Chapter 17

3.2K 455 10
                                    

Chapter-17
ကြက်ဥ
...............


နျဲ့ပုဖန်သည် သူနတ်မိမယ်၏ အရှုပ်ထဲကိုဝင်နှောက်မိမှန်းသိသောအခါ ပွဲသည် စိတ်ဝင်စားစရာမကောင်းတော့၍ ကြက်သိုက်ရွာမှာပဲ အေးအေးဆေးဆေးပြန်နေခဲ့သည်။

ကျန်းကျွင်းရှီနှင့် လီယီတို့မှာ အလုပ်ကိစ္စများရှိသေးတာကြောင့် နျဲ့ပုဖန် နှင့်အတူတူ လာမနေနိုင်ပေ။ ဒါ့အပြင် နျဲ့ပုဖန်သည် လီယီ နမ်းတာခံလိုက်ရပြီးကတည်းက သူ၏ဆန္ဒစိတ်များ ဆုံးရှုံးသွားသည်ဟု ခံစားလိုက်ရသည့်အတွက် သူ့ကိုယ်သူ အားပြန်မွေးဖို့လိုနေ၍လည်းပါသည်။

ယနေ့သည် ရာသီဥတုသာယာသောနေ့တစ်နေ့ဖြစ်၍ နျဲ့ပုဖန်သည် သူ၏ကြက်အုပ်ကို ဦးဆောင်ကာ တောင်ခြေသို့ လမ်းလျှောက်ထွက်ခဲ့သည်။ ထိုစဥ် တောင်ခြေ၌ ထူးထူးဆန်းဆန်း အသံတစ်ခုကိုနားစွံနားဖျား ကြားလိုက်ရ၏။ ဤနေရာသည် ကြက်ဥနှင့် ကြက်များသာ ရှိသောနေရာဖြစ်၍ ထူးထူးဆန်းဆန်း လူတစ်ယောက်၏အသံမှာ မည်သို့ဖြစ်နိုင်မည်နည်း။

ထို့ကြောင့် နျဲ့ပုဖန်သည် သူ၏ကြက်အုပ်ကို တိတ်တိတ်နေရန် အမူအရာလုပ်ပြကာ အသံလာရာဆီသို့ ဖြေးဖြေးချင်း ချဥ်းကပ်သွား၏။

အသွင်တူ အရွယ်တူသော ကြက်ကလေးများမှာ တကွက်ကွက်အော်၍ ခြေထောက်လေးများဖွက်ကာ ဇက်ပုလျက် နျဲ့ပုဖန်၏ အနောက်၌ ဝပ်နေလိုက်ကြသည်။
၎င်းတို့မှာ မျက်လုံးလေးများ ကလယ်ကလယ်နှင့် မသိနားမလည်သူများလို လိုက်ကြည့်နေကြသည်။

နျဲ့ပုဖန်သည် သစ်ရွက်ခြုံများကို အနည်းငယ်ဖယ်၍ ကြည့်လိုက်သောအခါ အမျိုးသမီးသုံးဦးကို မျက်စိရှေ့၌မြင်လိုက်ရ၏။

၎င်းတို့ထဲမှာတစ်ယောက်သည် နျဲ့ပုဖန်ကြောင့် ပြဿနာတတ်သွားရသော နတ်မိမယ်ဖြစ်နေမှန်း နျဲ့ပုဖန် တွေ့လိုက်ရသည်။
တစ်ချိန်တုန်းက ကျောက်စိမ်းဖိတ်စာ ရွေးချယ်သူ  ကိုးဆယ့်ကိုး ယုချုံ တစ်ဖြစ်လဲ ဟန်ဆောင်ခဲ့ဖူးသော နတ်မိမယ် ကျင်းလုံ ဖြစ်သည်။

မြို့ထဲက လူတွေမျက်စိဒေါက်ထောက်ကြည့်တာ ခံနေရတဲ့ကြားက ဒီမိန်းကလေးဟာ ဒီလောက်နက်တဲ့တောနက်ကြီးထဲ ဘာကိစ္စနဲ့များရောက်လာသလဲဟု အံ့သြမိသည်။

