Chapter 105

1.6K 168 1
                                    

Chapter - 105
သီးသန့် နိဗ္ဗာန်ဘုံ


''ညီအစ်ကို ကျန်း၊ သတိထားမိလား၊ အခုတလော ကြက်သိုက်ရွာကို လူစိမ်းတွေ အများကြီးရောက်လာကြသလိုပဲ''

အကြောင်းမှာ ကြက်သိုက်ကျေးရွာသည် နာမည်ကြီးလာသောကြောင့် ဖြစ်သည်။ ကျန်းကျွင်းရှီ သည် ၎င်း၏ ပေသီးပေါ်တွင် တွက်ချက်မှုများ ပြုလုပ်လျှက်ရှိပြီး၊ နျဲ့ပုဖန်ကို ဂရုမစိုက်ပဲ လျစ်လျူရှုထားသည်။

နျဲ့ပုဖန်က မေးစေ့ကို ကိုင်ကာ မျက်လုံးများ တောက်ပစွာဖြင့်
“ငါ့ လုပ်ငန်းကို ချဲ့ထွင်ရမလား” ဟု ဆိုသည်။

"ဘယ်လို လုပ်ငန်းကို တိုးချဲ့မလို့လဲ"

“နေရာထိုင်ခင်း၊ အစားအသောက်နဲ့ ဖျော်ဖြေရေးတွေ အားလုံး ပေါင်းစည်းလိုက်ရင် ငါတို့ ရွာကို တမူထူးခြား သွားစေလိမ့်မယ်၊ စိတ်ဝင်စားစရာ ကောင်းပြီး ပျော်ဖို့ ကောင်းတာကြောင့် လှပတဲ့ အပန်းဖြေစခန်း တစ်ခု ဖြစ်လာလိမ့်မယ်''

နျဲ့ပုဖန်သည် မရေမတွက်နိုင်သော ကြေးနီ ဒင်္ဂါးပြားများ သူ့ဆီသို့ ပျံသန်းလာသည်ကို မြင်လိုက်ရသကဲ့သို့ တောင့်တသော အကြည့်ဖြင့် မျှော်ကြည့်ကာ ကြွေးကြော်လိုက်၏။

ယိုယွင်းနေသော အိမ်များ၊ စားပွဲများ၊ ကုလားထိုင်များနှင့် ကုတင်များသာ ပြည့်နှက်နေသည်သာမက  ထောင်ချောက်များနှင့်ပါ ပြည့်နှက်နေသည့် ဤရွာလေးသည် အဘယ်လောက် ပျော်စရာ ကောင်းလိမ့်မည်နည်း။

ထိုအခါ ကျန်းကျွင်းရှီက အလုပ်ကို ဆက်မလုပ်တော့ဘဲ နျဲ့ပုဖန် ကို စိတ်ဝင်တစား ကြည့်ကာ ပြောလိုက်၏။

''ပုဖန်၊ လူတွေ သူ့ဘာသာသူ အေးအေးချမ်းချမ်းနေကြပါစေကွာ''

ထို့ကြောင့် နျဲ့ပုဖန် ကလည်း သူ့ကို မျက်စောင်းထိုးပြီး မကျေမနပ်နဲ့ ပြန်ပြော၏။

“ဒါက ဘာကို ဆိုလိုတာလဲ။ သူတို့ကို ငါ ဒုက္ခပေးလိမ့်မယ်လို့ မင်း ထင်နေတာလား''

မဟုတ်ဘူးလား။ မင်းရဲ့ ရွာမှာနေတဲ့ လူတွေက အကောင်း ပကတိ ကျန်တဲ့သူ ရှိလို့လား၊ မင်းရဲ့ဆွဲဆောင် ဖျားယောင်းမှုကြောင့် တိမ်းညွတ်ကုန်ကြတာပဲလေ။

မင်းကို စစ်မြေပြင်ထဲကို ပစ်ချလိုက်မယ်ဆိုရင် ကမ္ဘာ့ ငြိမ်းချမ်းရေးကိုတောင် ဦးတည်သွားနိုင်တယ်။

သို့သော် ကျန်းကျွင်းရှီက သူ့ကို တည့်တည့်ကြည့်ပြီး တခြား နည်းလမ်း ပြောင်းရန် ဖြောင်းဖျလိုက်၏။

