Chapter 48

2.5K 296 1
                                    

Chapter-48
ဆန်းကျယ်သော ရတနာရှာပုံတော် (၅)


သူတို့စကားပြောနေစဉ်တွင် နျဲ့ပုဖန်၏ ရုတ်တရက် အော်ဟစ်သံထွက်ပေါ်လာ၏။

စုချန်းယီ နှင့် ဝမ်ရှင်းချန် တို့သည် စကားရပ်လိုက်ပြီး အသံ၏ အရင်းအမြစ်ကို ကြည့်လိုက်ရာ၌ မျက်လုံး မှိတ်လျှက်ကပင် အိပ်မှုန်စုန်ဝါးဖြင့် လမ်းထလျောက်လာသူကို တွေ့လိုက်ရသည်။ သူ့ မျက်နှာမှာ ငိုက်မျဉ်းသော အမူအရာဖြင့်  သူ့လက်တွေက နံရံကို တွယ်ကပ်ပြီး ကဏန်းတစ်ကောင် ဘေးတိုက် ရွေ့လျားလာသလိုပင်။

"အမ်... ငါ့အိပ်ရာက ဘယ်မှာလဲ"  နျဲ့ပုဖန် အိပ်မှုန်စုံဝါးရေရွတ်သည်။

သူ နိုး မနေတာ ထင်ရှား၏။  စု နှင့် ဝမ် တို့လည်း တစ်ချိန်တည်းတွင် သူ့ကိုကြည့်နေခဲ့ကြသည်။

ဝမ်ရှင်းချန် က နျဲ့ပုဖန် ကို ကူတွဲပေးဖို့ လျှောက်သွားပေမယ့် သူ့ခြေထောက် တွေက ရုတ်ချည်းတုန်ခါသွား၏။ ထို့နောက် အနီးမှ စင်ပေါ်ရှိ  ကြေးဝါပစ္စည်းတစ်ခုကို လက်ဖြင့် တွန်းမိသလို ဖြစ်သွားသည်။  “ဒုန်း'' ဟူသော အသံဟာ ဂူတစ်လျောက် ပဲ့တင်ထပ်သွားပြီး စက် ယန္တရားတို့၏ အသံများ ဆူညံကာ ပဲ့တင်၍ ထွက်ပေါ်လာလေ၏။ နျဲ့ပုဖန် မှီနေသော နံရံဟာလည်း ရုတ်တရက် အတွင်းထဲသို့ ပွင့်သွားသောကြောင့် နောက်ပြန်လဲကျသွားသည်။

"သတိထား"

ဝမ်ရှင်းချန် နှင့် စုချန်းယီ တို့သည် နျဲ့ပုဖန်ကို ဘယ်ညာတစ်ဖက်ဆီမှ ကိုင်ပြီး ရှေ့ကို ဖမ်းဆွဲထားလိုက်ကြသည်။ သို့ရာတွင်  မငြိမ်သက်သော လှိုဏ်ဂူ ကြမ်းပြင်ကြောင့် သူတို့ သုံးဦးသား လျှို့ဝှက်လမ်းထဲသို့ အတူတူကျသွားခဲ့လေ၏။

၎င်းတို့ ကျသွားပြီးနောက် လျှို့ဝှက်လမ်း၏ တံခါးသည် ၁၈၀ ဒီဂရီ လှည့်၍ ပြန်ပိတ်သွားပြီး အခန်းဟာလည်း ရုတ်တရက် အမှောင်ကျသွားလေသည်။

ဤရတနာသိုက်၌ ယန္တရားများ နေရာတိုင်းတွင်ရှိကြပြီး ၎င်းတို့ကို တကူးတက ရှာဖွေရန်ပင် မလိုဘဲ အမှတ်တမဲ့ တွေ့နိုင်သည်ဟု ဆိုရမည် ဖြစ်၏။

တစ်ဆက်တည်းမှာပဲ သူတို့မှာ ပါလာသော မီးခြစ်ဆံများဟာလည်း ပထမကတည်းက ရေထဲ ပြုတ်ကျခဲ့ကြသောကြောင့် ရေစိုပြီး အသုံးမဝင်တော့။