''သခင်မ ဟိုရေအောက်ထဲ ဆင်းကြည့်ချင်သေးလား''
ယုချုံခဏ စဥ်းစားနေသည်။

''ဘာဖြစ်ဖြစ် သွားကြည့်ရမှာလေ၊ ငါ့အတွက် နောက်ဆုံးအခွင့်အရေးပဲ''

ယုချုံသည် သူမ၏အပေါ်ထပ်ဝတ်ရုံကို ချွတ်လိုက်သောအခါ ကိုယ်လုံးလှလှလေးနှင့် ချပ်ကပ်၍ လိုက်ဖက်နေသောအဝတ်များ ပေါ်လာ၏။
သူမ၏အသံမှာ စိတ်ဖိစီးမှုများနေသကဲ့သို့ ဖြစ်သည်။

၎င်းတို့သုံးဦးဘေးတွင် ၁၅ မီတာခန့်အနက်ရှိသော ရေကန်ကြီးတစ်ကန်ရှိနေ၏။ ရေကန်မျက်နှာပြင်မှာ ကျောက်စိမ်းကဲ့သို့ ကြည်စိမ်းနေလေသည်။

မိန်းကလေး ယုချုံက တကယ်ပဲ ရေကန်ထဲဆင်းမလို့လား ...

ထိုအတွေးသည် မှန်နေကြောင်း ခဏအကြာတွင် နျဲ့ပုဖန် တွေ့လိုက်ရ၏။ နတ်မိမယ်မှာ အသက်ကိုပြင်းပြင်းရှိုက်၍ ရေကန်ထဲသို့ ဒိုင်ဗင်ထိုးဆင်းရန် အသင့်ပြင်နေသည်။

နျဲ့ပုဖန်မှာ နုနုရွရွ ဂုဏ်သရေရှိမိန်းကလေးတစ်ယောက် ရေထဲခုန်ချမည့်အဖြစ်ကို မကြည့်ဝံ့၍ ချောင်းကြည့်နေရာမှ ထွက်လာကာ အော်လိုက်သည်။

''မိန်းကလေး နေပါဦး''

ယုချုံသည် အလန့်တကြားလှည့်ကြည့်လိုက်သောကြောင့် ရေထဲသို့ ပြုတ်ကျသွားလေ၏။

''အား ... သခင်မ ...''
နောက်လိုက် မိန်းကလေးနှစ်ယောက်လည်း အလန့်တကြား အော်လိုက်ကြ၏။

ထို့နောက် ယုချုံသည် ကမ်းစပ်ကို အားပြုထားကာ  ရုတ်တရက်ပေါ်လာသော အမျိုးသားကို ဒေါသအကြည့်ဖြင့် မော့ကြည့်လိုက်သည်။

နောက်လိုက် မိန်းကလေးနှစ်ဦးသည်လည်း နတ်မိမယ်အား ရေကန်ပေါ်သို့ဆွဲတင်ကာ အဝတ်တစ်ခုဖြင့်ပတ်ထားပေး၏။

ယုချုံသည် ထိတ်လန့်တုန်လှုပ်လျှက် မကောင်းတာတစ်ခုခုတွေ့လိုက်ရသကဲ့သို့ အသံဖြင့် မေးလိုက်၏။

''ရှင် လီရှောက်ယောင် မဟုတ်လား။ ဒီကိုဘာလာလုပ်တာလဲ။ ကျွန်မနောက် လိုက်ချောင်းနေတာလား''

''ဟမ် ... ခင်ဗျားကို လိုက်ချောင်းနေတာ မဟုတ်ပါဘူး၊ ကျွန်တော်က ဒီနားမှာနေတာလေ''

နျဲ့ပုဖန်က ရိုးသားစွာပြောသည်။

''ရှင်က ဒီနားမှာနေတာတဲ့လား''

ယုချုံ၏ မျက်နှာမှာ တအံ့တသြဖြစ်သွားပုံရသည်။

''ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ''

''ဘာဖြစ်လိုလဲ ဟုတ်လား''
ယုချုံ ၏အသံမှာ စူးရှရဖြစ်နေသည်။

''.....''