“ဒီနည်းနဲ့ တွေးကြည့်ရင်ရော ရွာကို အပြင်လောကကလူတွေလာလည်ဖို့ ဖွင့်လိုက်တဲ့အခါ လူတွေ အများကြီး ရောက်လာလိမ့်မယ်။ သူတို့ရဲ့နေ့စဉ်ဘဝအတွက် ဝန်ဆောင်မှုပေးဖို့ အစေခံတွေ အများကြီး လိုအပ်လိမ့်မယ်။ မင်းက အစေခံတွေကိုစုဆောင်းဖို့ သူတို့ကို စီမံခန့်ခွဲဖို့ အင်အား အများကြီး သုံးရမှာပဲ။ ဒါ့အပြင် လူစိမ်း ဧည့်သည်တွေနဲ့ မင်းရဲ့ကြက်တွေ ဆက်ဆံရေး အဆင်ပြေဖို့ကိုလည်း မင်း ညှိုနှိုင်းပေးရလိမ့်မယ်၊ အကယ်၍များ မတော်တဆမှု တစ်ခုခု ဖြစ်လာခဲ့ရင် အဆုံးသတ်က ဘယ်သူ့အတွက်မှ ကောင်းမှာ မဟုတ်ဘူး၊ စစ်မြေပြင် တစ်ခုလို ဖြစ်နေတဲ့ အဆုံးသတ်မျိုး မင်း မြင်ချင်လို့လား''

''ဟင့်အင်း..''

နျဲ့ပုဖန်က ခေါင်းခါလိုက်သည်။

တစ်ဖန် ကျန်းကျွင်းရှီက ခေါင်းတညိတ်ညိတ်ဖြင့်  နှစ်သိမ့်ပေးသည်။

"မင်း ပျင်းရင် နောက်ထပ် တိုက်ကြက်တွေကို လေ့ကျင့်ပေးနေလေ။ အခုတလော တိုက်ခိုက်ရေးအင်အားတွေ လျော့နေတာ မင်း အသိပဲ၊ ငွေရှာဖို့ကိုမပူနဲ့ ငါ့ကိစ္စထား၊ ငါက ရွာပြင်ပက ကိစ္စတွေတာဝန်ယူမယ်၊ မင်းလည်း မင်းတာဝန်ကို ဂရုစိုက်။ ဒီလိုဆို လှပတာတွေ၊ပျော်စရာကောင်းတာတွေအတွက် ဘာမှ စိုးရိမ်ပူပန်နေစရာ မလိုတော့ဘူးလေ''

နျဲ့ပုဖန်က ဒါကို ထပ်ခါတလဲလဲ စဉ်းစားခဲ့ပြီး အဆုံးမှာတော့ သူ ဝန်လေးစွာ သဘောတူလိုက်၏။

ကျန်းကျွင်းရှီလည်း စိတ်သက်သာရာရသွားသည်။ ကံကောင်း ထောက်မစွာပဲ သူသည် နျဲ့ပုဖန်၏ မဟာအဖျက်အမှောင် အကြံအစည်ကို အချိန်မီ ပယ်ချနိုင်ခဲ့ပါသည်။ အကယ်၍သာ  ကြက်သိုက်ကျေးရွာ၌ အပန်းဖြေ စခန်း ဖွင့်လိုက်မည်ဆိုပါက အကျိုးဆက်သည် မှန်းဆ၍ မရနိုင်ပေ။  သူ့မှာ လုံလောက်တဲ့ လင်ယောကျ်ားတွေ ရှိနေပြီးပြီ၊ ထပ်ရှိစရာမလိုတော့ပါ။ ထို့ထက်မက၊ ဤနေရာ သည် ပုဖန်နှင့် သူတို့၏ အိမ်ဖြစ်သည်၊ ထို့ကြောင့် ဤနေရာတွင် မည်သို့သော သူစိမ်းသူရန်မျိုးကိုမှ ထပ်မမံ ဝင်ရောက်ခွင့် ပြုမည် မဟုတ်တော့ပေ။

အချိန်တွေက အလုပ်တွေရှုပ်ရင်း ပျော်ရွှင်စွာဖြင့် ကုန်ဆုံးသွားပြီး မကြာမှီ နှစ်သစ်ကူးကာလသို့ရောက်ရှိလာပေတော့မည်။ လီရီသည် နှစ်သစ်ကူးမတိုင်မှီ တစ်ရက် အလိုတွင် ကြက်သိုက်ရွာသို့ အပြေးပြန်လာခဲ့သည်။ နျဲ့ပုဖန်က သူ့ကို နွေးထွေးစွာ ဝက်ဝံ တစ်ကောင်လို ပွေ့ဖက်ပြီးနော် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး “နှစ်သစ်မှာ ပျော်ရွှင်ပါစေ၊ ရော့ ဒီစာအိတ်နီကို ယူလိုက်''

