Chapter 78

1.3K 159 0
                                    

Chapter - 78
အချစ်အတွက် တိုက်ပွဲ (အပိုင်း -၂)


ထိုနေ့တွင် ရန်ရှန်းမြို့၌ ကြီးမားသော ကျားဟိန်းသံများ ထွက်ပေါ်နေ၏။
မဟာမိတ် နိုင်ငံ ဖြစ်သော သျှီထို့ ပြည်ထောင်သည် အရွယ်ရောက်ပြီးသော ကျားဖြူ တစ်ကောင်အား မင် ဧကရာဇ်ထံ ပေးအပ်ခဲ့သည်။ စီတန်းလှည့်လည်ပွဲသည် ရန်ရှန်း မြို့ကို ဖြတ်သွားသောအခါတွင် ကျားဖြူ ကြီး၏ ဘုန်း အာနုဘော်ကို မြင်ရန် ထောင်နှင့်ချီသော ပြည်သူများ လမ်းမများပေါ်သို့ ထွက်လာခဲ့သည်။

ကျားဖြူသည် ရိုင်းပြီး သန်မာနေ၏။ ၎င်းသည် လှောင်အိမ်ထဲတွင် ရုန်းကန် ပြေးလွှားနေပြီး အော်ဟစ် ဟိန်းဟောက်နေသောကြောင့် လာရောက် ကြည့်ရှုကြသူ အပေါင်းလည်း ကြောက်လန့်နေသည်။
ဤ မြင်ကွင်းတစ်ခုလုံးမှာ လူအုတ်ကြီးသည်အုတ်အော်သောင်းနင်း ဖြစ်နေကြ၏။

သျှီထို့ ပြည်ထောင်၏ သံတမန်သည် ထိုမြင်ကွင်းကို ကြည့်ပြီး ရယ်မောကာ ကျားဖြူ၏ အကျိုးသက်ရောက်မှုအတွက် အလွန် ဂုဏ်ယူနေပုံရသည်။

မင် တိုင်းပြည်၏ သစ်တောများအတွင်း၌လည်း ကျားများစွာ နေထိုင်ကျင်လည်နေ၍ ကျားသည် အဆန်း မဟုတ်ပေ။ သို့သော် မင် တိုင်ပြည်ရှိ တောင်များနှင့် သစ်တောများတွင် ကျားဖြူများကို တွေ့ရခဲသည်။ ဒဏ္ဍာရီအရ ကျားဖြူသည် ကောင်းကင်ဘုံ၏ အမှတ်သညာ ဖြစ်ပြီး နတ်ဘုရားများ စီးနင်းကြသည်ဟု ဆိုသည်။  
သျှီထို့ ပြည်ထောင်သည် ကျားဖြူ ဖမ်းမိခြင်းကြောင့် ၎င်းတို့၏ ချမ်းသာ ကြွယ်ဝမှုအပြင် ဂုဏ်သတင်းပါ ကျော်ဇောလေသည်။
ဤသို့ မင် ဧကရာဇ်အား ကျားဖြူ လက်ဆောင်ပေးခြင်းမှာ အစားအသောက်၊ အထည် လက်ဆောင်ပဏာ အလုံအလောက် ရရှိလိုခြင်းကြောင့် ဖြစ်သည့်အပြင် မင် ဧကရာဇ်၏ ရဲစွမ်းသတ္တိကို စမ်းသပ်လို၍လည်း ပါ၏။

ဂုဏ်ပြု လက်ဆောင်ဖြစ်တဲ့ သည်ကျားဖြူကို တောထဲကို လွှတ်ပေးလို့ မရပေ။ သေသေချာချာ ပြုစုပျိုးထောင်ဖို့ လိုသည်။ နာမကျန်းမှုဖြင့် ကွယ်လွန်သည် ဖြစ်စေ၊ သေသေချာချာ ဂရုမစိုက်၍ ပြဿနာ ဖြစ်သည် ဖြစ်စေ မင် ဧကရာဇ်အနေနဲ့ မျက်နှာပျက်ရမည်ပင်။

ဤလက်ဆောင်သည် နှစ်သက်ဖွယ် ကောင်းပြီး ခေါင်းကိုက်စေသော လက်ဆောင်တစ်ခုဟု ဆိုနိုင်သည်။

“ငါ ပြောမယ်၊ ရွှေခဲ”
နျဲ့ပုဖန်က သူ့ ဘေးက အဝါရောင် အမွေးနှင့် အနက်ရောင် အစင်းကြောင်းတွေပါတဲ့ ကြက်ကိုပြောနေသည်။ သူတို့သည် လက်ဖက်ရည်ဆိုင်ရဲ့ ဒုတိယထပ်မှာ ရှိနေ၏။