နျဲ့ပုဖန်မှာ ဘာမှပြန်မဖြေပဲ ယုချုံအား အထူးအဆန်း သရဲတစ္ဆေ မြင်သကဲ့သို့ အမူအရာဖြင့် ကြည့်နေ၏။

ထို့ကြောင့် ယုချုံသည် ဟန်လုပ်ချောင်းဆိုးပြကာ  အာရုံလွဲပြီး စိတ်ကိုအတည်ငြိမ်ဆုံးဖြစ်အောင် ကြိုးစား၍ ထပ်မေးလိုက်သည်။

''ကျွန်မ သိသလောက် ဒီလိုတောကြီးမျက်မည်းထဲမှာ လူနေတယ်ဆိုတာမျိုး မကြားဖူးပါဘူး''

''ဒီတောထဲမှာ လူသူအရောက်အပေါက်နည်းတဲ့ ရွာလေးတစ်ရွာ ရှိနေတယ်ဆိုရင်ရော''

''ကျီဝေါရွာ အကြောင်းလို့တော့ ရှင်မပြောနဲ့''

''ဟမ် ... ကျွန်တော်တို့ရဲ့ ကြက်သိုက်ရွာလေးက အဲ့လောက်တောင် နာမည်ကြီးလား''

နျဲပုဖန်က ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလျှက်ဆိုသည်။
ထို့နောက် ယုချုံသည် သက်ပြင်းချ၍ အံကိုကြိတ်ကာ ပြောသည်။

''ကျွန်မ စုံစမ်းသလောက် မြို့ထဲမှာ ကျွန်မသတင်းတွေဖြန့်တဲ့လူက အဲ့ဒီကျီဝေါရွာကလာတဲ့ ကြက်ဥနဲ့လက်ဖက်ရည် ရောင်းတာတဲ့လေ''


''အို ... အမ်း..အဲ့လိုလား''

''ရှင် ရူးချင်ယောင်ဆောင်မနေနဲ့''

ယုချုံသည် နျဲ့ပုဖန်အား ဒေါသတကြီး လက်ညိုးထိုး၍ ပြောသည်။

''အဲ့ဒီ သတင်းဖြန့်တဲ့သူက ရှင်ပဲမဟုတ်လား။ ပြောစမ်းပါ ရှင်က ဘယ်သူလဲ''

နျဲ့ပုဖန်သည် ကောင်းကင်အား မော့ကြည့်လိုက်၏။

''အားလုံးက ကျွန်တော့်ကို လီရှောက်ယောင်ဆိုပြီးသိထားကြပေမယ့်၊ ကျွန်တော့်ရဲ့တခြားနာမည်က  နျဲ့ပုဖန်လေ''

ယုချုံ၏ မျက်နှာမှာနီမြန်းကာ မျက်လုံးများလည်း မီးဝင်းဝင်းတောက်မတတ် ဖြစ်လာသည်။

ဒီလူ နျဲပုဖန်တဲ့လား ...

တစ်ချိန်တည်းမှာပဲ ယုချုံသည် နန်းတော်အရှင်မှာ လိုက်သောစကားများကို ပြန်သတိရသွား၏။
သူမ နန်းတော်ကမထွက်ခွာခင်က နန်းတော်အရှင်သည် ရတနာများဝှက်ထားသောနေရာကို ပြောပြခဲ့ယုံမျှမက၊ ပဥ္စမသော့ရှိမည့်နေရာကိုလည်း အရိပ်အမွှတ်ပြောပြခဲ့သည်။