လီရီက ထိုအိတ်ကပ်ကို ဖောက်ပြီး နှိုက်လိုက်ရာ ကြေးပြား တစ်ပြားကို တွေ့လိုက်ရ၏။

"ဒါက ဘာလဲ"

''ဒီရွာသားဖြစ်ကြောင်း အထောက်အထားလေ၊ အခုကစပြီး မင်းကို ငါ့ရဲ့ရွာသားအဖြစ် တရားဝင်သတ်မှတ်လိုက်ပြီ''

နျဲ့ပုဖန်သည် ရောင်စုံ ပူဖောင်းများက ကမ္ဘာ တစ်ခုလုံးကို ပြည့်လျှံသွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။ သူ့ မျက်နှာသည်  ဂန္ဓမာပွင့်များလို ငွားငွားစွင့်စွင့် ပြုံးပြီး လီရီရဲ့ ပုခုံးကို ပွတ်သပ်ရင်း

“ညီအစိကို လီ၊ စိတ်မပူပါနဲ့ မင်း ငါနဲ့ အတူတူနေသ၍ နောင်အနာဂတ်မှာ အစားကောင်း၊ အသောက်ကောင်းတွေ စားရမယ်၊ ကောင်းကောင်းမွန်မွန် အိပ်ရမယ်၊ အဝတ်အထည်တွေလည်း အတူတူ မျှသုံးကြမယ်၊ ငါ မင်း အပေါ် လုံးဝ ဆိုးဆိုးရွားရွားဆက်ဆံမှာ မဟုတ်ပါဘူး''

''အင်း..မင်းငါ့ကို ဆိုးဆိုးရွားရွား ဆက်ဆံလို့ကတော့ မင်းကို အခေါင်းထဲ ဆွဲသွင်းပြီး ငါတို့ထာဝရ အတူတူ အိပ်ရအောင် လုပ်မယ်''

"နှစ်သစ်ကူး အချိန်အခါမှာ မင်္ဂလာရှိတဲ့ စကားပဲပြောစမ်းပါကွာ''

''ကောင်းပြီ၊ ပြီးရင် မင်း ငါ့ကို ရေချိုး၊ ကျောဂျေးတွန်းပေးရမယ်''

“…..”

တိတ်ဆိတ်သော တောင်ပေါ် ရွာကလေး၌ နှင်းဖြူဖြူဖွေးဖွေးများက မြေပြင်ပေါ်ဖုံးလွှမ်းလျှက် ရှိသည်။
နှစ်သစ်ကူး အချိန်အခါဟာ ပေါ့ပေါ့ပါးပါးဖြင့် ပျော်စရာကောင်းလှ၏။

ကျန်းကျွင်းရှီ၊ လီရီ နှင့် ဝမ်ရှင်းချန် တို့သည် နျဲ့ပုဖန်းနှင့်အတူ ဖက်ထုပ် ပြုလုပ်ကြသည်။
ညသန်းကောင်းတွင် အနီရောင် မှိုင်းခံ စက္ကူနှင့်ပြုလုပ်ထားသော မီးရူးမီးပန်းများကိုဖောက်ကြသည်။
လကိုကြည့်ခြင်း၊ ဝိုင်သောက်ခြင်း၊ ပုံပြင်များပြောကြ ပြီးနောက် အတူတူအိပ်စက်ခဲ့ကြ၏။

နျဲ့ပုဖန်သည် သူ့ အိပ်မက်ထဲတွင် အလွန်ချိုမြိန်စွာ ပြုံးပြပြီး သူ့ တစ်ကိုယ်လုံး ပျော်ရွှင်မှုများ ပြည့်နှက်နေ၏။

နှစ်ရက် အကြာတွင် ကြက်သိုက်ကျေးရွာသည် ဝေဒီ၊ လီဟွေ့၊ စုချန်းယိ၊ ထိုက်ပိုင်နှင့် ဧကရာဇ်မင်းအပါအဝင် အိမ်တော် အသီးသီးမှ နှစ်သစ်ကူးလက်ဆောင်များ ရရှိခဲ့သည်။

ဧကရာဇ်မင်းသည် နျဲ့ပုဖန်၏ ရွာ၌ ရွာလုံးကျွတ် ကြက်များသာ မွေးမြူထားကြောင်း သိလိုက်ရသဖြင့် မြွေပါ ဆယ်ကောင်၊ မြေခွေး ဆယ်ကောင်နှင့် တောကြောင် ဆယ်ကောင်တို့ကို ပို့လိုက်လေသည်။ကံမကောင်းစွာပဲ၊ ဧကရာဇ်၏ တွက်ချက်မှု မှားသွားလေသည်။