“မင်း ငါ့လို ထိုက်တန်တဲ့ သခင်မျိုးနဲ့ တွေ့ရတာ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ၊ လွတ်လပ်ပြီး မင်း စိတ်ကြိုက်နေလို့ရတယ်၊ မင်းကိုဖမ်းချုပ်တာ၊ ချုပ်ချယ်တာမျိုးလည်း မရှိဘူး။ မင်းရဲ့အပေါင်းအသင်းတွေကိုတော့ လူတွေ စောင့်ကြည့်တာခံဖို့ လှောင်အိမ်ထဲမှာ ထည့်ထားကြတယ်''

ရွှေခဲသည် တင်းမာသော မျက်နှာထား စူးရဲသော မျက်လုံးများဖြင့် ကျားဖြူကို စိုက်ကြည့်နေသည်။

လောလောဆယ် ရူးသွပ်နေသော ကျားဖြူသည် တစ်စုံတစ်ခုကို တွေ့ရှိသွားသည့်နှယ့် ရွှေခဲ၏ မျက်လုံးများနှင့် ဆုံရန် ရုတ်တရက် ခေါင်းလှည့်လိုက်သည်။ ခဏကြာတော့ ကျားဖြူက ဟိန်းဟောက်တာ ရပ်သွားပြီး ငြိမ်သက်သွားကာ လှောင်အိမ်ထဲမှာ ဖြည်းညှင်းစွာ လှဲချလိုက်၏။

သျှီထို့ ပြည်ထောင်၏ ဘုရင့် သံတမန်များသည် အံ့သြခြင်း အပြည့်ဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ နျဲ့ပုဖန် ရှိနေသော လက်ဖက်ရည်ဆိုင်သို့ ကြည့်လိုက်သောအခါ ဝါးဦးထုပ် အောက်တွင် မျက်နှာ တစ်ဝက် ဝှက်ထားသော လူတစ်ယောက်နှင့် သူ့ ဘေးတွင် ရပ်နေသော ကြက်တစ်ကောင်ကိုသာ တွေ့လိုက်ရ၏။

သံတမန်သည် သူ့ ဘေးနားက လူကို စကားအနည်းငယ် တီးတိုးပြောလိုက်သည်။ 
ထိုလူသည် စီတန်း လှည့်လည်လာသော လူတန်းကြီးထဲမှ ခွဲထွက်ကာ လက်ဖက်ရည်ဆိုင်ဆီသို့ ဦးတည်သွားခဲ့သည်။

သံတမန်တော်က အမိန့်ပေးပြီးနောက် ထို လက်ဖက်ရည်ဆိုင်ဆီသို့ လှမ်းကြည့်ပြန်သည်။  လက်ဖက်ရည်ဆိုင်ရှိ အမျိုးသားသည် လူအုပ်ကြီး ကို ကြည့်ရင်း ပျင်းရိသည့် အနေအထားရှိသော်လည်း သူ့ ဘေးနားတွင် ကြက်က မရှိတော့ပေ။

"ငါတို့ သွားသင့်ပြီ'' ထိုက်ပိုင်က တမင် နှိမ့်ချ၍ ပြောလိုက်သော အသံကို နျဲ့ပုဖန် ကြား၏။

"ဘာဖြစ်လို့လဲ" သံတမန်များ ထွက်သွားသည်ကို နျဲ့ပုဖန်က မြင်လိုက်ပြီးနောက် ထိုက်ပိုင်ဘက် လှည့်ကြည့်လိုက်သည်။

"တစ်ယောက်ယောက်က ငါတို့ကို စောင့်ကြည့်နေတယ်။ ဝေဒီရဲ့လူ ဟုတ်၊ မဟုတ်တော့ မသိဘူး” ဟု  ထိုက်ပိုင်က တိုးတိုးပြောလိုက်သည်။

''သူတို့ စောင့်ကြည့်တာ၊ မကြည့်တာထက် ငါတို့ အခု ထွက်သွားဖို့ အချိန်ကိုက်ပဲ''

နျဲ့ပုဖန်လည်း ဘာမှ ဆက်မပြောတော့ပဲ မတ်တတ်ထလိုက်၏။

နှစ်ယောက်သား လက်ဖက်ရည်ဆိုင်မှ ထွက်လာကြပြီး စောင့်ကြည့်နေသူများကလည်း မျှော်လင့်ထားသည့်အတိုင်း လိုက်လာကြသည်။

နျဲ့ပုဖန်က ပြုံးလိုက်သည်။

''ငါတို့ အဓိက လမ်းမကြီးပေါ်က သွားကြမယ်''

ထိုက်ပိုင် အံ့အားသင့်သွားသည်-
“အဓိက လမ်းမ လား။ လူတွေ ပြည့်နေတယ်၊ ငါတို့တောင် ဖြတ်လို့ရပါ့မလား”