ဒါ့အပြင် ရေကန်နားမှာနေတဲ့ လူတစ်ယောက်ဆီက အကူညီရနိုင်သည်ဟုလည်း မှာလိုက်သည်။
ထို့ကြောင့် ဒီလူကို စိတ်ရှိတိုင်းသတ်ပစ်လိုက်၍ မဖြစ်။
ထိုသို့ တွေးမိပြီးနောက် ယုချုံ၏ အမူအရာမှာ တစ်မျိုးပြောင်းလဲသွားလေသည်။
သူမသည် တတ်နိုင်သမျှ အချိုသာဆုံးပြုံးလိုက်သည်။

''ဒါဆို ရှင့်နာမည်အစစ်က နျဲ့ပုဖန်ပေါ့၊ နာမည်ကောင်းလေးပဲ''
ယုချုံ ထံမှမမျှော်လင့်ထားသော တုန့်ပြန်မှုကြောင့် နျဲ့ပုဖန် မျက်ခုံးပင့်ကာ မှင်သက်သွားသည်။

''ဘာဖြစ်ဖြစ်ပါ၊ ရှင်က ကျွန်မရဲ့ကြင်ယာတော်ရွေးပွဲကို စောစောစီးစီး ပျက်စီးသွားအောင်လုပ်ခဲ့တာပဲ၊ အခု ကျွန်မမှာ တစ်သက်လုံးတစ်ယောက်တည်း နေသွားရတော့မယ်။ ရှင် ကျွန်မကို တစ်ခုခုပြန်လျော်ပေးသင့်တယ်''

''ဘယ်လို လျော်ပေးစေချင်တာလဲ''

''ကျွန်မ ရှင့်ရဲ့ပစ္စည်းကိုဝယ်ချင်တယ်။ တန်ကြေးကို ရွှေတုံးတစ်ရာပေးမယ်''

နျဲ့ပုဖန်သည် သူ့ရင်ကိုသူလက်ဖြင့်ကာ၍ အလန့်တကြားဖြစ်သွားသည်။

''ခင်ဗျား မရိုးမသားတွေမလုပ်ပါနဲ့''

ယုချုံသည် စကားအဓိပ္ပာယ်လွဲသွားမှာသိ၍ သူ့စိတ်ကိုသူတည်ငြိမ်အောင်ပြန်ထိန်းကာ အေးအေးဆေးဆေးပြောပြသည်။

''အဲ့လိုမဟုတ်ပါဘူး၊ သော့ပါ၊ ကျွန်မ ရှင့်ဆီက သော့ပြန်ဝယ်ချင်တယ်''

''သော့လား။ ကျွန်တော်က သာမာန်ကြက်မွေးမြူရေးသမားလေးပါ၊ သော့ဝိဇ္ဇာ မဟုတ်ပါဘူး၊ မိန်းကလေး လူမှားနေပြီ''

ထိုရူးချင်ယောင်နေသောလူအား ယုချုံ ရုပ်တည်တည်ဖြင့် ထပ်မေးလိုက်သည်။

''ရှင် ပညာရှိကြီး ပွားပေါင်းကို သိလား၊ မသိဘူးလား''

''သိပါတယ်''

''ဒါဆို သော့မြန်မြန်ရောင်းလိုက်၊ ရှင့်အနေနဲ့ သော့ကို တစ်ယောက်တည်းသိမ်းထားလို့မရဘူး''

နျဲ့ပုဖန်သည် ယုချုံကို ကြည့်ကာ ဂရုဏာသက်မိသောလေသံဖြင့် ...
''ခင်ဗျား ကြည့်ရတာတော့ ပုံမှန်လူလိုပါပဲ၊ ဘာတွေ ထင်ယောင်ထင်မှားဖြစ်ပြီး သက်သေမရှိပဲကျွန်တော်ကို လာစွပ်စွဲနေတာလဲ''

ယုချုံမှာ စွေ့စွေ့ခုန်သွားသည်။

''မသိဘူး ထင်နေလား။ ရှင့်ဆီမှာ နောက်ဆုံးသော့ရှိနေတာကို ကျွန်မ မသိဘူးများ ထင်နေလား''