“ကြက်သိုက်ရွာမှာ တိုက်ခိုက်ရေး အင်အား မရှိလို့ စိတ်ပူပြီး ဧကရာဇ်က ဒါတွေကို ပို့လိုက်တယ်။ ဒီရွာ အကြီးအကဲက အလွန် ကျေးဇူးတင်မိပါတယ်” နျဲ့ပုဖန်သည် လှောင်အိမ်များကို ဖွင့်ပြီး

“အားလုံး ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်..ကြိုဆိုပါတယ် ''
ဟု သုံးကြိမ် တိတိ အော်၍ ကျယ်လောင်စွာ ရယ်မောကာ နှုတ်ဆက်သည်။

တိရစ္ဆာန်များသည် လှောင်အိမ်များထဲမှ အပြေးအလွှား ခုန်ထွက်လာပြီးနောက် ... ... ကြက်များအဖြစ် ပြောင်းလဲသွားကြသည်။

နျဲ့ပုဖန်၏ ပျော်ရွှင်မှုသည် ဤနေရာတွင် မရပ်တန့်ခဲ့ပေ။ ပျောက်ဆုံးနေသော ရွှေခဲသည် နောက်ဆုံးတွင် ပြန်လည် ရောက်ရှိလာပြီး ၎င်း၏ ဘေးတွင် အဝါရောင် အမွှေးများပေါ်၌ အနက်ရောင် အစင်းကြားများ ရှိကာ လည်ပင်း၌ အဖြူရစ်ကလေးပါသည့် ခုန်ပေါက်ဆော့ကစား နေသောကျားပေါက်ကလေးတစ်ကောင် ကပ်လာခဲ့၏။

"ဒါ...မင်းရဲ့ သားလား" နျဲ့ပုဖန်သည် ကျားငယ်လေး၏ လည်ပင်းပေါ်ရှိ နူးညံ့သော အမွေးကို ပွတ်သပ်ပြီးနောက် ဂုတ်မှ ဆွဲမြှောက်လိုက်၏။ ကျားကလေးသည် လေထဲတွင် ခြေကားယား လက်ကားယားလေး ပါလာသည်။

ရွှေခဲသည် ခတ္တ ငြိမ်သက်စွာ ရပ်နေပြီး ကျားငယ်ကို စိုက်ကြည့်ပြီးနောက် လှပစွာ ထွက်ခွာသွားကာ သီးသန့် အသိုက်ဆီသို့ လျှောက်သွားလိုက်သည်။

နျဲ့ပုဖန် အံ့သြသွားသည်။ သူ့ကြက်က ကျားမကြီးကို ဗိုက်ကြီးအောင် ဘယ်လိုများ လုပ်လိုက်တာလဲ၊ သူ တကယ် စွံ့အနေသည်။
သည်ကမ္ဘာကြီးက ရူးသွပ်လွန်းတယ်။ ကျားဖြူမကြီး အဆင်မှ ပြေနေသေးရဲ့လား...။

နောက်ရက်ပေါင်း ဒါဇင် များစွာ ကြာသောအခါတွင်၊ ရွာမှ ထွက်သွားသော ကြက်များသည် တယောက်ပြီး တယောက် ရွာကို ပြန်လာကြပြီး တောဝက်၊ ဝံပုလွေ၊ ဝက်ဝံ၊ ဇီးကွက်၊ ပွေးကောင်၊ ဒေါင်း၊ မြေခွေး၊ မြွေပါ အစရှိသဖြင့် ၎င်းတို့၏ သားသမီးများကို ခေါ်ဆောင်လာကြလေရာ  ကြက်သိုက် ကျေးရွာသည် ရုတ်တရတ် ရက်ရက်သဲသဲ ဖြစ်သွားလေသည်။

ဤတိရစ္ဆာန်များ အားလုံး အသား စားကြသော်လည်း ကြက်တွေကိုတော မစားကြပါ။ ၎င်းတို့က ကြက်သိုက်ကျေးရွာရှိ ကြက်များနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြသည်။

သူတို့ကို ရက် အနည်းငယ်ကြာ ယဥ်ပါးအောင်သင်ကြားပေးပြီးနောက် နျဲ့ပုဖန်သည် တောဝက်၊ လိပ်နှင့် မျောက်ငယ် တစ်ကောင်တို့ကို ယူကာ ဝမ်ရှင်းချန်အား ပေးလိုက်သည်။

