

လီဟိုက်သည် မထိသလို မျက်နှာပေးလုပ်ကာမျက်နှာကိုချီနေ၏။

နျဲ့ပုဖန်က နာထင်ကိုလက်ဖြင့်ဖိကာ ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း စဥ်းစားနေသည်။ ဒီလိုဆုံးဖြတ်ဖို့ ဒီလူအတွက် ဘယ်လောက်ခက်ခဲလိုက်မလဲ။ သဘောတူလိုက်သင့်လား။ ကျပ်မပြည့်တဲ့သူတွေကိုအနိုင်ပိုင်းလိုက်တာ မကောင်းပါဘူးလေ။
နျဲ့ပုဖန်သည် ထိုသို့စာနာသောအတွေးကိုတွေးမိ၏။

''ဘယ်လိုလဲ''

လီဟိုက်ကတော့ နျဲ့ပုဖန် သူ့ကိုအထင်သေးနေတာမသိပဲ ဂုဏ်ယူဝံ့ကြွားဟန်လုပ်နေသည်။

''ဒီလူကြီးမင်းကို ခစားနေသ၍ ဒီလူကြီးမင်းက မင်းအပေါ်အပြစ်မယူပါဘူး''

''ဒါနဲ့ ခင်ဗျားရော ဒီကိုလူရွေးခံရဖို့လာတာလား''
နျဲ့ပုဖန်က ရုတ်တရက်ကောက်မေးလိုက်သည်။

''ဒီရောက်နေပါတယ်ဆိုမှတော့ ပြောစရာလိုသေးလို့လား''
လီဟိုက်သည် နှိမ်သလိုအကြည့်ဖြင့် နျဲ့ပုဖန်ကို ကြည့်သည်။

''ဒါဆို ဒီတစ်ကြိမ်တော့ လျှော်ပေးလိုက်ပါလား၊ ဒီပွဲအတွင်းမှာ ခင်ဗျားအတွက် ဘာအနှောက်အယှက်မှ မဖြစ်စေရဘူးလို့ ကတိပေးပါတယ်။ နောက်ပြီး  ခင်ဗျားရဲ့နစ်နာမှုအတွက်လည်း ကျုပ်ပြန်လျော်ပေးပါမယ်''

''မင်းအခြေအနေနဲ့ လျော်ပေးနိုင်မယ်ထင်လား''
လီဟိုက်က သရော်သည်။

ဒီလူက လူကြီးလူကောင်းပုံပေါက်ပေမယ့် တော်တော်ဆင်ခြင်တုံတရား ခေါင်းပါးတာပဲ။ ငါက ဒီတိုင်းလွှတ်ပေးလိုက်မလို့ပေမယ့် သူကသူ့ကြမ္မာသူ လာဖန်တီးနေတာပဲလေ။
နျဲ့ပုဖန် တွေးလိုက်သည်။

''ကျုပ် ခင်ဗျားရဲ့နောက်လိုက်တော့ မလုပ်ပါရစေနဲ့''
နျဲ့ပုဖန်က အသားခံသောအကြည့်ဖြင့် ရိုးရိုးသားသားပြောသည်။
''ကျုပ်ကို အတင်းအကြပ်ကြီးလုပ်ခိုင်းမယ်ဆိုရင်တော့ ခင်ဗျား မိန်းမလှလေးတစ်ယောက်ရဲ့နှလုံးသားကိုရဖို့ အခွင့်အရေးကို လက်လွတ်သွားရလိမ့်မယ်''

''မင်းကိုယ်မင်း ဘာကောင်လို့ထင်နေတာလဲ။ မင်းမှာ ထူးခြားတဲ့စွမ်းရည်တွေရှိပြီး၊ ပြောင်မြောက်တဲ့ သိုင်းပညာတွေ တတ်နေလို့လား''

''ခင်ဗျားကို နောက်တစ်ခုထပ်ပြောမယ်၊ မလိုအပ်ဘဲနဲ့ တခြားသူတွေကိုထိခိုက်အောင် မလုပ်ပါနဲ့''
နျဲ့ပုဖန် သဘောထားကြီးစွာဖြင့်ပြောသည်။
''ဘယ်လိုလဲ။ ကျုပ်ပြောတာကို သဘောပေါက်ရင်  ကျုပ်တို့ ကိုယ့်လမ်းကိုယ်ပဲဆက်သွားကြတာ ပိုမကောင်းဘူးလား''