"ငါတို့တောင် မဖြတ်နိုင်ဖူးဆိုရင် ငါတို့နောက်ကို လိုက်နေတဲ့ လူတွေကလည်း ဖြတ်နိုင်မှာ မဟုတ်ဘူးလေ'' နျဲ့ပုဖန်က ပြုံးလိုက်သည်။

ထိုက်ပိုင်သည် သူ့နဖူးမှ ချွေးများကို သုတ်လိုက်ပြီး နောက်ဆုံးတွင် သူ့အသက်နဲ့ ရင်းကာ ဆုံးဖြတ်လိုက်သည်။
လူဆိုး လက်မှ လွတ်ရန် မကောင်းဆိုးဝါး နောက်ကိုလိုက်ရပေမည်။

၎င်းတို့နှစ်ဦးအနက် တစ်ဦးမှာ သေခြင်းတရား၏ လမ်းကို လျှောက်နေသည့် လူကဲ့သို့ ကြေကွဲဖွယ်ဖြစ်ပြီး ကျန်တစ်ဦးမှာ လပေါ်သို့ ပျံသန်းသွားသကဲ့သို့ စိတ်လှုပ်ရှားနေကာ ရုန်းရင်းဆန်ခတ် လူအုပ်ထဲသို့ သတ္တိရှိရှိ တိုးဝင် လိုက်ကြသည်။ 
ထိုက်ပိုင်သည် နျဲ့ပုဖန်၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး တင်းမာနေသော မျက်နှာထားနှင့် လူအုပ်ကြီးထဲသို့ တိုးဖြတ်လာသည်။

နျဲ့ပုဖန် ဟာ ရေဆန်ကို ကူးနေသော ငါးတစ်ကောင်လို လူအုပ်ကြီးကို ချောချောချူချူ တိုးနိုင်ပေမယ့်၊ ထိုက်ပိုင်မှာ ကျန်ခဲ့သောကြောင့် စောင့်၍ သွားနေရသည်။ ရံဖန်ရံခါ လူအုပ်ကြီး၏ ဒီရေစီးကြောင်းတွင် နောက်သို့ စုန်၍ မျောပါသွားလိုက် ဖြစ်နေ၏။

ရေအောက်တွင် လျင်မြန်လွန်းလှပေမယ့် လူတိုးရာတွင် အလွန်ညံ့သည့် ထိုက်ပိုင် ကို သူ တိတ်တဆိတ် ဆဲဆိုလိုက်ပြီး ထိုသူဟာ ကုန်းပေါ်တွင် သူ့လောက် အတွေ့အကြုံ မရှိမှန်း သိသာ၏။

ထိုအခိုက်အတန့်၌ ဘာကြောင့်မှန်း မသိပဲ ရုန်းရင်းဆန်ခတ် ဖြစ်နေသော ဘေးပတ်ဝန်းကျင်မှ လူများကို နောက်ပြန်ဆုတ်သွားခဲ့သည်။
လူအုပ်က ပိုကြပ်ညပ်လာသောကြောင့် နျဲ့ပုဖန်သည် ထိုက်ပိုင်ကို ဆွဲထားသောလက်ကို ဖြုတ်ချလိုက်၏။ သူတို့ချင်း လူကွဲသွားကြသည်၊ သူတို့နှစ်ယောက်ကြား လူများစွာ ခြားသွားသည့်နောက်တွင် နျဲ့ပုဖန်က လူအုပ်ထဲမှ ထိုက်ပိုင် မြင်အောင် လက်လှမ်းပြကာ ...

''ညီအစ်ကို ပိုင်၊ တည်းခိုခန်းမှာ ပြန်တွေ့ကြမယ်'' ဟု အော်လိုက်သည်။

ထိုသို့ ပြောပြီးနောက်တွင် သူသည် သဲလွန်စ မရှိဘဲ လူအုပ်ထဲသို့ တိုးဝင်ကာ အစအန မရှိပဲ ပျောက်ကွယ်သွားလေ၏။

ထိုက်ပိုင်သည် နျဲ့ပုဖန် ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး ဝမ်းနည်းစွာ ခံစားလိုက်ရသည်။