''မင်း သူတို့ကို ပြုစုစောင့်ရှောက်ပေးရမယ်'' ဟုလည်းပြောသည်။

ဝမ်ရှင်းချန်က ရွှံ့ထဲမှာ လူးနေတဲ့ တောဝက်ကို ကြည့်ပြီး “ဘာလို့ ငါ့ကို ပေးလိုက်တာလဲ” လို့ မေးခွန်းထုတ်၏။

"သူတို့က မင်းရဲ့တပည့်တွေပဲ၊ ဝူခုံး၊ ပါကျဲ၊ ရှဝူကျင်း''

နျဲ့ပုဖန်က ၎င်းတို့ရဲ့နာမည်တွေကိုပါ ရွတ်ပြ၏။

“ဝက်၊ မျောက်နဲ့ လိပ်ကို တပည့်အဖြစ် ဘာကြောင့် လက်ခံရမှာလဲ”

"အစ်ကို ဝမ်၊ ငါ့ကို ယုံပါ၊ သူတို့အားလုံးမှာ ဉာဏ်ပညာ အရင်းအမြစ်တွေ ရှိပြီးသား သူတို့ မင်းကို ကာကွယ်ပေးမှာပါ" 
နျဲ့ပုဖန်က ဆက်ပြော၏။

"သူတို့ကို နေ့တိုင်း ကျမ်းဂန်တွေ ရွတ်ပြတာက အကျိုး ကျေးဇူးတွေ ရှိလာလိမ့်မယ်"

“…..” တစ်ခါတလေ ဒီကောင်ရဲ့ ခေါင်းကို ဘယ်လိုပုံစံနဲ့ တည်ဆောက်ထားသလဲ သူ တကယ် မသိဘူး။

ထို့နောက် နျဲ့ပုဖန် သည် "လာဘ်ကောင်'' ဟုအမည်ပေးထားသည့်  ခပ်မိုက်မိုက် တောကြောင်တစ်ကောင်ကို ကျန်းကျွင်းရှီအား ပေးခဲ့သည်။ 

လီရီကို သူ လက်ဆောင်ပေးခဲ့တာက လင်းနို့တစ်ကောင်ဖြစ်ပြီး၊ ၎င်း လင်းနို့နှင့် လီရီတို့မှာ နှစ်ယောက်လုံးက အသွင်သဏ္ဍာန်နှင့် ဝတ်စားဆင်ယင်ပုံ အလွန် တူကြပါသည်။  ဒီနှစ်ယောက်ထက် ပိုကောင်းတဲ့ လက်တွဲဖော်ဆိုတာ မရှိတော့ဘူး။

အဆိုပါ တိရစ္ဆာန်များ ပြန်လာချိန်မှစ၍ ကြက်သိုက်ကျေးရွာတွင် နေထိုင်ကြသော သူများ၏ ပျင်းရိမှုတို့ ပျောက်ကွယ်သွားကာ ကြက်သိုက်ကျေးရွာသည် သားရဲတို့၏ ဘေးမဲ့ နယ်မြေ တစ်ခုသဖွယ် ဖြစ်လာခဲ့၏။

ပန်းတွေ ပွင့်ပြီး နွေဦးပေါက် ရောက်တဲ့အခါ မှာတော့ ထိုက်ပိုင် ဟာ ခရီးဆောင်အိတ် အကြီးအသေး အစီအရီဖြင့် ဤနေရာတွင် ထာဝရ နေထိုင်ဖို့ ရည်ရွယ်ချက်နှင်အတူ ကြက်သိုက်ရွာကို ရောက်လာခဲ့၏။ သူသည် ၎င်း၏ ဖခင်အား ကြက်သိုက်ကျေးရွာနှင့် ကုန်သွယ်မှု ဆက်ဆံရေးထူထောင်ရန် ဆွဲဆောင်ခဲ့ပြီး ပြည်တွင်း ပြည်ပတွင်တင်ပို့ ရောင်းချမည့် ''မွေးမြူရေးကြက် နှုန်းထား''  ကို မြှင့်တင်ရန်ဟု အကြောင်း ရှာကာ လာခဲ့ခြင်းဖြစ်သည်။ 

