Chapter 99

1.2K 149 0
                                    

Chapter - 99
သတိရတစ်ဝက် မေ့တစ်ဝက်


ထိုည စောင့်ကြည့်နေကြသော ကြက်အုပ်၏ မျက်လုံးများ အောက်တွင် ကျန်းကျွင်းရှီ၊ တုပုန်းနှင့် အခြားလူများသည် ကြက်လှောင်အိမ်အား ဦးစွာ သန့်ရှင်းရေး လုပ်ပြီးနောက် မြက်ထူထူဖြင့် ကြမ်းခင်းကို ဖုံးအုပ်ကာ၊ အရှေ့ဘက်ရှိ အဖွင့်နေရာကို ထုထဲသော စောင်များဖြင့် ကာထားလိုက်သည်။ အိပ်ရာကို အလွန်နွေးထွေးပြီး ကျယ်ဝန်းစွာ စီစဉ်ပေးပြီး သောအခါတွင် နျဲ့ပုဖန်အား ၎င်းအိပ်ရာ အသစ်ပေါ်၌ တင်ကာ စောင်နှင့်ခြုံထားပေးလိုက်၏။

နောက်ဆုံးတွင် ဝမ်ရှင်းချန် က အိပ်ရာဘေးတွင် အမွှေးတိုင်အိုးတစ်ခု ချထားပြီး အမွှေးတိုင် သုံးချောင်းကို မီးညှိလိုက်သည်။

ထူးဆန်းသော အမူအရာဖြင့် သူ့ကိုကြည့်နေသော အခြားလူများကို လှည့်ကြည့်ကာ ဝမ်ရှင်းချန်ကပြန်ပြောလိုက်၏။

''ဒါက သက်ရှည် အမွှေးတိုင်လို့ ခေါ်တယ်''

“…..”

အရာအားလုံးကို စနစ်တကျ စီစဉ်ပြီးနောက်၌ ကောင်းကင်လည်း နေရောင်ချည် မှေးမှိန်သွားခဲ့သည်။ လူများစွာသည် နျဲ့ပုဖန် တစ်ညလုံး အလှည့်ကျ စောင့်ကြပ်ရန် ဆွေးနွေးခဲ့ကြသော်လည်း ၎င်းတို့ကို အစီအစဥ် မစတင်မီမှာပင် ကြက်များထံမှ သိသိသာသာ နှင်ထုတ်ခံခဲ့ရသည်။

ကြက်များ၏ တိုက်ခိုက်ရေးစွမ်းရည်ကို လူတိုင်း နက်နက်ရှိုင်းရှိုင်း နားလည်ထားသောကြောင့် ၎င်းတို့သည် ဘာမှ စောဒက မတတ်ကြတော့ပေ။
ယနေ့ညတွင် မည်သူမျှ ကောင်းစွာ အိပ်မပျော်နိုင်တော့ဘဲ ထူးခြားသော ကိစ္စ တစ်ခုခု ဖြစ်ပေါ်လာမည်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့ကြပါသည်။

နျဲ့ပုဖန်သည် ထူးခြားသော ရနံ့များ ပြည့်နှက်နေသော ကြက်လှောင်အိမ်တွင် တစ်ကိုယ်တည်း ကျန်ရစ်ခဲ့ပြီး၊ သူ့ကိုယ်သူ ကြက်တို့၏ ဧကရာဇ်ကဲ့သို့ ခံစားရ၏။ သူ ဘေးတွင် ပတ်ပတ်လည်ဝိုင်းနေသော စိုစို ပြေပြေ ဝဝ ဖြိုးဖြိုး ကြက်တို့၏ မျက်လုံးဝိုင်းများသည် ဝမ်ရှင်းချန် ထွန်းညှိထားသော အမွှေးတိုင်၏ အငွေ့များနောက်သို့မျေ ာပါလျှက် ရှိကြ၏။
အငွေ့အသက်မှာ တကယ်ပင် ဆန်းကြယ်လှသည်။

အသိစိတ်ရှိနေသော နျဲ့ပုဖန်မှာတော့ အလွန့်အလွန်ကို စိတ်ဓာတ်ကျနေလေ၏။
သူသည် နောင်တွင် ထိုလူများနှင့် မည်သို့ မည်ပုံ စာရင်း ရှင်းရန်အတွက်လည်း တွေးတောကြံစည်နေခဲ့၏။

အချိန် မည်မျှ ကြာသွားသည် မသိ၊ အမှောင်ထဲတွင် တောက်ပနေသော မျက်လုံးများသည် တစ်လုံးပြီး  တစ်လုံး မှိတ်သွားကာ နျဲ့ပုဖန်၏ အိပ်ရာဘေးမှ ကြက်များသည် ဖြည်းညှင်းစွာ အိပ်ပျော်သွားကြလေသည်။ လရောင်သည် ပြတင်းပေါက်မှ အပြာရောင် ဖြောင့်ဖြောင့် ရောင်စဥ်အဖြစ် ကျဆင်းလာပြီး လူတစ်ကိုယ်နှင့် ကြက်များစွာတို့အပေါ်တွင် ပြန့်ကျဲနေသည်။