အကြင်နာတရား ကင်းမဲ့တဲ့ကောင်။

သူကဲ့သို့ ဝမ်းနည်း ပူဆွေးနေသော အခြားသူ တစ်ဦးလည်း ရှိနေပြီး ၎င်းမှာ နျဲ့ပုဖန်ကို ခြေရာခံရန် တာဝန်ရှိသည့် သျှီထို့ သံတမန် ဖြစ်သည်။ သူသည် ၎င်းတို့ နှစ်ဦးရဝင်သွားသော လူအုပ်ထဲသို့ လိုက်သွားပေမယ့် လူအုပ်ကြီးက ဒီရေလှိုင်းသဖွယ် တဟုန်ထိုး တက်လာသောကြောင့် လူအုပ်ထဲသို့ စုန်မျောရခြင်း အဖြစ်ဆိုးကို ချက်ချင်း ကြုံတွေ့ခဲ့ရသည်။ တဖက်လူကို ခြေရာခံဖို့နေနေသာသာ ကိုယ့်ကိုယ်ကို ခိုင်ခိုင်မာမာ ရပ်တည်ဖို့တောင် ခက်၏။  ထို့ထက် ပို၍ သိပ်သည်းသော လူအုပ်ကြီး အပြင်သို့ သူ ပြန်တိုးထွက်နိုင်ခဲ့သော အခါတွင်မူ သူ၏ ပိုက်ဆံအိတ်၊ ဓားမြှောင်နှင့် သူ့ ချစ်သူထံမှ လက်ကိုင်ပုဝါများ အားလုံး ပျောက်သွားခဲ့သည်။ သူသည် တာဝန်ကို မထမ်းဆောင်နိုင်ခဲ့သည့် အပြင် ခန္ဓာကိုယ်ရော၊ စိတ်ပါ ဒဏ်ရာရကာ ကြီးစွာသော ဆုံးရှုံးမှုကို ခံစားရလေ၏။

"ဟင်း၊ မဆိုးပါဘူး၊ အနှိပ်ခံရသလိုပဲ  နျဲ့ပုဖန် သည် လမ်းပေါ်တွင် ရပ်နေပြီး လူတို့၏ ပခုံးခြင်း ပွတ်တိုက်သွားမှုကို ခံစားကာ ပြုံးနေလိုက်သည်။

သည်အချိန်မှာ လူစု လူဝေးက ပိုကျဲပါးသွားပေမယ့် အချင်းချင်း ပုခုံးတွေ ထိမိခိုက်မိနေသေးသည်။ အနည်းဆုံးတော့ အရင်ကလောက် မလှုပ်မယှက် ဖြစ်နေရသော အခြေအနေမှ ကင်းလွတ်လာပြီ။

နျဲ့ပုဖန်မှာလည်း နောက်ဆုံးတွင် အဝတ်အစားတွေပျက်စီးကာ ခေါင်းပေါ်က ဝါးခမောက်တောင် ဘယ်နား ကျကျန်ခဲ့မှန်း မသိတော့ပါ။
ထို့ကြောင့် ဘာအကာအကွယ်မှ မပါပဲ တည်းခိုခန်း ကို အမြန်ပြန်ဖို့ရာ ဆုံးဖြတ်လိုက်သည်။

သို့သော် သူ ခြေတစ်လှမ်း လှမ်းရင်းနဲ့ လမ်းထောင့်မှာ ရင်းနှီးတဲ့ ပုံရိပ် တစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။ ဝေဒီရဲ့ အစောင့်တွေထဲက ဝေ တတိယ ဖြစ်၏။

နျဲ့ပုဖန်လည်း လက်နဲ့ မျက်နှာ တစ်ဝက်ကို အမြန်ဖုံးကာ ပုန်းကွယ်ရန် နေရာရှာလိုက်သည်။ သို့သော် ပုန်းကွယ်စရာ နေရာမရှိပဲ သူ ရပ်နေတဲ့ဘေးတွင် တံတိုင်း တစ်ခုသာ ရှိ၏။ ထို့အပြင်၊ လမ်းပေါ်တွင် လူအုပ်ကြီးသည်လည်း လူကျဲပါးသွားသောကြောင့် နျဲ့ပုဖန်၏ ထူးခြားပြီး ထင်ရှားတဲ့ ပုံစံကို ကွယ်နိုင်မည် မဟုတ်တော့ပေ။ ဝေ တတိယနှင့် သူ ကြားအကွာအဝေးဟာ မျက်စိ တစ်ဆုံးစာသာ ရှိသည်။

ဤအရေးပေါ် အခိုက်အတန့်တွင် နျဲ့ပုဖန်၏ မျက်လုံးများသည် ခြေလှမ်း အနည်းငယ် အကွာရှိ လူအုပ်ကြီးကြောင့် ယာယီ ရပ်ထားသော လှည်းရထားကို ကြည့်လိုက်၏။ သူ ဘာမှမတွေးတော့ပဲ ဝေ တတိယက သူ့ကို မြင်ခါနီးတွင် ရထားထဲကို ခုန်ဝင်လိုက်သည်။

သူ့ကိုယ်သူ တည်ငြိမ်အောင် မထိန်းနိုင်ခင်မှာ ချွန်ထက်တဲ့ ဓားမြှောင်က သူ့ လည်ပင်းကို ဖိကပ်လာသည်။

နျဲ့ပုဖန်သည် ဓာမြှောင်ကို တွန်းဖယ်ကာ သူ့နောက်က လူကို လှည့်ကြည့်လိုက်၏။
ထိုလူသည် ဆံပင်များ ဖိုးယို့ဖားယား ရှိကာ ရုပ်ဆိုး၏။ နှုတ်ခမ်းကလည်း ရွဲ့နေသည်။
၎င်းက ကျဥ်းမြောင်းသော မျက်လုံးများဖြင့် နျဲ့ပုဖန်ကို ကြည့်နေ၏။