ဤတွင် ကြက် ဝယ်ယူသူမှ ကြက်များကို ကိုယ်တိုင်ရွေးချယ် ကောက်ယူရန် ရွာသို့ လာရမည်မှာမှန်သည်။
သို့သော် ဤရွာ၌ တိုက်ခိုက်ရေး ကြက်များက ခွင့်မပြုလျှင် မွေးမြူရေး ကြက်လည်း ကောက်ယူ၍ ရမည် မဟုတ်ပဲ အရောင်းအဝယ် ဖြစ်မှာလည်းမဟုတ်ပေ။

ယနေ့ ကြက်သိုက်ရွာသည် ကမ္ဘာ မသိနိုင်သော တောင်ပေါ်မှ ရွာလေး တစ်ရွာ မဟုတ်တော့ပါ။ သျှီထို့ ဘုရင့်သံတမန်များ လာရောက် လည်ပတ်ချိန်တွင် ရွှေခဲသည် ကျားကို အနိုင်ယူပြီးကတည်းက ကြက်သိုက်ရွာက ကြက်များ၏ ကျော်ကြားမှုသည် မင်တိုင်းပြည် တဝှမ်း၌ သာမက နိုင်ငံခြား သံတမန်များမှတစ်ဆင့် အနီးတစ်ဝိုက် တိုင်းပြည်များတွင်ပါ ပျံ့နှံ့သွားခဲ့သည်။ ကြက်ဝယ်ဖို့ မင်နိုင်ငံကို လူတွေ အဆုံးမရှိ ဆင်းလာကြ၏။ သို့သော် ကြက်သိုက်ကျေးရွာရှိ ကြက်များသည် လူ အနည်းငယ်ကိုသာ ကြက်ကောက်ယူဖို့ လက်ခံသည့်အတွက် အများစုမှာ တခြားမှ ကြက်အတုများကိုသာ ဝယ်ယူနိုင်ကြလေသည်။

ထိုက်ပိုင် ရောက်လာပြီး သိပ်မကြာခင်မှာပဲ နျဲ့ပုဖန်မှာ ''ကြက် သခင်လေး'' ဟု နာမည်ကြော်ကြားလာတော့သည်။
ဤအခြေအနေ နျဲ့ပုဖန်အတွက် တိုက်ပွဲ တစ်ခု ဖြစ်နေသည်။

ဖန်းလုံ သည်လည်း ကြက်သိုက်ရွာသို့ ပြန်လာခဲ့သည်။ သူ၏ နိုင်ငံတော်ပညာရှိဟူသော ဝန်ထုပ်ဝန်ပိုး အားလုံးကို စွန့်လွှတ်ကာ ကြက်သိုက်ရွာ၌ အေးချမ်းစွာ နေထိုင်၍  
အားလပ်ရက်တွင် ဝိုင်သောက်ရန် ရွာအစွန်း၌ သူ့ကိုယ်ပိုင်ဝိုင်ခန်း တစ်ခု ဆောက်ခဲ့သည်။ ဤသို့ဖြင့် ဝိုင်အသစ် စပ်ပြီးတာနဲ့ ကျန်းကျွင်းရှီက တာဝန်ယူဖြန့်ချီပေး၏။

ရတနာသိုက်တွင် တွေ့ရှိရသည့် ဝိုင် အရက်ပုလင်းများကို နျဲ့ပုဖန်က ယူလာပေးပြီး ၎င်းတို့ကို ဖန်းလုံ မြည်းစမ်းပြီးနောက်၊ သူသည် သိုလှောင်ရုံ၌ ဝိုင်အမျိုးအစား များစွာကို အောင်မြင်စွာ ချက်လုပ်နိုင်ခဲ့ပြီး ၎င်းကို နျဲ့ပုဖန်နှင့်အတူ အကြိမ်ပေါင်း များစွာ မြည်းစမ်းခဲ့ကြသည်။

နျဲ့ပုဖန်သည်လည်း သူ့ဖြစ်တည်မှုကို တဖြည်းဖြည်း လက်ခံလာပြီး အားလုံးနှင့်သိုက်သိုက်ဝန်းဝန်းနေသည်။

နျဲ့ပုဖန်၏ လင်ယောကျ်ား အချင်းချင်းသည်လည်း တစ်ယောက်ကို တစ်ယောက် လက်ခံကာလေးလေးစားစား ဆက်ဆံကြသည်။

ဝေဒီမှ လွဲ၍ ဖြစ်၏။

ဝေဒီသည် တစ်ဦးတည်း လက်ဝါးကြီးအုပ်ထားချင်သေးသည်၊ သူသည် နျဲ့ပုဖန်ကို လွမ်းဆွတ်နေသော်လည်း သူ့ ချစ်သူကို အခြားသူများနှင့် မျှဝေခြင်းအား လက်မခံနိုင်ပေ။