နျဲ့ပုဖန်သည် သူ့ ခန္ဓာကိုယ်တွင်းမှ ဆဲလ်တိုင်းက ပြန်လည် ရှင်သန်နေသကဲ့သို့ ကိုယ် အတွင်းအပြင်မှ နွေးထွေးမှုကို သိသိသာသာ ခံစားလိုက်ရသည်။

မကြာခင်မှာ ထူးဆန်းတဲ့ အိပ်မက်တစ်ခုကိုလည်းသူ မက်ခဲ့သည်။ အိပ်မက်ထဲတွင် လူတွေက သူ့ကို လက်ဆောင်တွေ ပေးနေကြ၏။ လက်ဆောင်တွေအကုန်လုံးက လင်းထိန် တောက်ပသော အရာများဖြစ်သည်။ အထဲမှာ ပါတာကို မမြင်နိုင်ပေမယ့် တစ်ခုကို လက်ခံလိုက်တိုင်း ခန္ဓာကိုယ်က ပိုသက်တောင့်သက်သာ ရှိလာသလို ခံစားသည်။

ဤလက်ဆောင်ပေးသူများဟာ မည်သူမည်ဝါမှန်းသူ လုံးဝ မသိသော်လည်း ၎င်းတို့သည် သူနှင့် အလွန် ရင်းနှီးပြီး ကြင်နာတတ်သည်ဟု သူခံစားမိသည်။ အိပ်မက်က တဖြည်းဖြည်း မှုန်ဝါးလာသည်။ လုံးဝ ပျောက်ကွယ်မသွားခင်မှာ ကောင်းကင်မှာ ကြက်အမွေးလေးတွေ လွင့်နေတာကို သူတွေ့လိုက်ရပါသည်။

နောက်တစ်နေ့ မနက်တွင် လူတိုင်းသည် နျဲ့ပုဖန်၏ အခြေအနေကို စစ်ဆေးရန် ကြက်လှောင်အိမ်သို့ ပြေးလာကြသည်။ တံခါးဖွင့်ကြည့်လိုက်တော့ တစ်ခုတည်း ထီးထီးကြီး ရှိနေတဲ့ ကုတင်ကြီးဟာ ကြက်တွေကြားထဲ လုံးလုံးမြှုပ်နေတာကို တွေ့လိုက်ရသည်။

လူတိုင်း ထိတ်လန့်သွားပြီး ခြေလှမ်းသွက်သွက်ဖြင့် အပြေးသွားကာ ကြည့်ကြ၏။ သို့သော် သူတို့ မမောင်းထုတ်ခင်မှာ ကြက်တွေဟာ အုပ်စုကွဲသွားခဲ့ပြီး အောက်၌ အလွတ်ဖြစ်နေတဲ့ ကုတင်ကြီးကြီးကိုသာ တွေ့လိုက်ရလေသည်။

"သူ ဘယ်ရောက်သွားတာလဲ''

လီဟွေ့ ထိတ်လန့်သွားသည်။

လူပေါင်းများစွာက ဝိုင်းကြည့်ကြပြီး သူတို့၏ အမူအရာမှာလည်း တုန်လှုပ်နေကြ၏။

"သူ တကယ် နိုးလာတာ ဖြစ်နိုင်လား" 
ကျန်းကျွင်းရှီ က မျှော်လင့်ချက် တစ်ချို့နဲ့ မေးလိုက်သည်။

စုချန်းယီလည်း မေးစေ့ကို ပွတ်စပ်ကာပတ်ဝန်းကျင်က ကြက်တွေကို ကြည့်၍

"ဒါမှမဟုတ် သူလည်း ကြက်ဖြစ်သွားတာလား" ဟုပြောလိုက်သည်။

တခြားသူတွေက သူ့ကို စူးစိုက်ကြည့်ကြသည်။

ထို့ကြောင့် စုချန်းယီလည်း ပခုံးတွန့်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ

"မဖြစ်နိုင်ပါဘူး" ဟု ပြန်ဖြေလိုက်သည်။

အားလုံး၏ လေထုသည် ချက်ချင်းပင် စိတ်ဓာတ်ကျမှာများ ရစ်သိုင်းလာသည်။  လူတိုင်းက နျဲ့ပုဖန်းကို ကြက်တစ်ကောင်အဖြစ်ပင် ပုံဖော်ကြည့်နေက သည်။

ဆွဲဆောင်မှုရှိတဲ့ နတ်ဘုရားလို ကြက်မျိုးဆိုရင်ရော ဘယ်လိုဖြစ်နေမလဲ။

''ငါတို့ ရှာကြည့်ကြရအောင်''

ဝေဒီက ၎င်းကြက်လှောင်အိမ်မှ ထွက်ပြီး သူ့အင်္ကျီကို မ,တင်လျှက် အနီးရှိ ကြက်များကို လိုက်ကြည့်နေလေသည်။
၎င်းတို့သည် သူတို့၏ အတွေးအခေါ် အပြုအမူများကလေးဆန်နေမည်ကိုလည်း ဂရုမစိုက်ကြတော့ပေ။