''ဘာလို့ ကျွန်တော့်ဆီမှာလဲ။ ခင်ဗျားပြောတဲ့သော့က ဘယ်လိုဟာလဲဆိုတာ အရင်ပြောစမ်းပါဦး''

ယုချုံသည် ခေတ္တငြိမ်ကာ တွေးသွား၏။
အမှန်တွင် ပဥ္စမသော့သည် ဘယ်လိုဘယ်ပုံဆိုတာဘယ်သူ့မှမသိကြပေ။ အကယ်၍များ သော့သည် နျဲ့ပုဖန် လက်ထဲမှာရှိနေမည်ဆိုလျှင်တောင် ထိုအရာကို သော့ဖြစ်ကြောင်း နျဲ့ပုဖန် သိမည်မဟုတ်ပေ။
ဒါကလည်း သူမစုံစမ်းဖို့လိုနေတဲ့ အရာတစ်ခုပဲဖြစ်သည်။ ရတနာဝင်ပေါက်တံခါးမှ တံခါးသော့သည် မည်သို့မည်ပုံဖြစ်မည်ကို ယုချုံ ခန့်မှန်းကြည်ရမည်။
ဒါပေမယ့် သူမ အခုထိမသိသေးပါ။ သို့သော် နန်းတော်အရှင်၏ တွက်ချက်မှုကိုတော့ သူမယုံကြည်သည်။ သော့သည် နျဲ့ပုဖန် ဆီမှာပဲရှိရမည်။

''ဒါနဲ့ ရှင်ကကျီဝေါရွာမှာ နေတာလား''

ယုချုံက ရုတ်တရက်ကြီးမေးသည်။

''ဟုတ်ပါ့၊ ကျွန်တော်က ကျီဝေါရွာရဲ့ရွာလူကြီးလေ''

နျဲ့ပုဖန်က ပြုံးပြုံးကြီးပြန်ဖြေသည်။

ရွာလူကြီးတဲ့လား။ တကယ်ကို လယ်သမားတစ်ယောက်လိုမျိုး ကြမ်းတမ်းပြီး ခန့်ငြားတဲ့ရုပ်ရည်ရှိပေမယ့် သူ့ပုံစံနှင့် စိတ်နေသဘောထားကတော့  လူဆင်းရဲတစ်ယောက်နှင့် မတူပေ။

''ကောင်းပြီ၊ ဒီနေ့တော့ ဒီလောက်နဲ့ နားမယ်''

ယုချုံသည် သူမကိုယ်ပေါ်၌ ခြုံထားသော ဝတ်ရုံစကို တင်းတင်းကိုင်၍ တိုးဖျော့စွာ ပြောလိုက်၏။

''ကျွန်မ ရေထဲပြုတ်ကျထားတာမို့လို့ အအေးမမိခင်ပြန်ရမယ်၊ နောက်ပြီး နာမကျန်းလည်း မဖြစ်ချင်ဘူး။ ဒီအချိန်ကြီးမှာ''

''ကောင်းကောင်းပြန်ပြီး သေချာအနားယူလိုက်ပါမိန်းကလေးယုချုံ၊ ကျွန်တော်လိုက်မပို့တော့ဘူးနော်''

''ရပါတယ် မလိုပါဘူး''

ယုချုံသည် နောက်လိုက်မိန်းကလေးနှစ်ဦးနှင့်အတူ နျဲ့ပုဖန်ကို ကျောခိုင်းကာ ထွက်သွား၏။

ယုချုံတို့ အရိပ်အရောင်ပျောက်သွားသည့်အထိ နျဲ့ပုဖန် စောင့်ကြည့်နေလိုက်သည်။
ထို့နောက် သူသည်တစ်စုံတစ်ရာကို တွေးတောရင်း ရေကန်အနားသို့ တိုးသွားသည်။ သည်အခါ ပုန်းနေသောကြက်များကလည်း ထွက်လာကြသည်။