သူက ဤသို့ပြောသည်– “ငါ ပိုင်ဆိုင်ရမယ့် အရာအပေါ် လိပ်ပြာမလုံဘူးဆိုရင် ငါ မပိုင်ဆိုင်ချင်ဘူး”

သို့သော်လည်း နျဲ့ပုဖန်၏ ပြုံးနေသော မျက်နှာလေးကို သူ မြင်ယောင်မိ သောအခါ ထိုစကားလုံးများကို ပြတင်းပေါက်မှ ချက်ချင်း လွှင့်ပစ်လိုက်ရသည်။

နျဲ့ပုဖန်နှင့် ညပေါင်း များစွာ ဖြတ်ကျော်ပြီးသည့်တိုင်သူက မာနကြီးမြဲ ဖြစ်၏။

"တစ်ခြားသူရဲ့ နှလုံးသား အစိတ်အပိုင်း တစ်ခုတောင် မပိုင်ရဘူးဆိုရင် ငါဆိုတဲ့ ဝေဒီက သိုင်းလောက အသိုင်းအဝိုင်းရဲ့ ခေါင်းဆောင် ဖြစ်ဖို့ မထိုက်တန်ဘူး''

ချစ်မိသူက အရှုံးသာ။

နွေဦးပေါက်သွားတော့ နျဲ့ပုဖန် ပျင်းလာသည်။  တစ်နေ့ကို ခြောက်နာရီ သို့မဟုတ် ခုနစ်နာရီကြာ အိပ်နေရတာသူ့အတွက် အဆင်မပြေပါ။  ထို့အပြင် သူသည် အလွန် စားချင် သောက်ချင် စိတ်ရှိပြီး ဒေါသလည်း ကြီးလာသည်။

လင်ယောကျ်ား ဖြစ်သူများက စိတ် မသက်မသာ ခံစားရသော်လည်း နတ်ဆေး ဆရာက “ဒါဟာ သာမန် ဖြစ်စဉ်ပဲ” လို့ ပြော၏။

သာမာန် ဖြစ်စဉ် တစ်ခုလား။ အဲဒါကရော ဘယ်လိုဖြစ်ရတာလဲ။

“သူမှာ ကိုယ်ဝန် ရှိတာ ဖြစ်နိုင်တယ်” ဟု နတ်ဆေး ဆရာက ထူးထူးဆန်းဆန်း စကားကို ဆိုခဲ့သည်။

ကိုယ်ဝန်ရှိတာလား။ ပုဖန်ဟာ မိန်းမ တစ်ယောက်လို မဟုတ်ဘူး။ လ အနည်းငယ် ကြာပြီးနောက် နျဲ့ပုဖန် ခန္ဓာကိုယ်က နည်းနည်း ပိုထွားလာတာက လွဲလို့ သူ့ဗိုက်က ပူမလာပါ။  ဒါက သူတို့ကို သပ်သပ် စမ်းသပ်နေတာလား။

နတ်ဆေး ဆရာ ပြောသော စကားကို မည်သူမျှ မယုံကြတော့ပေ။

သို့သော် နောက်ထပ် လ အနည်းငယ် ကြာပြီးနောက် တစ်မနက်တွင် နျဲ့ပုဖန်သည် အထုပ်တစ်ထုပ်နှင့်အတူ အနောက်ဘက်တောင်ပေါ်သို့ တိတ်တဆိတ်သွားခဲ့သည်။

အနီးနားတွင် မည်သူမျှ မရှိကြောင်း သေချာပြီးနောက်တွင် သူက အထုပ်ကို ဖွင့်လိုက်ရာ ဟင်းရည်ပန်းကန်လုံးအရွယ် ဖြူဖွေးတောက်ပသော ကြက်ဥတစ်လုံးထွင်လာ၏။ ၎င်း၏ မျက်နှာပြင်သည် ပူနွေးနေပြီး အတွင်းမှ တုန်ခါမှုကို ခံစားနိုင်သည်။

ခဏကြာတော့ ကြက်ဥခွံ ကွဲသွားပြီး အကွဲကြောင်းထဲက ပန်းရောင် ခြေဖဝါးလေး ထွက်လာတယ်။

“ဒါက…..” နျဲ့ပုဖန် သည် အခွံထဲမှ တဖြည်းဖြည်း တိုးထွက်လာသော ကလေးငယ်ကို ကြည့်ရင်း မျက်လုံးများ ဝိုင်းစက်နေ၏။