''ငါလည်း သွားရှာမယ်''

လီရီကတော့ နျဲ့ပုဖန် တကယ်နို းလာပြီဟု ယုံကြည်နေ၏။

ထိုစဥ် ကျန်းကျွင်းရှီက တားလိုက်သည်။

''နေဦး''

ထို့နောက် သူက ကြက်အုပ်ထဲမှ ပန်းပွင့်မိန်းကလေးဆီကို သွားကာ

''ပန်းပွင့်လေး၊ မင်း သခင် ဘယ်မှာလဲ။ သူ့ကို ရှာဖို့ ငါတို့ကို ခေါ်သွားပေးပါ''
ဟု ပြောလိုက်သည်။

ပန်းပွင့်မိန်းကလေးသည် ဘေးသို့ လှည့်ကြည့်ပြီး သူ့ ဘေးမှ ပိုးကောင်လေးကို လက်သည်းဖြင့် ကုပ်လိုက်သည်။

ပိုးကောင်လေးကလည်း ချက်ချင်းပဲ မြေပြင်ပေါ်လှဲချကာ မလှုပ်မယှက် လှဲလျောင်းနေလိုက်၏။

"ကောင်းပြီ။ ပြီးသွားရင် မင်းအတွက် အရသာတစ်ခုခု ပြင်ပေးမယ်" 
ကျန်းကျွင်းရှီသည် စွဲမက်ဖွယ် ဆွဲဆောင်ခြင်း ကို စတင်လိုက်သည်။
ပန်းပွင့်မိန်းကလေးနှင့် ပိုးကောင်လေးတို့က သူ့ကို မထီမဲ့မြင် စိုက်ကြည့်ကာ နှုတ်ဆိတ်နေပြန်၏။

ထိုတွင် သူတို့ အနားသို့ လီရီလည်း ရောက်လာပြီး ပန်းပွင့်မိန်းကလေးကို ကောက်ကိုင်လိုက်ကာ ခြိမ်းခြောက်လိုက်သည်။

''ပြောစမ်း၊ သူ ဘယ်မှာလဲ''

ပန်းပွင့်မိန်းကလေးသည် အတောင်များကို ခတ်၍ ရုန်းကန်ချိန်တွင် ပိုးကောင်လေးက ဒေါသတကြီး ခုန်တက်လာပြီး လီရီ နောက်ကျောကို လက်သည်းဖြင့် ကုပ်ခြစ် လိုက်သည်။

ထို့ကြောင့် လီရီလည်း ပန်းပွင့်မိန်းကလေးကိုလွှတ်ပေးလိုက်ပြီး လေသံက ပျော့ပျောင်းကာချော့မော့၍ မေး၏။

"သူ့ကို ငါတို့ အရမ်းစိတ်ပူလို့ပါ။ သူ ဘယ်မှာလဲဆိုတာ ပြောပြပါ၊ မဖုံးကွယ်ထားပါနဲ့''

ပန်းပွင့်မိန်းကလေးနှင့် ပိုးကောင်လေးတို့ကတော့ နှစ်ကိုယ်ကြား တိုင်ပင်နေသကဲ့သို့ ခေါင်းချင်းဆိုင်ကာ တတွတ်တွတ် ပြောနေကြသည်။

သို့သော်လည်း လူတွေ ကြက်ဘာသာ စကားကို နားမလည်နိုင်ကြသည့်အတွက် သနားစရာပင်။

ထိုအချိန်တွင် သူတို့ အားလုံး၏ ခေါင်းထက်မှ စူးရှသော အသံ တစ်ခု ထွက်ပေါ်လာသည်။

“ရွာလူကြီး အိပ်နေတယ်”

လူ အများအပြားသည် မျှော်ကြည့်ကြရာ ထုတ်တန်းပေါ်တွင် ရပ်နေသော ဟီးရိုးကို တွေ့လိုက်ရသည်။

"အိပ်နေတာလား။ သူက ဘယ်မှာ အိပ်နေတာလဲ"

ကျန်းကျွင်းရှီက အလျင်စလို မေးလိုက်သည်။

အမွေးအတောင်တွေကို သပ်သပ်ရပ်ရပ် သပ်သပ်ရပ်ရပ် ပြင်ဆင်နေသော ဟီးရိုးက

"စောစောကတော့ တောင်ရဲ့ ဟိုဖက်ခြမ်းမှာ ရှိတယ်၊ ဒါပေမယ့် အခု ရှိသေးလားတော့ မသိဘူး"

"မြန်မြန်၊ ငါတို့ကို အဲဒီကို ခေါ်သွားပေး" 
လီဟွေ့က စိတ်အားထက်သန်စွာ ပြောလိုက်သည်။

ဟီးရိုးက လှည့်ကြည့်ပြီး "ကိုယ့်ဘာသာသွားတော့ ငါအလုပ်များနေတယ်"