ခဏမျှကြာသော် နျဲ့ပုဖန်သည် ကြက်အုပ်ကိုလှည့်ကြည့်ကာ ကြက်တစ်ကောင်ကို လက်ယပ်၍ လှမ်းခေါ်လိုက်သည်။

''လိပ်ကလေး ဒီကိုလာ၊ ဟိုရေကန်ထဲဆင်းကြည့်စမ်း''

ကြက်အုပ်ထဲမှ အစိမ်းရောင်တောက်တောက်ကြက်တစ်ကောင် ထွက်လာ၏။ ၎င်းသည် လည်ဆန့်လိုက် ခြေထောက်ခါလိုက်ဖြင့် အရှိန်ယူကာ ရေကန်ထဲသို့ တစ်ရှိန်ထိုးခုန်ချသွား၏။
တခဏအတွင်းပင် ရေအောက်ထဲသို့ နစ်ဝင်ပျောက်ကွယ်သွားလေသည်။

နျဲ့ပုဖန်သည် ဝိုင်နှင့်ကြက်ဥပြုတ်ကိုစားရင်း လိပ်ကလေးပြန်ပေါ်အလာကို စောင့်နေလိုက်သည်။ ခဏအကြာတွင် လိပ်ကလေးသည် ကမ်းပေါ်သို့ပြန်တက်လာ၏။

လိပ်ကလေးသည် ၎င်း၏ရေစိုနေသောအမွှေးအတောင်ပါးပါးတွေကြောင့် သနားစရာကြွက်စုတ်လေးလို ဖြစ်နေရှာသည်။
သို့သော် လိပ်ကလေးသည် ဂရုမစိုက်ပဲ ရေစိုနေသော သူ့အမွှေးအတောင်များကို ခါထုတ်လိုက်၏။ ဘေးရှိ ကြက်များသည် ရေများမစင်အောင် ရှောင်သွားကြ၏။

လိပ်ကလေးသည် လက်ထဲတွင် ကြက်ဥနှင့် တူသောအရာတစ်ခုကို ကုပ်ထားသည်ကို တွေ့ရ၏။ သို့သော် ၎င်းအရာမှာ ပန်းပုထုထားသကဲ့သို့ဖြစ်ပြီး  အလယ်တွင် ထူးဆန်းသော အက်ကြောင်းအရစ်ကလေးပါနေ၏။
နျဲ့ပုဖန်သည် ၎င်းဥပုံစံအရာကိုကြိုးစား၍ ဖွင့်ကြည့်သည်။ ဘယ်လှည့်လိုက်၊ ညာလှည့်လိုက်လုပ်၍ ဖွင့်ကြည့်သည်။
ထိုအခါ အရစ်မှာ ဖြေးဖြေးချင်းလည်ကာ ပွင့်လာ၏။ ဤခေတ်တွင် ဒီလောက် လက်ရာမြောက်သောအရာမျိူးရှိနေသည်ဆိုတာ ယုံဖို့ခက်ပါသည်။

ဒါက...ဒါက နောက်ဆုံးသော့ဆိုတဲ့ဟာလား။
မိန်းကလေး ယုချုံက ဒီသော့ကို ရှာဖို့ဒီအထိရောက်လာတာပေါ့။

နျဲ့ပုဖန်သည် ခေါင်းတွင်တွင်ခါလိုက်သည်။ သော့သည် ရေကန်ထဲမှုရှိနေမှန်း ယုချုံ သိရင် လွယ်လွယ်နဲ့ ပြန်သွားမှာမဟုတ်ပဲ၊ သော့ထုတ်ရောင်းဖို့ကိုလည်း နားပူနားဆာလုပ်နေဦးမည်။
ဒါမှမဟုတ် ရတနာဝင်ပေါက်ကို လာရှာတာလား၊ ရတနာဝင်ပေါက်က ရေကန်အောက်ခြေမှာ ရှိနေတာလား။
ဒီရေကန်က ပညာရှိကြီးရဲ့ရတနာတွေ ဝှက်ထားရာနေရာများလား။