သို့သော် နျဲ့ပုဖန် ကသူ့ကိုပထမဆုံးပြောလိုက်သည်မှာ

"မင်္ဂလာပါ" နျဲ့ပုဖန် က ပြုံးပြီး နှုတ်ဆက်လိုက်သည်။

"မင်းကို စိတ်အနှောင့်အယှက် ဖြစ်မိလို့ တောင်းပန်ပါတယ်။ ခွင့်လွှတ်ပါ၊ ငါ မင်းနဲ့ အတူတူ ဒီလှည်းကိုစီးပါရစေ''

"မရဘူး''

ရုပ်ရည်ဆိုးသောလူက ထိုစကားကို ပြတ်ပြတ်သားသားပြောလိုက်သည်။

“ဒီလို မလုပ်ပါနဲ့”
နျဲ့ပုဖန် က ထိုလူကို ကြောက်ရွံ့ခြင်း လုံးဝ မရှိပဲ  သူသည် ဓားမြှောင်ကို လည်ပင်းမှ ပေါ့ပေါ့ပါးပါး တွန်းထုတ်ကာ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်၏။

''တစ်ချိန်မှာ သူတစ်ပါး အခက်ခဲကို ကူညီပေးရင်၊ ကိုယ် လိုအပ်တဲ့ အချိန်ကျရင်လည်း အကူအညီကရောက်လာလိမ့်မယ်တဲ့''

နျဲ့ပုဖန်က ဖော်ရွေစွာ ပြောသည်။

"ဒါက ငါ့အတွက် မမှန်ကန်ဘူး၊ ငါ အကူအညီ မလိုဘူး"

ရုပ်ရည်ဆိုးသောလူသည် နျဲ့ပုဖန်၏ လည်ပင်းတွင် ဓားမြှောင်ကို ထပ်၍ ဖိကာ "ရွေးချယ်စရာ နှစ်ခုရှိတယ်၊ မင်း ကိုယ့်ဘာသာကိုယ် ခုန်ဆင်းလိုက်၊ ဒါမှမဟုတ် မင်း လည်ပင်းကို ဖြတ်ပြီး လှည်းပေါ်ကလွှင့်ပစ်မယ်" လို့ ပြောလိုက်သည်။

"ဒီလောက်အထိ ရက်စက်မှာလား''

နျဲ့ပုဖန် မျက်လုံး ပြူးသွားသည်။

''ငါ အရင် ပြောပါရစေ၊ အခု မင်း ဓားနဲ့ ထောက်ထားလို့ သွေးတွေတောင် ထွက်နေပြီ။ မင်းငါ့ကို လည်ပင်းက ဖြတ်မယ်ဆိုလည်း လည်ပင်းကသွေးတွေ ပန်းထွက်လာမှာမို့လို့ မင်း မျက်နှာတွေအဝတ်စားတွေ ပေကုန်လိမ့်မယ်။ ခြေတွေ လက်တွေကို ဖြတ်ပြီး လွှင့်ပစ်မယ်ဆိုရင်လည်း ငါ့ခန္ဓာကိုယ် အပိုင်းအစတွေက ဒီလှည်ပေါ် ကျန်ခဲ့ဦးမှာပဲ၊ ဘာလုပ်လုပ် ငါ့ကြောင့် မင်း စိတ်အနှောက်ယှက်ဖြစ်ပြီး ကျန်ခဲ့မှာ''

ရုပ်ဆိုးသောလူ "..."

နျဲ့ပုဖန် သည် သူ့ လည်ပင်းရှိ ဓားမြှောင်ကို လျစ်လျူရှုကာ ရုပ်ဆိုးသော လူ နံဘေးတွင် ကောက်ကွေးစွာ လှဲနေလိုက်သည်။ ညီရင်း အစ်ကိုလို သဘောထားပြီး ဖြားယောင်း သွေးဆောင်ပုံရသည်–

“ဘဝက တိုတောင်းလွန်းတယ်၊ ဒါကြောင့် မင်းတတ်နိုင်သမျှ ပျော်အောင်နေရမယ်။ ရန်ဖြစ်သတ်ဖြတ်ဖို့ အမြဲမတွေးပါနဲ့၊ ကျန်းမာရေးကို ထိခိုက်စေတယ်။ ထမင်းစားချိန် ရောက်လို့ ထမင်းဖြောင့်ဖြောင့် မစားနိုင်ရင် လူဖြစ်ရတာ မတန်ဘူး''