ထိုစကားပြောပြီးနောင် ဟီးရိုးက အတောင်များကို ဖြန့် ပြီး ပျံထွက်သွားသည်။

အားလုံးက တစ်ယောက်နဲ့ တစ်ယောက် ကြည့်ရင်း အချိန်မဆွဲတော့ပဲ အတူတူ တောင်ရဲ့တစ်ဘက်ကို ပြေးကြလေသည်။

ဝမ်ရှင်းချန်ရဲ့ အရှိန်က အလျင်မြန်ဆုံး ဖြစ်၍ သူ ရွာက ထွက်လာပြီးနောက် ရင်းနှီးတဲ့ အသွင်အပြင်ကို လျှင်မြန်စွာ ရှာဖွေလိုက်၏။
သူ တွေ့လိုက်ရသောအခါ ထိုလူ့ အသွင်သည် မျက်လုံးများကို တင်းတင်း မှိတ်ထားပြီး အဝတ်ပါးပါးကို ၀တ်ထားကာ အေးစက်သော လေတို့ကြောင့် ခိုက်ခိုက် တုန်နေပြီး ဖြည်းညှင်းစွာ လမ်းလျှောက်နေ၏။

ဝမ်ရှင်းချန်၏ နှလုံးသားများ ပူထူသွားကာ သူ့ထံသို့ အလျင်အမြန် ပြေးသွားပြီး သူ့ လက်နှစ်ဖက်ကို ဆွဲကိုင်၍ အေးစက်နေသော ခန္ဓာကိုယ်အား နွေးထွေးစေရန် ဖက်ထားလိုက်သည်။

နျဲ့ပုဖန်က သူ့ ပခုံးကို မေးတင်ကာ ပွတ်သပ်လိုက်ပြီး

''အစ်ကို ဝမ်၊ မင်း ငါ့ကို လာခေါ်ဖို့ ဒီကို လာတာလား" ဟု အိပ်မက် မက်ရင်း ယောင်ရမ်းသလို ပြောလိုက်၏။

"ဟုတ်တယ်။ ငါ မင်းကို ခေါ်ဖို့ လာတာ"
ဝမ်ရှင်းချန်က သက်ပြင်းချလိုက်ပြီး သူ့မှာ ပျော်ရွှင်မှုနှင့် ဝမ်းနည်းခြင်းများက နားမလည်နိုင်စွာဖြင့် ရောထွေးနေလေသည်။

နျဲ့ပုဖန်သည် မျက်လုံးများကိုမှိတ်ထားဆဲဖြစ်သော်လည်း သူ့ ပါးစပ်ထောင့်များသည် ဆွဲဆောင်မှု ရှိသော အပြုံးလေးကို နူးနူးညွတ်ညွတ် ပြုံးနေ၏။

“ကောင်းလိုက်တာ။ ရွာကို အတူတူ ပြန်ရအောင်"

"အင်း၊ ရွာပြန်ရအောင်" 

သို့သော် ဝမ်ရှင်းချန်က သူ့ မျက်လုံးတွေကို တစ်ချိန်လုံး ဖွင့်မထားတာကို သတိပြုမိကာ

''ပုဖန်၊ မင်း နိုးနေရဲ့လား''

"ဟုတ်ပါတယ်။ ငါ နိုးနေပါပြီ" 
နျဲ့ပုဖန်က သူ့ လည်ပင်းကို သိုင်းဖက်ပြီး နှုတ်ခမ်းကို တင်းတင်း စေ့ထားရင်း
“မနိုးရင် ငါ မင်းကို ဘယ်လိုလုပ်သိလဲ” လို့ ပြောလိုက်သည်။

ဝမ်ရှင်းချန်လည်း ခဏ တိတ်ဆိတ်သွားပြီးနောက်

“ဒါဆို မင်း တစ်ယောက်တည်း ထွက်လာပြီးတော့ ဘာလုပ်နေတာလဲ”

"ငါ ကြက်သိုက်ရွာကို ပြန်သွားမလို့လေ " 
နျဲ့ပုဖန်က ပြန်ပြော၏။

ဝမ်ရှင်းချန်၏ နှလုံးသားမှာ ဟိုးချောက်နက်ထဲပြုတ်ကျသွားသလို ခံစားလိုက်ရပြီး တုန်ရီစွာ ဆက်မေး၏။

“ဒါဆို မင်း အခု ဘယ်မှာ ရောက်နေတယ်လို့ ထင်လဲ”

"ဦးလေး ခေါင်းဆောင် ဝေရဲ့ အိမ်ကနေ ငါ လွတ်လာတာ မဟုတ်ဘူးလား"  နျဲပုဖန်က ပြုံးလျှက်

“မင်းတို့နဲ့ တွေ့ဖို့ လိုက်လာတာလေ၊ ငါတို့ လမ်းမှာတွေ့ဖို့ ချိန်းဆိုထားတာ မဟုတ်ဘူးလား''

“…..”