ထိုသို့သော အမှောင်ထုထဲတွင် သာမန်လူများထက် အမြင်အာရုံ ပိုကောင်းသည့် ဝမ်ရှင်းချန် နှင့် စုချန်းယီ ကဲ့သို့သော သိုင်းပညာရှင်များပင်လျှင် ပတ်ဝန်းကျင်ကို ကောင်းစွာမမြင်နိုင်ကြတော့ပေ။

"ယန္တရား တစ်ခုခုကို ရှာရမယ်''

အရင်တစ်ခေါက်က ပိတ်မိခဲ့ဖူးပြီ ဖြစ်သော စုချန်းယီမှာ အေးဆေးတည်ငြိမ်ပြီး ယန္တရား ရှာဖွေရန်သာ လှည့်ပတ်ကြည့်နေ၏။

ဝမ်ရှင်းချန်လည်း နျဲ့ပုဖန် ကို တွဲထားရင်း တစ်ဖက်က ပတ်ဝန်းကျင်ကို လိုက်စမ်းကြည့်နေသည်။

သို့သော် ၎င်းတို့မှာ လက်တစ်ဆုပ်စာ ဖုန်မှုန့်များကို ထိတွေ့မိကြပြီး ယန္တရားကို မတွေ့ကြသေးပေ။

ဤအခိုက်တွင်၊ နံရံ၌ သက်ရှိအချို့ လှုပ်ရှားနေသကဲ့သို့ တကျစ်ကျစ် အသံတစ်မျိုး ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။ ထိုအသံမျိုးသည် အထူးသဖြင့် မှောင်ပြီး တိတ်ဆိတ်သော အခန်းထဲ၌ ပိုမို ရှင်းရှင်းလင်းလင်း ဖြစ်ပြီး၊ ဆက်တိုက်ဆိုသလို ကုတ်ခြစ်သံများက ရိုးတွင်းခြင်ဆီအထိ အေးခဲသွားစေသည်။

နှစ်ယောက်သား လှုပ်ရှားမှုကို ရပ်လိုက်ပြီး သူတို့ ပတ်ပတ်လည် လှုပ်ရှားမှုကို ဂရုတစိုက် စောင့်ကြည့်ရင်း အသက်ရှုသံတွေ နှေးကွေးလာ၏။

"ဘာဖြစ်တာလဲ"  နျဲ့ပုဖန်၏ အသံသည် အမှောင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး တင်းမာသော တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"တိတ်တိတ်နေ" စုချန်းယီက ဆိုသည်။

''ငါတို့ လျှို့ဝှက်အခန်း တစ်ခုထဲ ကျသွားတာ"

"မှောင်နေတာပဲ၊ မီးမထွန်းဘူးလား" 
နျဲ့ပုဖန်က ထပ်မေး၏။

"မီးထွန်းလို့ ရရင် မင်း မပြောခင် ကတည်းက ငါတို့မီးထွန်းထားကြာပြီပေါ့''

စုချန်းယီ က စိတ်တိုတိုနဲ့ ပြောလိုက်၏။

နျဲ့ပုဖန်လည်း တိတ်ဆိတ်သွားပြီး သူ့ ခန္ဓာကိုယ်ပေါ်ရှိ တစ်စုံတစ်ခုကို စမ်းကြည့်လိုက်သည်။  ခဏ အကြာတွင် လူ သုံးဦး၏ မျက်လုံးများရှေ့၌ အလင်းရောင် ပေါ်လာပြီး နျဲ့ပုဖန်၏ လက်ထဲတွင် တောက်ပသော ဝိညာဥ်ပုလဲတစ်ခု ပေါ်လာကာ ပတ်ဝန်းကျင်ကို လင်းထိန်စေသွားသည်။

"ဒါက ဘယ်ကရလာတာလဲ"  စုချန်းယီ က အံ့သြစွာမေးလိုက်သည်။

နျဲ့ပုဖန်လည်း သူ့ကို မျက်စောင်းထိုးပြီး အထင်သေးသလို့ကြည့်၏။

“ခင်ဗျားက မင်းသားတစ်ပါး ဖြစ်နေပြီး  ဘယ်လိုသတိ ဝီရိယရှိရှိ နေရမလဲတောင် မသိဘူးလား။  ရတနာ အခန်းထဲမှာ တောက်ပတဲ့ အရာတွေ အများကြီး ရှိနေတာကို အလင်းရောင်အတွက် နည်းနည်းလောက် ယူခဲ့ဖို့ မတွေးမိဘူးလား''