ရုပ်ရည်ဆိုးသော လူသည် သူ၏ ဓားမြှောင်ကို ဖြည်းညှင်းစွာ ပြန်ဆုတ်ကာ ဤရှားပါးပြီး ထူးခြားဆန်းပြားသော တိရိစ္ဆာန်တစ်ကောင်ကို ကြည့်ရှုနေသကဲ့သို့ နျဲ့ပုဖန်ကို ငုံ့ကြည့်နေသည်။

"မှန်တယ်"  နျဲ့ပုဖန်က သူ့ အိတ်ကပ်ထဲက ကြက်ဥတစ်လုံးကို ထုတ်လိုက်ပြီး “ဒီမှာ လက်ဆောင်ပါ၊ ကျွန်တော့်ကို စီးခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်။  မင်းက ကြင်နာလွန်းတယ်"

ဤလူသည် အရှက်မဲ့စွာ တွယ်ကပ်နေတတ်သူမှန်း သိသာသည်။
ရုပ်ဆိုးသော လူသည် အကြောင်းရင်းမရှိ ပျော့ပြောင်းသွားသော သူ့ နှလုံးသားကို သူ ဆဲရေးကာ နျဲ့ပုဖန်ကို ငုံ့ကြည့်ရင်း လက်ချောင်းပေါ်မှကျောက်စိမ်းလက်စွပ်ကို ပွတ်သပ်နေလိုက်သည်။

"ဘာဖြစ်ဖြစ် ငါ မင်းကို ဘယ်လိုခေါ်ရမလဲ" နျဲ့ပုဖန်က ကြက်ဥပြုတ်ကို အခွံခွာရင်း သူ့ကိုယ်သူ မိတ်ဆက်၏။
''ငါက ဝူရန်ဖုန်းပါ။ ဒီတိုင်းပြည်က မဟုတ်ဘူး''

ကိုရုပ်ဆိုးသည် မြေပြင်ပေါ် ပစ်ချထားတဲ့ ကြက်ဥခွံတွေကို ကြည့်ပြီး “မင်း ငါ့ကို မသိဘူးလား” လို့ မေးလိုက်၏။

"ငါက မင်းကို သိရမှာလား။ မင်းက နာမည်ကြီးလား" နျဲ့ပုဖန်က သူ့ကို ကြည့်ရင်း "ဧကရာဇ်မင်းမြတ်ရဲ့ ဆွေမျိုးလား ဒါမှမဟုတ် သိုင်းပညာကျွမ်းကျင်သူလား"

ကိုရုပ်ဆိုးက ဘာမှ မပြော။

နျဲ့ပုဖန်က ဆက်ပြောသည်–

“ပန်းတစ်ပွင့်လို ခန့်ညား အသွင်အပြင်ကို ကြည့်ရင် ထူးခြားတယ်၊ မွေးရာပါ နိမ့်ပါးတဲ့ မျိုးရိုး မဟုတ်ဘူးဆိုတာ သိသာပါတယ်။ ဒါပေမယ့် မင်းရဲ့ဆိုးညစ်တဲ့ အငွေ့အသက်က ဆွဲဆောင်မှုရှိတယ်၊ မင်းရဲ့အမူအရာနဲ့ အပြုအမူတွေက ငါ့လိုပဲ အထိန်းအကွပ်မဲ့တယ်၊ မင်းဟာ ရွံ့နွံထဲက ပေါက်ထွက်လာတဲ့ ကြာပန်းလိုမျိုး လူဆိုးဂိုဏ်းဝင် ဖြစ်နိုင်တယ်" 

ရွှံ့နွံထဲက ပေါက်လာတဲ့ ကြာပန်းတဲ့လား။ လူဆိုးဂိုဏ်းအတွက် ဤမျှ မြင့်မြတ်သော အကဲဖြတ်ခြင်းက ဘယ်မှာရှိလို့လဲ။
ကိုရုပ်ဆိုးက ရယ်မောနေ၏။

နျဲ့ပုဖန်က ထိုသူ ဘာမှ ပြန်မပြောသေးတာကို တွေ့လိုက်ရတော့ သူက မဝံ့မရဲနဲ့ “ဒါဆို မင်းက တကယ်ပဲ လူဆိုးဂိုဏ်းသား တစ်ယောက်လား”

“...”