''အိပ်မက်မက် မနေနဲ့''
လီဟိုက်က ဒေါသတကြီးပြောသည်။
''ငါကတော့ အခုချက်ချင်းပဲ မင်းအရွေးချယ်ခံမယ့်အခွင့်အရေးဆုံးရှုံးသွားတာ မြင်ချင််တယ်''

နျဲ့ပုဖန်သည် ခေါင်းကိုမော့ကာ လေပူတွေကိုမှုတ်ထုတ်လိုက်၏။

''ဒါ ခင်ဗျားဘာသာရွေးချယ်တာနော်၊ ကျုပ်ဘက်က အတင်းဖိအားမပေးဘူး''
နျဲ့ပုဖန်၏လေသံမှာ အလွန်တည်ငြိမ်နေသည်။

''ဘယ်လို...ဘယ်လို...''

လီဟိုက်မှာ ပါးစပ်အဟောင်းသားဖြင့် သူမှားများ မှားသွားပြီလားဟု ထင်နေမိသည်။ မကောင်းသော ခံစားချက်အချို့ကိုလည်း ခံစားလိုက်ရသည်။
သို့သော် ဒီလူကို လီဟိုက် ရှုံးစရာအကြောင်းမရှိ ဒီလူက ဘာမှကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားသည့်ပုံမပေါ်။

''လီဟိုက်''

''ဘာလဲ''

''ကျုပ် မှော်ပညာသုံးလိုက်ပြီး၊ ခင်ဗျားသတိထား''

ထို့သို့ပြောပြောပြီးချင်းပဲ နျဲ့ပုဖန်သည် လီဟိုက်အားရုတ်တရက်ပွေ့ဖက်ကာ လီဟိုက်၏ နှုတ်ခမ်းအား ရည်ရွယ်ချက်ရှိရှိဖြင့် တမင်စူးစူးရှရှ နမ်းလိုက်လေသည်။

လီဟိုက်၏ ဦးနှောက်မှာ ဗလာဖြစ်သွားသည်။
ထို့အတူ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း အပ်ကျသံတောင်မကြားရအောင် တိတ်ဆိတ်သွားလေ၏။

နျဲ့ပုဖန်သည် လီဟိုက်၏ခါးကို တင်းတက်းဖက်ကာ တစ်မိနစ်မျှကြာအောင် ပြင်းပြင်းရှရှနမ်း၏။

လူအများသည် ၎င်းအမျိုးသားနှစ်ဦးအား ရုပ်ရှင်ပိတ်သားထက်က ဇာတ်ဝင်ခန်းတစ်ခုကဲ့သို့ကြည့်နေကြ၏။

နျဲ့ပုဖန် လွှတ်လိုက်သောအခါ၌ လီဟိုက်မှာ တစ်ကိုယ်လုံးတုန်လှုပ်ကာ ခြောက်ခြား၍နေလေသည်။ နျဲ့ပုဖန်က လက်ကိုဆန့်ထုတ်၍ ကျောကို ပုတ်လိုက်ရာ၌ လီဟိုက်မှာ ဖုန်မှုန့်ဖြစ်ပြီး လေထဲတွင်အငွေ့ပြန် ပျောက်ကွယ်သွားလိုက်ရင် ကောင်းမည်ဟု ခံစားနေရသည်။

နျဲ့ပုဖန်က ခေါင်းတခါခါဖြင့် ရယ်နေသည်။
''ခင်ဗျား ကျွန်တော့်ကို ခင်ဗျားရဲ့နောက်လိုက်ဖြစ်စေချင်တာ အခုဖြစ်ပြီမလား''

ထို့နောက် နျဲ့ပုဖန်က ကိုယ်ကိုတစ်ပတ်လှည့်ကာ ကြုံးဝါးလိုက်၏။
''လီဟိုက်က ကျုပ် လီရှောက်ယောင် ရဲ့အမျိုးသားပဲ။ နတ်မိမယ် ကြင်ရာတော်ရွေးတဲ့အခါ သူ့ကိုထည့်ရွေးစရာမလိုဘူး''