အခုတော့  နျဲ့ပုဖန်ှမှာ တကယ် ပြဿနာရှိနေပြီဆိုတာ ဝမ်းရှင်းချန် သေချာသွားသည်။

နျဲ့ပုဖန်က သူ့ ခါးကို ရစ်ပတ်ပြီး "ရွာပြန်ကြရအောင်"

ဝမ်ရှင်းချန်သည် နျဲ့ပုဖန်၏မှိတ်ထားသော မျက်လုံးများကို စိုက်ကြည့်ကာ သူ့စိတ်ထဲက ပေါက်ကွဲထွက်နေသော ခံစားချက်များကို ဖိနှိပ်ရန် ကြိုးစားကာ ပြောလိုက်သည်။

"ပုဖန်၊ မင်း မျက်လုံးကို ဖွင့်ပြီး ကြည့်ကြည့်လိုက်ပါလား"

နျဲ့ပုဖန်၏ မျက်ခွံများ လှုပ်သွားသော်လည်း မျက်လုံး မပွင့်ခဲ့ပေ။ သူက ဝမ်ရှင်းချန် ဘက်သို့ မျက်နှာလှည့်ကာ ပြုံးလိုက်ပြီး "မင်း ငါ့ကို ဘာကြည့်စေချင်တာလဲ။ မင်းရဲ့မျက်နှာကိုလား။ စိတ်မပူပါနဲ့။ မင်းရဲ့မျက်နှာက ညဘက်တွေမှာတောင် ဗုဒ္ဓရဲ့အလင်းရောင်နဲ့အတူတူ တောက်ပနေမှာပါ။  တောက်ပ ရှင်းလင်းပြီး ပြီးပြည့်စုံတယ်လေ''

“…..” ဝမ်ရှင်းချန် တိတ်ဆိတ်သွားပြန်သည်။

ထိုအချိန်တွင် အခြားသူများလည်း အပြေးရောက် လာကြသည်။

နျဲ့ပုဖန် က သူ့လက်တွေကို ခါယမ်းပြီး ဝမ်းသာအားရ နှုတ်ဆက်လိုက်၏။

''ဟေး..မင်းတို့တွေ အားလုံး ရောက်လာကြပြီးလား''

"နောက်ဆုံးတော့ မင်း သတိရလာပြီ"
ကျန်းကျွင်းရှီက စိတ်လှုပ်ရှားစွာဖြင့် သူ့လက်ကို ကိုင်လိုက်သည်။

"မင်း တကယ် နိုးလာရကောင်းမှန်း သိသေးတယ်ပေါ့''
လီဟွေ့ က ဒေါသထွက်နေပုံရသည်။

လီရီ နှင့် အခြားသူများအားလုံးသည် သူတို့၏ မျက်နှာပေါ်တွင် အံ့သြ ဝမ်းသာမှုများ ပြည့်နှက်နေ ကြသော်လည်း ဝမ်ရှင်းချန်၏ အမူအရာမှာ အနည်းငယ် ထူးဆန်းသည်ကို စုချန်းရီက သတိပြုမိသည်။

"မင်း ဘာဖြစ်နေတာလဲ" စုချန်ရီက မေးလိုက်၏။

ထိုအခါ ဝမ်ရှင်းချန်က တိုးတိုးလေးပြန်ဖြေသည်။

"အရင်ဆုံး ပြန်ကြရအောင်"

အိမ်ပြန်ရောက်တော့ နျဲ့ပုဖန်ကို စောင်တစ်ထည်နှင့် ထုပ်ပြီး ကုတင်ပေါ် တင်ထားလိုက်သည်။

ထို့နောက် လူ အားလုံးသည် မတ်တပ်ရပ်သူကရပ်၍ ထိုင်သူက ထိုင်နေကြ၏။

ခဏမျှ တိတ်ဆိတ်နေပြ ပြီးနောက် ဝမ်ရှင်းချန်ကစကားစပြောလိုက်သည်။

“သူ လုံးလုံး သတိပြန်မလည်လာသေးဘူး''

"ဘာကို ဆိုလိုတာလဲ၊ လုံးလုံး သတိမလည်လာသေးဘူး ဆိုတာက" 

လီဟိုက်က နျဲ့ပုဖန်ကို ကြည့်လျှက် တစ်ချိန်တည်းတွင် မေးလိုက်သည်။

မျက်လုံး မှိတ်ထားလျှက် ထိုင်နေသော လူတစ်ယောက်ကို လူတိုင်း ကြည့်နေကြပြီး သူတို့၏ မျက်လုံးများတွင် စိုးရိမ်စိတ်များ ပြေးလွှားနေ၏။

"ပုဖန်၊ မင်း ဘာလို့ မျက်လုံးတွေ မှိတ်ထားတာလဲ"  လီဟွေ့ က မေးလိုက်သည်။

နျဲ့ပုဖန်က သူ့ မျက်ခွံတွေကို လှုပ်လိုက်ပြီး "မင်းမျက်လုံးထဲမှာ ငါ့ မျက်လုံးတွေ မှိတ်ထားတယ်လို့ ဘာလို့ မြင်နေတာလဲ။ ငါ့ မျက်လုံးတွေက ရှင်းရှင်းလင်းလင်း ဖွင့်ထားတာကို''