စင်စစ်တွင် နျဲ့ပုဖန်သည် နတ်ပုလဲ နှစ်လုံးမှာ လှပသောကြောင့် သိမ်းယူထားခဲ့တာ ဖြစ်သော်လည်း ယခုတွင် နျဲ့ပုဖန်၏ လေသံနှင့် အမူအရာမှာ အလွန်ထက်မြက်ပြီး သတိ ဝီရိယရှိသူကဲ့သို့ ပြောဆိုနေလေ၏။

စုချန်းယီလည်း ဒေါသထွက်လျှက် လက်ဖဝါးတွေယားလာကာ သည်မောက်မာတဲ့ ငနဲသားကို အကြိမ်ပေါင်းများစွာ ရိုက်နှက် ပစ်လိုက်ချင်နေသည်။ နျဲ့ပုဖန်က ဘယ်လိုမှ ချီးကျူးလို့ မရသော အမျိုးအစားဖြစ်သည်။ 

"ခေါင်းကိုက်နေလား"  ဝမ်ရှင်းချန် က နျဲ့ပုဖန် ၏ နဖူးကို ထိကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။

“ဟုတ်”  နျဲ့ပုဖန်က မျက်ခုံးပင့်ကာ ထူးဆန်းစွာ သူ့ကိုကြည့်၏။

"အစ်ကိုဝမ်၊ ခင်ဗျားရော ဒီကို ဘယ်လိုရောက်လာတာလဲ''

"မင်း စောစောက မူးနေတုန်းက''

ဝမ်ရှင်းချန်က ပြန်ပြောပြသည်။

''မင်းယန္တရားကို ဖြတ်မိလိုက်တယ်လေ၊ ဒါကြောင့်မင်း မူးပြီး အိပ်ပျော်နေတုန်း ဒီလျှို့ဝှက်လမ်းထဲကို ငါတို့ ဝင်လာတာ"

"မင်း ဝိုင်တွေ သောက်ထားတယ် မလား။ အဲ့ ဝိုင်ဘယ်က ရခဲ့တာလဲ"

စုချန်းယီက မတ်တတ် ထပြီး နျဲ့ပုဖန် ပါးစပ်အနားကို အနံ့ ခံကြည့်သည်။  မျှော်လင့်ထားသည့်အတိုင်း သူသည် ဝိုင်ရနံ့ကို ရှူရှိုက်မိလိုက်၏။  ဝိုင်ကောင်းကောင်း သောက်ဖူးသူ အတွက်ကတော့ နျဲ့ပုဖန် သောက်ထားတဲ့ ဝိုင်က အရည်အသွေး ကောင်းတယ်ဆိုတာ သူ သိ၏။

နျဲ့ပုဖန်က သူ့ မျက်နှာကို တွန်းဖယ်လိုက်သည်။ သူ့ခေါင်းက အနည်းငယ် ပွက်လောရိုက်နေသေးသော်လည်း ၎င်းသည် သူ၏ တည်ငြိမ်သော တွေးခေါ်မှုနှင့် စကား ကောင်းစွာ ပြောနိုင်ခြင်းကို အဟန့်အတား မဖြစ်စေခဲ့ပေ။

“ကောင်းပြီ၊ ဝိုင် နှစ်ခွက်လောက် သောက်မိရုံပါပဲ ဟုတ်ပြီလား။ ဘာတွေ လာရှုပ်ထွေးနေကြတာလဲ။ မင်းသား ဝမ်နဲ့ မင်းသား စု၊ အခု ကျွန်တော်တို့လက်ရှိ အခြေအနေကိုပဲ အာစိုက်ကြပါ''

စုချန်းယီ သည် ဤအချိန်တွင် စိတ်မထိန်းနိုင်ဘဲ နျဲ့ပုဖန်ကို ချုပ်ဖမ်းပြီး သင်ခန်းစာတစ်ခုကောင်းကောင်း ပေးပစ်လိုက်ချင်နေ၏။