ထိုခဏအတွင်းမှာပင် နျဲ့ပုဖန်သည် လူအများ၏ ဂုဏ်ပြုချီးမွမ်းသံများကို ရလိုက်၏။
ထို့နောက် နျဲ့ပုဖန်သည် ဝတ်ရုံလက်စတို့ကို ဝှေ့ယမ်းပြကာ ထွက်သွားလေသည်။

ထိုမြင်ကွင်းအား အစအဆုံး မြင်လိုက်ရသော ကျန်းကျွင်းရှီသည် အစပိုင်းတွင် သူတို့လာပြသာ ဖြစ်နေကြတာလဲဟု သိချင်နေပေမယ့် နျဲ့ပုဖန်ကို စိတ်ချလက်ချသာ လွှတ်ထားခဲ့သည်။
သို့သော် နောက်ဆုံး၌ နျဲ့ပုဖန်နှင့် လီဟိုက် နမ်းနေကြသော မြင်ကွင်းကို မြင်ပြီးနောက်မှာတော့ သူ့ရင်ထဲမှာ တစ်ခုခုမှားယွင်းနေသလိုမျိုး ပြင်းပြင်းထန်ထန်တုန် လှုပ်သွားခဲ့သည်။ ၎င်းတို့နှစ်ဦးအား သွား၍ ဆွဲခွာပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်ခဲ့သည်။

ဤသို့ခံစားနေရသည်မှာ ကျန်းကျွင်းရှီ တစ်ဦတည်းမဟုတ်ပေ။ နံရံအကွယ်မှ ကြည့်နေသော လီယီသည်လည်း နောင်တရနေသည်။ သူဘာလို့ ဒီထက်ပိုပြီး စောစောရောက်မလာမိတာလဲဟု ဆိုကာနောင်တရနေသည်။
ညီအစ်ကိုတစ်ယောက်နေနဲ့ လီဟိုက် မှန်သည်၊ မှားသည်ကို သူစိတ်မဝင်စားပါ။
မိသားစု၏ ဂုဏ်သိက္ခာကျဆင်းမှာကိုလည်း လီယီ ဂရုမစိုက်ပါ။ ဤသို့ ကျော်ကြားသောမိသာစုတို့၏ ကောလဟာလတို့မှာ အမျိုးမျိုးအဖုံဖုံ များပြားလှသည်၊ ထို့ကြောင့်ပြသနာမရှိပါ။

လီယီ မနှစ်မြို့သည်မှာ နျဲ့ပုဖန် တစ်ခြားလူတစ်ယောက်နှင့်နမ်းနေခြင်းကို ဖြစ်သည်။ ဒါက သူ့ကိုအတော်လေး စိတ်မချမ်းမြေ့ဖွယ် ဖြစ်စေသည်။

၎င်းအကျိုးဆက်အနေဖြင့် လီမိသားစု၏ အငယ်ဆုံးသား လီဟိုက်နှင့် လီရှောက်ယောင် ဟူသော ထူးဆန်းသောအမျိုးသားတို့၏ အတားမြစ်ခံ ချစ်ခြင်းအကြောင်းအရာမှာ ရှင်းကျောင်ရန် တစ်ခွင်၌ အချိန်တိုအတွင်း ဟိုးလေးတကျော် ပြန့်နှံ့သွားခဲ့လေသည်။

ဥယျာဥ်ပွဲတော်သို့ တက်ရောက်လာကြသောပုဂ္ဂိုလ်အားလုံးသည် သာမာန်ထက်ထူးကဲသော နောက်ခံအသိုင်းအဝိုင်းများမှဖြစ်ပြီး တိုင်းပြည်နေရာအနှံ့အပြားမှ ရောက်လာကြသည်ဖြစ်သည့်အတွက် လီဟိုက်၏ ဂုဏ်သတင်းမှာ နောင်တွင် ဒီထက်ပို၍ ရေပန်းစားသွားတော့မည် ဖြစ်သည်။

လီရှောက်ယောင်အတွက်ကတော့ အင်္ကျီလေးကောက်လဲလိုက်ရုံဖြင့် တခြား ကောင်လေးတစ်ယောက်အသွင် ဖြစ်သွားနိုင်ပါသည်။

နောက်တစ်နေ့၌ ပွဲတော်တွင် လီဟိုက်ပေါ်မလာတော့ပါ။ ၎င်းသည် တစ်နေရာရာတွင်ပုန်း၍  လူသတ်သမားရှာနေလောက်ပါပြီ။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now