လီဟွေ့မှာ ဘာ စကားမှ မပြောနိုင်တော့ပေ။

တခြားသူတွေမှာလည်း ထူးဆန်းတဲ့ အမူအရာတွေ နဲ့ ကြည့်နေကြ၏။

ထိုတွင် စုချန်းယီက ခဏစဉ်းစားပြီး
"ဒါဆို မင်းအခု ဘာမြင်ရလဲ"

နျဲ့ပုဖန်က သူ့လက်ကို မြှောက်လိုက်ပြီး

"အစ်ကို စုချန်းယီ၊ ကျန်းကျွင်းရှီ၊ လီရီ၊ လီဟွေ့၊ အစ်ကို ဝမ်၊ ခေါင်းဆောင် ဝေ၊ ထျန်းနွီရယ်နဲ့ ရှန်းမုလန်တို့ကို မြင်ရတယ်လေ''

မျက်လုံး မှိတ်ထားသော်လည်း ၎င်းတို့၏ အမည်များကို တိကျစွာ ပြောပြနိုင်သည်ကို တွေ့ရသဖြင့် လူတိုင်း အံ့အားသင့်သွားကြသည်။

ဒါပေမယ့် ဖန်းလုံ အပါအဝင်၊ ထိုက်ပိုင်နဲ့ ထိုက်ယန်တို့ တူဝရီး အတွဲကိုတော့ သူက လူထူးလူဆန်းတွေသဖွယ် ရည်ညွှန်းလိုက်တဲ့အခါ အားလုံး ကြောင်အ သွားကြ၏။
“ထူးဆန်းတယ်၊ သူတို့က ဘယ်သူတွေလဲ”

ဖန်းလုံ၏ မျက်နှာမှာ မှုန်ကုပ်ကုပ်ဖြစ်နေပြီး ထိုက် ဦးလေးနှင့် တူလေးတို့ နှစ်ယောက်မှာလည်း မျက်လုံးပြူးသွားကြသည်။

ထိုက်ပိုင်က "ပုဖန်၊ ငါ ဘယ်သူလဲဆိုတာ မင်းဘယ်လိုလုပ်ပြီး မေ့နိုင်တာလဲ"

နျဲ့ပုဖန်က ခဏလောက်စဉ်းစားပြီးနောက် ခေါင်းကိုစောင်း၍

“မင်းကို နည်းနည်း ရင်းနှီးသလို ခံစားရတယ်၊ ဒါပေမယ့် ငါ မင်းကို ဘယ်မှာ တွေ့ဖူးလဲဆိုတာ မမှတ်မိဘူး”

အားလုံးက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး  ကယောင်ကတန်း ဖြစ်နေကြသည်။

စုချန်းယီက ဦးစွာမေးလိုက်သည်။ "မင်း ဘာဖြစ်ခဲ့တာလဲ ဆိုတာရော မှတ်မိလား"

''ဘာတွေဖြစ်နေတာလဲ''
နျဲ့ပုဖန်က ဝေဒီကို လက်ညိုးထိုးကာ

''ဒီပြဿနာ အားလုံးက ငါ့ကို အတင်းဖမ်းခေါ်သွားပြီး ရွာကို ပြန်ခွင့်မပြုတဲ့ ခေါင်းဆောင် ဝေကြောင့်ပဲ''

သူက ရန်လိုစွာ ပြောလိုက်သည်။

ထို့နောက် သူကိုယ့်သူ ဂုဏ်ယူကာ

“ကံကောင်းလို့ ငါက ပါးနပ်ပြီး လိမ္မာတဲ့အတွက် အခု လွတ်မြောက်နိုင်ခဲ့တယ်လေ”

ထို့နောက် ဝေဒီက လေးနက်စွာဖြင့် အနားကပ်ကာမေးလိုက်သည်။

"မင်း လွတ်မြောက်ပြီးတော့ ဘာဆက်ဖြစ်လဲ"

"ငါ ထွက်ပြေးတုန်း အစ်ကို ဝမ်နဲ့ တွေ့ခဲ့တယ်လေ" 
နျဲ့ပုဖန်က ဝမ်းသာစွာဆို၏။

“ဒီတစ်ခါ မင်း ငါ့ကို ပြန်ပေးဆွဲဖို့ သိပ်လွယ်မှာ မဟုတ်ဘူး။ ရွာကို မီးရှို့တဲ့ အမှုနဲ့ကို မင်းနဲ့ ငါစာရင်း ရှင်းရမယ်"

ဝေဒီ စွံ့အ သွားသည်။

ထိုက်ပိုင်မှာတော့ သူ့ကိုယ်သူ လက်ညှိုး ထိုးပြပြီး ပါးစပ်ကို အကြာကြီးဖွင့်ကာ စကား မပြောနိုင် ဖြစ်နေရှာသည်။ ရှင်းရှင်းလင်းလင်း ပြောရရင်  သူ့ကို တုန်းရှင်းရှောင်းဖူမှ ကယ်တင်ခဲ့သူမှာ ထိုက်ပိုင်ကိုယ်တိုင် ဖြစ်သည်၊ ထို့ကြောင့် ဤလူသည် အဘယ်ကြောင့် ဤမျှ ရက်စက်စွာ သူ့အား ၎င်း၏ မှတ်ဉာဏ်ထဲမှ ပျောက်ကွယ်သွားခဲ့ရပါသနည်း။