ဝမ်ရှင်းချန်ကမူ နျဲ့ပုဖန်ကို စောင့်ကြည့်ရင်း သိမ်မွေ့စွာ သတိပေးစကားဆိုလိုက်သည်။

"မင်းသား၊ မင်းရဲ့အမူအရာကို ဂရုစိုက်ပါ"

အရိပ်အကဲ နားလည်သော စုချန်းယီမှာ ချက်ချင်း မျက်နှာ မည်းမှောင်သွားပြီး နျဲ့ပုဖန်၏ အရှေ့တွင် အဟောက် ခံလိုက်ရသည့်အတွက် မကျေမနပ် ပိုဖြစ်သွားခဲ့လေ၏။

ဒါပေမယ့် သည်အချိန်ဟာ သင်ခန်းစာ ကောင်းကောင်းပေးနိုင်မယ့် အချိန်ကောင်းတစ်ခု မဟုတ်သေး။ စုချန်းယီလည်း အနည်းငယ် အသက်ပြင်းပြင်း ရှူရင်း စိတ်လျော့ကာ နျဲ့ပုဖန်ကို စိုက်ကြည့်ပြီးနောက် ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။

၎င်းသည် ထောင့်တိုင်းတွင် ပတ်ပတ်လည် နံရံများရှိသော ၅၀ စတုရန်းမီတာထက် မပိုသော လျှို့ဝှက်အခန်းငယ်တစ်ခု ဖြစ်၏။ အလယ် ဗဟိုတွင် လေးထောင့် သေတ္တာတစ်ခု တင်ထားသော ကျောက်စင်တစ်ခု ရှိသည်။ ကျောက်တုံးကြီး သုံးခုကို ဖိုခနောင့်ဆိုင်ကာ တစ်ဖက် တစ်ချက်စီတွင် ထားထားခြင်း ဖြစ်သည်။ ၎င်းအပေါ်မှ သေတ္တာသည် အပြင်ဘက်တွင် သံချေးတက်နေပြီး သေတ္တာ၌ လေးလံသော သတ္တုသော့တစ်ခုလည်း ရှိနေ၏။

သုံးယောက်သား ဖြေးဖြေးချင်း လှမ်းလာရင်း သူတို့ ပတ်ဝန်းကျင်မှာ ဖုံးကွယ်ထားတဲ့ ယန္တရားတစ်ခုခု ရှိ၊ မရှိကို သေသေချာချာ စောင့်ကြည့်ရသေးသည်။ ဘာမှ မရှိတော့ကြောင်း အတည်ပြုပြီးနောက်၊ စုချန်းယီက ကျောက်စင်မြင့် ပေါ်ရှိ လေးထောင့်သေတ္တာလေးကို ဦးဆောင်၍ ကောက်ယူလိုက်၏။ 

အရွယ်အစား သိပ်မကြီးသော်လည်း၊ ၎င်း အဖုံးပေါ်တွင် ထူးခြားသော ပုံသဏ္ဍာန် သော့အပေါက်တစ်ခုရှိနေသည်။ ၎င်းကို ဖွင့်ရန် အထူးသော့ လိုအပ်သည်မှာ ထင်ရှား၏။

သော့ဖွင့်ဖို့ တစ်ခုတည်းသော နည်းလမ်းက အပြင်ထွက်ပြီး သော့ပြင် သမားကို ရှာဖို့ပဲလိုတယ်ဟု စုချန်းယီ တွေးမိသည်။

"သော့က ဒီတစ်ခုလား မသိဘူး" 
ထိုစဥ် နျဲ့ပုဖန်က တစ်နေရာမှ ထူးဆန်းသော ပုံသဏ္ဍာန်ရှိသော အကွက်တစ်ခုကို ထုတ်ယူပြီး စုချန်းယီ အား ပေးလိုက်၏။

"ဒါက ဘယ်က ရလာတာလဲ" စုချန်းယီ အံ့သြသွားပြန်သည်။ ဒီကောင်က တစ်ချိန်လုံး မထင်ထားတာတွေချည်း လုပ်နေတာပဲ၊ ဒီကောင် လိုတရ ရတနာသေတ္တာကြီးများ ရထားသလား။

နျဲ့ပုဖန်ကတော့ သူ့အား မထီမဲ့မြင်ဟန်ဖြင့် ဦးစွာ ကြည့်လိုက်ပြီးနောက် ကျောက်စင်၏ ညာဘက်ခြမ်းကို ညွှန်ပြပြီး ...