"အဆင်ပြေပါတယ်၊ ဒါဆို ရေဆေးလိုက်ရုံပေါ့၊  မုန်လာဥနီကို မြေကြီးမှ တူးယူတဲ့အခါ ရွှံ့တွေပါလာတယ်။ ဒါပေမယ့် ရေဆေးပြီးတာနဲ့ ချက်ချင်း ဖြူဝင်းလာလိမ့်မယ်။ မင်းလည်း လုပ်နိုင်တယ်"

ကိုရုပ်ဆိုးသည် ခေါင်းကို လှည့်သွား၏။ ရုတ်တရက် သူ့ လက်ချောင်းများတွင် အနည်းငယ် ယားယံလာကာ ထိုယားယံမှုကို ကုတ်ခြစ်ချင်စိတ်ပြင်းပြလာသည်။

နျဲ့ပုဖန်က ကြက်ဥ စားပြီးသွားတော့ ကန့်လန့်ကာကို မြှောက်လိုက်ပြီး အပြင်ကို လှမ်းကြည့်လိုက်၏။ပတ်ဝန်းကျင်ကို သူ မသိသေးကြောင်း ခံစားမိသည်။ အရင်က မရောက်ဖူးသေးတဲ့ နေရာမို့ ပေါ့ပေါ့ပါးပါးနဲ့ "ဘယ်သွားမလို့လဲ" ဟု မေးလိုက်၏။

"အင်ပါယာ နန်းတော်" သည်တစ်ခါတော့ ကိုရုပ်ဆိုးက ပွင့်ပွင့်လင်းလင်း ဖြေသည်။

“အိုး” နျဲ့ပုဖန် က အစပိုင်းတွင် ဘာမှ မဟုတ်သလို ပြန်ပြောလိုက်ပြီးနောက် ခေါင်းကို အမြန်လှည့်ကာ ထိတ်လန့်တကြား အော်၏။
“နန်းတော်လား။ မင်း နန်းတော် ဘာအတွက် သွားနေတာလဲ"

"မင်း ဘယ်လို ထင်လဲ" ကိုရုပ်ဆိုးက ပြန်မေးသည်။

"မင်း ငါ့ကို ခေါ်သွားမလို့လား"

"ဘာလို့ မဖြစ်ရမလဲ" ကိုရုပ်ဆိုးသည် နျဲ့ပုဖန်၏ တုံ့ပြန်မှုကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့သည်။

နျဲ့ပုဖန်၏ မျက်နှာတွင် ခံစားချက်များ ပြည့်နှက်နေပြီး သူ့ စိတ်ထဲတွင် ကြောက်လန့်နေ၏။  သူသည် နန်းတော်ကို သွားကြည့်ချင်သော်လည်း ဝေဒီ၏ လူများနှင့် တွေ့မည်ကို စိုးရိမ်နေလေသည်။

သူသည် ကြေးဒင်္ဂါးပြား တစ်ပြားကို ထုတ်ယူပြီး
''ခေါင်းကျရင် ငါ့ကို ဒီမှာ ချထားခဲ့။ ပန်းကျရင် မင်းနဲ့ အတူတူ လိုက်ခဲ့မယ်''

ထိုစကား ပြောပြီးနောက် ကြေးပြားကို မိုးပေါ် သို့ပစ်လိုက်ပြီး ပြုတ်ကျလာသော ကြေးနီဒင်္ဂါးကို လက်နှစ်ဖက်ဖြင့် ဖမ်းလိုက်ရင်းနှင့် ညင်သာစွာ ပွတ်သပ်ကာ ဖွင့်ကြည့်လိုက်၏။ သူ့ လက်ဖဝါးပေါ်ရှိ ကြေးနီဒင်္ဂါးပြားသည် ပန်း မျက်နှာကျနေသည်။

နျဲ့ပုဖန် က သက်ပြင်းချရင်း “ကောင်းကင်ဘုံက ငါ့ကို မင်းနဲ့ သွားဖို့ သဘောတူပုံရတယ်''

သူ့ လေသံက ကြေကွဲစရာ ကောင်းပေမယ့် သူ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နေ၏။

ကိုရုပ်ဆိုး၏ နှုတ်ခမ်းများသည် အပြုံး တစ်ခုဖြင့် ကွေးညွှတ်သွားပြီး နန်းတော်ထဲသို့ သွားရမည့် ဤခရီးသည် ပျင်းရိဖွယ် မရှိဟု ရုတ်တရက် ခံစားလိုက်ရသည်။

ရထားက နန်းတော် တံခါးဝမှာ ရပ်သွားသည်။ ကိုရုပ်ဆိုးသည် ခါးမှ ဆွဲထားသော တံဆိပ်ပြားကို ချွတ်ကာ ပြတင်းပေါက်မှ ထုတ်ပေးလိုက်၏။  ထို့နောက် ရထား အပြင်ဘက်ရှိ အစောင့်များက “တိုင်းပြည်ရဲ့ဆရာသခင်၊ နှုတ်ခွန်း ဆက်သပါတယ်'' ဟူ၍ လေးလေးစားစား ပြောဆိုသံကို ကြားလိုက်ရသည်။

ရထားတွဲသည် ရှေ့သို့ ဆက်လက် ရွေ့လျားပြီး နန်းတော်လမ်းအတိုင်း တည့်တည့်သွားခဲ့၏။

“တိုင်းပြည်ရဲ့ ဆရာသခင်၊ ဟုတ်လား'' နျဲ့ပုဖန် က သူ့ရှေ့က ကိုရုပ်ဆိုးကို စိုက်ကြည့်ပြီး “မင်းက တကယ်ပဲ တိုင်းပြည်ရဲ့ ဆရာလား” လို့ မယုံကြည်နိုင်စွာ မေးလိုက်၏။