ကြက်သိုက်ရွာမှ ဝေဒီ ပြန်ပေးဆွဲသွားပြီးနောက်အဖြစ်အပျက်များနှင့် ပတ်သတ်၍ သူ့တွင် မှတ်ဉာဏ် အစိတ်အပိုင်း အနည်းငယ်မျှသာ ရှိပုံရပြီး ၎င်းမှာလည်း ရွေးချယ်ထားသော မှတ်ဉာဏ်များသာ ဖြစ်သည်။

ဖန်းလုံ၏ အမူအရာမှာ လွမ်းဆွေးတမ်းတနေသဖွယ် ဖြစ်ပြီး သူ့ နှလုံးသားသည်လည်း အလွန်ဝမ်းနည်းကာ စိတ်ဓာတ်ကျနေသည်။ သူသည် မေ့လျော့ခံရ လူတစ်ဦးလည်း ဖြစ်၏။

"သူက...တကယ် နိုးနေတာဟုတ်ရဲ့လား''

လီဟွေ့ က မဝံ့မရဲ မေးသည်။

သည်မေးခွန်းကို ဘယ်သူမှ မဖြေနိုင်ပေ။

နောက်ဆုံးတော့ လီရီ ပြောလိုက်သည်။

"ဘုရားရှင်ကိုပဲ သွားမေး ကြည့်ရအောင်"

ထို့နောက် ထွက်သွားခါနီး လီဟွေ့ကို နျဲ့ပုဖန် ကလှမ်းမှာ၏။

“ဟွေ့ဟွေ့၊ မင်း အပြင်သွားမယ်ဆိုရင် ငါ စားဖို့ တစ်ခုခု သွားယူပေးပါဦး။ ငါ ဘာမှ မစားရသေးလို့ ငတ်သေလုနီးပါး ဖြစ်နေတာ ၇ ရက်၊ ၈ ရက်လောက်ရှိပြီ''

လူတိုင်း တိတ်တဆိတ် တွေးနေကြသည် - မင်း ဘာမှ မစားရတာ ၇ ရက်၊ ၈ ရက်လောက်ပဲ ရှိသေးတာ မဟုတ်ဘူးလေ...။

အမှန်အတိုင်း ပြောသင့်သလား။ ဒါမှမဟုတ် သူ့ကို အသိစိတ် ပြန်ကပ်လာတဲ့အထိ လှုပ်နှိုးရမလားဆိုတာ သူတို့အဖို့ တွေဝေစရာ ဖြစ်နေသည်။ အဲ့လိုလှုပ်နိုးလိုက်ကာမှ သတိပြန်လစ်သွားရင်ကော။

အခုမှပဲ ဟီးရိုးက သူ အိပ်ငိုက်နေတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ သည်လိုမျိုး အိပ်ငိုက်နေခဲ့တယ်ဆိုတာပဲ။ မျက်လုံးမှိတ်ထားရုံနဲ့တင် အရာအားလုံးကို ခွဲခြားသိမြင်နိုင်နေတာလား။

ဤသို့ဖြင့် မကြာမီ အစားအသောက်တွေ ပြင်ဆင် ပြီးနောက် ကျန်းကျွင်းရှီက နျဲ့ပုဖန်အတွက် စားစရာတွေကို ပန်းကန်လုံးနဲ့ ထည့်ပြီး ၎င်းပန်းကန်နှင့်အတူ ဝါးတူ တစ်စုံကို   သူ့လက်ထဲသို့ ထည့်ပေး လိုက်တယ်။ နျဲ့ပုဖန် သည် လူတိုင်း၏ အကြည့်အောက်တွင် ငြိမ်သက်စွာ စားနေခဲ့ပြီး သူ၏ နှာခေါင်းထဲသို့ အစာများကို ရံဖန်ရံခါ ထိုးထည့်မိရုံမှ လွဲ၍ သူ၏ လုပ်ဆောင်ချက်များသည် သာမန်လူတစ်ယောက်နှင့် နီးပါးတူလေသည်။

စားပြီးတာနဲ့ ကျန်းကျွင်းရှီ က သူ့ကို သန့်ရှင်းရေးလုပ်ပေးဖို့ ကူညီပြီး နတ်ဆေးဆရာကို ခေါ်ခိုင်းလိုက်သည်။

နျဲ့ပုဖန်သည် သူစိမ်း တစ်ယောက်၏ လက်ချောင်းတွေက သူ့ လက်ကောက်ဝတ်မှာ တင်ထားသလို ခံစားရပြီး သူက ထူးဆန်းစွာ မေးလိုက်၏။