"ဒီမှာ သော့တွေ ရှိနေတယ် ဆိုတာ မင်းမမြင်ဘူးလား"

စုချန်းယီနှင့် ဝမ်ရှင်းချန် တို့လည်း တစ်ချိန်တည်းတွင် ငုံ့ကြည့်လိုက်ရာ ကျောက်စင်၏ ဘေးနှစ်ဖက်တွင် ရှုပ်ထွေးသော သဏ္ဍာန်ဖြင့် ထွင်းထုထားသောအရာများကို တွေ့လိုက်ရ၏။ အစတုန်းကတော့ ထိုအရာတွေဟာ အလှသက်သက် ထားထားတယ်ဟု  ထင်ခဲ့ကြခြင်း ဖြစ်သည်။
သည်လို ပုံစံနဲ့ ဝှက်ထားတယ် တဲ့လား။

“သော့တွေ အများကြီး ရှိနေတာကို ဒီသော့က သေတ္တာကို ဖွင့်နိုင်မယ်ဆိုတာ ဘယ်လို သေချာနေတာလဲ''
စုချန်းယီက ထပ်မေးသည်။

"အရောင်လေ "
နျဲ့ပုဖန် က သေတ္တာကို သော့နဲ့ခေါက်လိုက်ပြီး ...
"သေတ္တာရဲ့သော့ပေါက်ရဲ့အရောင်ကို မင်းမမြင်ဘူးလား၊ ဒီသော့က အတူတူပဲ" ဟု ယုံကြည်ချက်ရှိစွာ ပြောသည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ" စုချန်းယီက ပြောရင်းဖြင့် သော့ကို ယူလိုက်ပြီး သော့ပေါက်ထဲကိုထည့်၏။

''ပညာရှိကြီး ပွားပေါင် ဟာ ယန္တရားတွေရဲ့ သခင်ဖြစ်ပြီး ဒီလို ရိုးရှင်းတဲ့ အတားအဆီးတစ်ခုကို တည်ဆောက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး... ..."

သို့သော် သူ စကား မဆုံးခင်မှာပဲ "ကလစ်" တစ်ချက် ကြားလိုက်ကြပြီး သေတ္တာ ပွင့်သွားတော့သည်။

စုချန်းယီလည်း တိတ်ဆိတ်သွားပြီး သူ့ရဲ့ ဉာဏ်ရည်ဟာ သုညအထိ ကျဆင်းသွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရ၏။

သူ ရပ်တန့်သွားတာကို မြင်တော့ နျဲ့ပုဖန်က သေတ္တာကို ဆက်ပြီး ဖွင့်လိုက်သည်။

“ဟေး…”

သူက သေတ္တာထဲမှာ တွေ့လိုက်ရသော ကျောက်စိမ်းစတုရန်း တံဆိပ်တုံး တစ်ခုကို ထုတ်လိုက်၏။  ကျောက်စိမ်း တံဆိပ်၏ အပေါ်၌ ရှေး သားရဲတစ်ကောင်၏ ဟန် ထွင်းထုထားသည်။ ထွင်းထုမှုသည် လက်ရာမြောက်ပြီး စေ့စပ် သေချာ၏။ နျဲပုဖန် မမှတ်မိသော တံဆိပ်အောက်တွင် ရှေးခေတ် အက္ခရာများကို ရေးထွင်းထားသည်။

စုချန်းယီက ၎င်းကို မြင်သောအခါတွင် မျက်နှာမှာ ရုတ်ချည်း ပြောင်းလဲသွားကာ အော်ပြောလိုက်၏။

"ဒါ...တကယ် ဧကရာဇ် တံဆိပ်တော်ပဲ''

"ဧကရာဇ် တံဆိပ်တော်၊ ဟုတ်လား''

ဝမ်ရှင်းချန်၏ အကြည့်များမှာလည်း လေးထောင့်တံဆိပ်ပေါ်တွင် ကျရောက် သွား၏။ သို့သော် သူ့အမူအရာကား များစွာ ပြောင်းလဲခြင်း မရှိပေ။

"ကောင်းကင်ဘုံ၏ လုပ်ပိုင်ခွင့်ကို ရယူရန်" 

စုချန်းယီ က ကျောက်စိမ်း တံဆိပ်ပေါ်က စာလုံးကို ဖတ်ပြပြီး ...