နျဲ့ပုဖန်သည် လက်ထဲမှ ကြက်ဥဏ္ဍာန်အရာအား အချိန်တော်တော်ကြာတဲ့အထိ စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူ့ကြက်များအား မေးလိုက်သည်။
''မင်းတို့ပြောစမ်း၊ ငါဘာဆက်လုပ်ရမလဲလို့''

ကြက်များကလည်း ခုန်ပေါက်လျှက်တစ်ယောက်တစ်ပေါက်အသံပြုကာ ဆူဆူညံညံတုန့်ပြန်ကြ၏။
ထင်မြင် အကြံပေးချက်များစွာရှိသော်လည်း ၎င်းတို့စကားကို နျဲ့ပုဖန် နားမလည်ပါ။
သူ၏ ကြက်များသည် ထူးဆန်းသော ဘာသာစကားစွမ်းရည် ရှိကြသည်။ အထူးသဖြင့် သန္ဓေပြောင်းကြက်များမှာ ကြက်အဖြစ်ပြောင်းသည်နှင့် သူ့စကားကို အလိုလိုနားလည်နိုင်စွမ်းရှိလာသည်။
နျဲ့ပုဖန်သည် သူ့ခေါင်းကို ခါယမ်းလိုက်ပြီး လက်ထဲက ပစ္စည်းကို အိတ်ထဲထည့်သိမ်းလိုက်သည်။
ထို့နောက် နျဲ့ပုဖန်သည် သာမာန်ကြက်ဥတစ်လုံးကို လိပ်ကလေး အား ပေး၍ မှာသည်။

''ပြဿနာ မတတ်ရအောင်လို့ ဒီကြက်ဥကို မင်းယူလာတဲ့နေရာမှာ သွားထားလိုက် လိပ်ကလေး''

လိပ်ကလေးသည် ကြက်ဥကို လက်သည်းဖြင့် ကုပ်ကာ ရေကန်ထဲသို့ ထပ်ဆင်းသွားပြန်၏။
နျဲ့ပုဖန်သည် ရေအောက်ရတနာသိုက်ကို စိတ်ဝင်စားမိသော်လည်း ရေအပူချိန်ကို လက်ဖြင့်စမ်းပြီးနောက် ရေထဲသို့ ကိုယ်တိုက်ဆင်းရန် စိတ်ကူးမရှိတော့ပေ။

လိပ်ကလေး လုပ်စရာရှိတာလုပ်ပြီးနောက် နျဲ့ပုဖန်သည် သူ၏ကြက်အုပ်ကို ဦးဆောင်ကာ ရွာသို့ပြန်လာခဲ့သည်။
အကယ်၍များ သနားစရာမိန်းကလေး ယုချုံသည် ရေထဲသို့ ခြေတစ်လှမ်းစောဆင်းခဲ့မယ်ဆိုရင် ဤနောက်ဆုံးသော့သည် နျဲ့ပုဖန်နှင့် ဘာမှဆိုင်မည်မဟုတ်ပေ။ နောက်ဆုံးသော့ဟာ ရတနာဝင်ပေါက်မှာရှိနေမယ်လို့ ဘယ်သူထင်ပါ့မလဲ။

ကံကြမ္မာသည် အရမ်းအံ့သြဖို့ကောင်း၏။
နျဲ့ပုဖန်သည် သော့နှင့်ဘာမှမဆိုင်သော်လည်း ယုချုံကြောင့် သော့ကိုတွေ့ခဲ့သည်။ နောက်ဆုံးတွင် အရာအားလုံးသည် ပုထျန်းကုန်းနန်းတော်အရှင်၏ ဟောကိန်းအတိုင်း ဖြစ်လာပါတော့မည်။ ဤသည်မှာ လူသားတွေဖန်တီးတဲ့ကံကြမ္မာလား၊ ကောင်းကင်၏အလိုလား ဆိုတာကိုတော့ မသိနိုင်ပေ။