''တကယ်ပဲ ငါ့ ခန္ဓာကိုယ်က မင်းကို လွယ်ထားရတာဘယ်လောက် ပင်ပန်းရသလဲဆိုတာ မအံ့သြတော့ပါဘူး၊ မင်းကို ကြက်ဥလေးထဲ ပေါက်လာလိမ့်မယ်လို့ မထင်ထားဘူး''

သူသည် ဥခွံထဲက ကလေးကို ကောက်ယူပြီး လက်နှစ်ဖက်နဲ့ ညင်သာစွာ ဖွေ့ဖက် ရင်း ဝမ်းသာ ပီတိမျက်ရည်များဖြင့် ငိုကြွေးလေသည်။ ထိုစဥ်မှာပဲ  ရုတ်တရက် သူ့ ရင်ထဲမှာ နားမလည်နိုင်တဲ့ ခံစားချက် တစ်ခုကို ခံစားလိုက်ရသည်။

ပတ်ဝန်းကျင်ရှိ ကြက်များသည် ခေါင်းမော့ကာ  တညီတညွတ်တည်း တွန်လိုက်ကြပြီး ဤလူသားလေး၏ ရောက်ရှိလာခြင်းကို ကြိုဆိုနေပုံရသည်။

နျဲ့ပုဖန်က ကလေးကို စောင်နဲ့ သေချာ ထုပ်ရင်းတွေးမိသွားသည်။
သည်ကလေးရဲ့ အဖေအရင်းက ဘယ်သူဖြစ်မလဲ။

သူသည် ကလေးကို ရွာသို့ပြန်ခေါ်သွားပြီးနောက် အားလုံးက ချက်ချင်းပဲ ကလေးကို လာရောက်ဝိုင်းအုံ ကြည့်ကြ၏။

ထိုတွင် နျဲ့ပုဖန်က မျက်နှာတည်ဖြင့်

“ဒီကလေးလေးကို အခု တောထဲက ကောက်ရလာတာ၊ သူ့ကို ဒီရွာမှာ မွေးထားဖို့  ဆုံးဖြတ်လိုက်တယ်။ မင်းတို့ထဲက ဘယ်သူက ကလေး အဖေ ဖြစ်ချင်သလဲ''

ဝမ်ရှင်းချန်က ကလေးဆီ လာကြည့်ပြီး “ငါ့ကို ကလေး အဖေ ထားလိုက်” ဟု တည်ငြိမ်စွာ ပြောလိုက်သည်။

နျဲ့ပုဖန် အံ့သြသွားသည်။ အမြဲတစေ လူတွေနဲ့ ခပ်ခွာခွာ နေတတ်ပြီး အားလုံးကို လျစ်လျူရှုထားတဲ့ ဝမ်ရှင်းချန်က ဒီအရှုပ်ထုပ်လေးကို တာဝန်ယူလိမ့်မယ်လို့ သူ မမျှော်လင့်ထားချေ။

ထို့နောက် ဝမ်ရှင်းချန် ကလေးလေးကို ပြုံးပြပြီး ပွေးဖက် လိုက်သည်။ နျဲ့ပုဖန်ပင်လျှင် သေချာ မသိနိုင်သော်လည်း နျဲ့ပုဖန်၏ ပထမဆုံး ကလေးမှာ သူ့အတွက် သေချာကြောင်း သူ ကောင်းကောင်း သိထားပါသည်။

ကျန်လူများက ကလေး အဖေ ကောက်ယူခြင်းနှင့်ပတ်သက်၍ သံသယ မရှိကြပေ။ အမှန်တော့၊ အမျိုးသား တစ်ယောက်က ကလေးမီးဖွားတယ်ဆိုတာဟာ တော်ရုံမည်သူမှ  ကြားဖူး နားဝ ရှိမည်မဟုတ်သလို သူတို့ရဲ့ သာမန် အသိပညာထက် ကျော်လွန်နေသော ကိစ္စ တစ်ရပ်ပင် ဖြစ်နေသည်။

သို့သော် နျဲ့ပုဖန် ဒုတိယအကြိမ် ဥဥချသောအခါ ဤလျှို့ဝှက်ချက်သည် နောက်ဆုံးတွင် လူသိရှင်ကြား ထွက်ပေါ်လာတော့၏။

ထိုအချိန်တွင် မည်ကဲ့သို့ပြင်းထန်သော တိုက်ပွဲများ ဖြစ်လာမည်ကို တွေးကြည့်နိုင်ပေသတည်း။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now