"မင်းက သံသယရှိလို့လား" ကိုရုပ်ဆိုးက မျက်ခုံးပင့်လိုက်သည်။

နျဲ့ပုဖန် လည်း နှုတ်ခမ်းကို တွန့်ကွေးပြီး "မင်းက တိုင်းပြည်ရဲ့ ဆရာနဲ့မှ မတူတာ၊ တည်ကြည်တဲ့ ပုံစံ မရှိဘူး။ အပြုံးအရယ် မရှိဘူး။ စောစောကလည်းလူသတ်ချင်နေသေးတယ်၊ ကျင့်ကြံသူ တစ်ယောက်လို အရိပ်အရောင်လည်း မတွေ့ရဘူး။ ပြီးတော့ မင်းဟာ ရွှံ့နွံတွေနဲ့ ညစ်ပတ်နေတဲ့ လူဆိုးဂိုဏ်းထဲကလို့ ငါ ထင်ခဲ့တယ်။ နောက်ဆုံးတော့ မမျှော်လင့်ဘဲ၊ အကျင့်ပျက်နေတဲ့သူလို့ ထင်ထားရာက ဖြောင့်မတ်တဲ့ တိုင်းပြည် အမှုထမ်း တစ်ယောက်ဖြစ်နေတယ်။ ဆန့်ကျင်ဘက်ပဲ'''

အမျိုးမျိုးသော စာပေ ဝတ္ထုများတွင် ''တိုင်းပြည်၏ ဆရာသခင်'' ဟူသော ပုဂ္ဂိုလ်များမှာ ယေဘုယျအားဖြင့် လူတော် အနည်းငယ်သာရှိသည်။ သည်လူက ရူးကြောင်ကြောင် ပုံစံနဲ့ ဘယ်လိုလုပ် ''တိုင်းပြည် ဆရာသခင်'' ဖြစ်လာရတာလဲ။

"မင်းရဲ့လေသံကို နားထောင်ကြည့်တာ မင်းက လူဆိုးဂိုဏ်းကို ပိုသဘောကျပုံရတယ်"

“ဖြောင့်မတ်ခြင်းက မကောင်းမှုသို့ ပြောင်းလဲရန် လွယ်ကူသော်လည်း မကောင်းမှုမှ ဖြောင့်မတ်ခြင်းသို့ ပြောင်းလဲခြင်းက ခက်ခဲတယ်တဲ့” 
နျဲ့ပုဖန်က ဆိုသည်။

"ဒါကြောင့်ငါက သွေးဆောင်မှုကို ခံနိုင်ရည် မရှိတဲ့ ဖြောင့်မတ်တဲ့ လူထက် ဖောက်ပြန်တဲ့ သဘာဝရှိတဲ့ လူဆိုးကို ပိုသဘောကျတယ်"

“ဒီလောကမှာ ဖောက်ပြန်တဲ့ သဘာဝကို သဘောကျတဲ့သူဆိုတာ တော်တော်ရှားတယ်'' ကိုရုပ်ဆိုးသည် ရုတ်တရက် နျဲ့ပုဖန်ထံသို့ ချဉ်းကပ်လာပြီး မေးစေ့ကို လက်ညိုးထိုးကာ "မင်းကတော့ ခြွင်းချက်မရှိဘူး" ဟု အသံတိုးတိုးဖြင့် ပြောသည်။

နျဲ့ပုဖန်လည်း တစ်ဖက်သူ၏ မေးစေ့ကို လက်ညှိုးဖြင့် ထိုးကာ အလားတူ နှိမ့်ချသော အသံဖြင့် ...

“သွေးဆောင်မှုကို ငါ မကြောက်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ငါ့ကို ပျက်စီးအောင် နှောက်ယှက်ရင်တောင် ငါက ပျက်စီးမှာ မဟုတ်ဘူး''

"အိုး"  ကိုရုပ်ဆိုးက သူ့ကို ပို အနီးကပ် ကြည့်ကာ “မင်းကို ဘာက သွေးဆောင်နိုင်သလဲ” လို့ မေးလိုက်၏။

နျဲ့ပုဖန် က ပြုံးပြီး “ငါ မင်းကို မပြောဘူး”
ဟု ခပ်တည်တည် ပြန်ပြောလိုက်သည်။

သူတို့ စကား ပြောနေစဉ်တွင် အပြင်ဘက်မှ ကြေငြာချက်တစ်ခု ထွက်လာ၏။ 

တိုင်းပြည် ဆရာသခင်သည် အင်ပါယာနန်းတော်အတွင်းသို့ ရောက်လာပြီ ဟူ၍ ...

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now