နောက်တစ်နေ့နံနက်တွင် နျဲ့ပုဖန် အိမ်တံခါးဖွင့်လိုက်သည်နှင့် အိမ်ရှေ့တွင်ရပ်နေသော ယုချုံနှင့် အစေခံမိန်းကလေးနှစ်ယောက်ကို ဗြုန်းခနဲတွေ့လိုက်ရလေသည်။

''ခင်ဗျား ဘာလုပ်တာလဲ''

''ကျွန်မ ဒီကျီဝေါရွာမှာနေမလို့ ကျွန်မရှာချင်တဲ့ပစ္စည်းလေး မတွေ့မချင်းပေါ့''

နျဲ့ပုဖန်မှာ အပြင်၌ပြေးလွှားနေကြသော ကြက်များကိုတစ်ချက်ကြည့်လိုက်သည်။

''ကြက်သိုက်ရွာက လူတိုင်းနေနိုင်တဲ့ အခြေအနေမဟုတ်ပါဘူး မိန်းကလေး''

''ပြဿနာမရှိပါဘူး၊ ကျွန်မက လောကဓံတွေကို ကောင်းကောင်းခံနိုင်ပါတယ်''

ယုချုံက ပြုံးလျှက်ပြန်ပြော၏။

နျဲ့ပုဖန်သည် ဂရုဏာသက်သောမျက်လုံးများဖြင့်  ယုချုံကို တစ်ချက်ကြည့်လိုက်ပြီး သေချာအောင်ထပ်မေးသည်။

''သေချာရဲ့လား''

''သေချာတယ်''

''နောင်တ မရဘူးနော်''

''ရစရာ အကြောင်းမရှိဘူး''

''ဒါဆိုလည်း ကောင်းပါပြီ''

နောက်ဆုံးတွင် နျဲ့ပုဖန် အလျှော့ပေးကာ သက်ပြင်းချ၍ တစ်နေရာသို့ ညွှန်ပြလိုက်၏။

''အဲ့ဒီမှာ အိမ်အလွတ်တွေရှိတယ်၊ ရှင်းလင်းပြီးတော့ သက်သောင့်သက်သာနေကြပါ''

''ကျေးဇူးပဲ''

မိန်းကလေးတွေ ထွက်သွားသည်ကို မြင်သောအခါနျဲ့ပုဖန်သည် ထပ်၍ အော်ပြောလိုက်၏။

''တည်းခိုခနဲ့ စားသောက်စရိတ် က တစ်နေ့ကို ယွမ် ၃၀ ပါ၊ အကြွေးမထားပါဘူး'''

မိန်းကလေးသုံးဦးသည် ခြေလှမ်းများ ရပ်တန့်သွားကြ၏ ထို့နောက် ယုချုံက ပြန်လှည့်လာကာ နျဲ့ပုဖန်အား ငွေသားအိတ်တစ်အိတ် ပစ်ပေးလိုက်သည်။
''ရော့ အမြင်ကပ်စရာ လူဆင်းရဲ''

နျဲ့ပုဖန်သည် ပိုက်ဆံကို ယူလိုက်သည်။ အထဲ၌ ငွေတုံး တစ်ဒါဇင် ရှိနေသည်ကို တွေ့ရ၏။ ဒီလောက်ဆို လုံလောက်ပါတယ်။
တကယ်ကို အကျိုးရှိတဲ့ ဧည့်သည်တော်တွေပါပဲ။

ဒါ့အပြင် နတ်မိမယ်ကလည်း ဒီရောက်နေတယ်၊ မကြာခင် အိမ်တော်လေးခုက လူတွေလည်းလာကြလိမ့်မယ်။ ရောင်းစရာ ကုန်တစ်ခုခု တီထွင်သင့်တယ် မဟုတ်လား...။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now