“ဒါက ဘယ်သူလဲ။ သူက အရမ်းခန့်ငြားတာပဲ''

လူတိုင်း စကားမပြောနိုင်ဖြစ်သွားကြ၏။

“မင်းတို့ ဒီလောက် မှုန်ကုပ်နေတာ ဘာဖြစ်နေတာလဲ''

နတ်ဆေးဆရာ၏ အနည်းငယ်ပြုံးကာ
“ဒီအဘိုးကြီးက ဆေးဆရာ တစ်ယောက်ပါ'' ဟု ရယ်မောကာပြော လိုက်သည်။

“အိုး ..ကျွန်တော် မဖျားပါဘူး”

နျဲ့ပုဖန်က ဆိုသည်။

''ဒီတိုင်း စစ်ဆေးကြည့်တာ၊ မင်း နေမကောင်းလို့မဟုတ်ဘူး''

ကျန်းကျွင်းရှီက နှစ်သိမ့်လိုက်သည်။

နျဲ့ပုဖန်သည် သူ့ သွေးခုန်နှုန်းကို စမ်းသပ်နေတဲ့ နတ်ဆေးဆရာကို လျစ်လျူရှုကာ “ဘယ်တော့ ရွာကို ပြန်ရမှာလဲ” ဟု လူတိုင်းကို ရည်ညွှန်း၍ မေးလိုက်ပြန်သည်။

လီရီက သူ့ကို ခဏလောက် စိုက်ကြည့်ပြီးနောက် ရုတ်တရက် ဖြင့်

" မင်း ရွာကို ပြန်ဖို့ အရမ်း စိတ်အားထက်သန်နေတာ ဘာကြောင့်လဲ။ ထူးခြားတဲ့ အကြောင်းပြချက်တစ်ခုခု ရှိလား"

"အိမ်ကို လွမ်းနေလို့ပေါ့" နျဲ့ပုဖန် က ပြုံးပြီး ပြန်ပြောသည်။

လီရီက အေးစက်သော မျက်နှာထားဖြင့်။

"အဲ့ဒါက တစ်ခုတည်းသော အကြောင်းပြချက်မဟုတ်မှာ ငါကြောက်တယ်။ မဟုတ်ဘူးလား ..မင်း ငါတို့ကို နောက်ဆုံးအကြိမ် နှုတ်ဆက်ချင်လို့ ပြန်လာချင်နေတာ၊ ပြီးတာနဲ့ မင်း ငါတို့ကို ဘာမှသတိမပေးပဲ၊ ဘာမှအရိပ်မြွတ် မပြဘဲ 'မင်း ဒီကမ္ဘာကနေ ထွက်သွားမှာ' ဟုတ်တယ်မလား''

“ဟေး”

နျဲ့ပုဖန် ရယ်မောလိုက်ပြီး သူ့ စကားကို ဟန့်တားလိုက်၏။

''မင်း စကားကို ဘယ်လိုပြောတာလဲ။ ငါက ဘာလို့ ဒီကမ္ဘာက ထွက်သွားရမှာလဲ၊ မင်းတို့ ထွက်သွားရင်တောင် ငါက သွားမှာ မဟုတ်ဘူး''

မင်း သည်စကားက တည်ပါစေ။
လီရီ ရင်ဘတ်ထဲတွင် လှိုင်းထန်နေ၏။

သည်လူဟာ အမြဲတမ်း ခေါင်းမာပြီး ဘုဂလန့် ပြောတတ်တဲ့ ပါးစပ်ရှိတာကြောင့် သူ့ ရောဂါနဲ့ ပတ်သက်ပြီး အမှန်တရားကို သူတို့ နှုတ်က မထွက်နိုင်ဘူးဆိုတာ သေချာပါသည်။ ဒါပေမယ့် သည်အခြေအနေမှာတောင် သူ့ စိတ်ထဲမှာ အရှိဆုံး အရာက ရွာကို ပြန်ဖို့ ဖြစ်ပြီး၊  လူတိုင်းနဲ့ တွေ့ဖို့၊ နှုတ်ဆက်ဖို့ ပြန်လာချင်တယ်ဆိုတာ သေချာပါသည်။

တခြားသူတွေက သူ့ကို ဆက်မမေးတော့ ဘဲ နတ်ဆေးဆရာ ပြောလာမည့် ရောဂါလက္ခဏာကို စောင့်မျှော်နေခဲ့ကြ၏။

ဒီလူတွေ အားလုံးကို သူ မေ့လျော့သွားခဲ့မယ်ဆိုရင်တောင် အဖိုးအခအနေနဲ့ သူ ကျန်းမာပြီး၊ ပျော်ရွှင်နေဖို့ကိုပဲ ဒီလူတွေ အားလုံးက မျှောင့်လင့်ကြတာ ဖြစ်ပါသည်။

အဘိုးက လူတိုင်းကို မေ့ထားရင်တောင် သူဘေးကင်းပြီး ကျန်းမာလာမယ်လို့ သူတို့ တကယ်မျှော်လင့်ထားကြ၏...။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now