“ဒီတံဆိပ်တုံးရဲ့ ကျောက်စိမ်းကိုယ်ထည်ကို မြင့်မြတ်တဲ့ တိရစ္ဆာန်၊ မိုလော့ ရဲ့ကိုယ်နေဟန် နဲ့ ထွင်းထားပြီး တခြား ဧကရာဇ်တံဆိပ်တော်ရဲ့ ကိုယ်ထည်ကိုတော့ မြင့်မြတ်တဲ့ သားရဲ၊ ကျီယား ရဲ့ဟန်နဲ့ ထွင်းထုထားတယ်။ သူတို့နှစ်ယောက်ရဲ့ ခွန်းအားက ကြီးကျယ်ခမ်းနားပြီး ကာကွယ် စောင့်ရှောက်သူတွေလို့ လူသိများကြတယ်''

''ဒါဆို တခြား တံဆိပ်တုံးပေါ်မှာ ရေးထွင်းထားတဲ့ စကားလုံးတွေကတော့ 'သာမန်ပြည်သူတို့၏ အသက်ရှည်မှုနှင့် တိုင်းပြည်၏ ထာဝရ သာယာဝပြောရေးကို လုပ်ဆောင်ပါမည်' ဆိုတာ မဟုတ်လား'' နျဲ့ပုဖန် က မဝံ့မရဲ မေး၏။

"အမှန်ပဲ" စုချန်းယီ က 'မင်း မေးဖို့တောင် လိုသေးလား' ဟူသော ထူးထူးခြားခြား အကြည့်မျိုးနဲ့ နျဲ့ပုဖန်ကို ကြည့်လိုက်သည်။

ဒါ တကယ်ပဲလား။
နျဲ့ပုဖန် စကား မပြောနိုင်။ 
ဤကမ္ဘာတွင် "ကောင်းကင်ဘုံ၏ လုပ်ပိုင်ခွင့်ကို ရယူရန် နှင့် သာမန်ပြည်သူလူထု၏ အသက်ရှည်မှုနှင့် နိုင်ငံတော်၏ ထာဝရ သာယာဝပြောရေးတို့ကိုလုပ်ဆောင်ရန်" ဟူ၍ ဧကရာဇ် တံဆိပ်တော်ကို အပိုင်း နှစ်ခုအဖြစ် ပိုင်းခြားမည်ဟု သူ မထင်ထားခဲ့ပေ။

"အဲဒါက ဧကရာဇ်တံဆိပ်ဖြစ်လို့ ဧကရာဇ်မင်းလက်ထဲမှာ မဟုတ်ဘူးလား။"  နျဲ့ပုဖန်က ထပ်မေးသည်။

“လွန်ခဲ့တဲ့နှစ်ပေါင်း သုံးရာလောက်က အင်ပါယာ တံဆိပ်တုံးတွေထဲက တစ်ခု ပျောက်ဆုံးသွားပြီး အဲ့ကတည်းက ဘာသတင်းမှ မကြားခဲ့ရဘူး။  ဧကရာဇ် အဆက်ဆက်တို့ကလည်း ဧကရာဇ်တံဆိပ်တော်ကို ရှာဖွေဖို့ တာဝန်ယူခဲ့ကြပေမယ့် မမျှော်လင့်ဘဲ ဒီနေရာမှာ ပေါ်လာတယ်''
စုချန်းယီ၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင် ပေါ်နေသည်။

“အိုး” 

ထို့နောက် နျဲ့ပုဖန်က ထိုအရာကို စိတ်မဝင်စားတော့ပဲ သူ့မျက်လုံးများက အခြားသေတ္တာကြီးဆီသို့ ရွေ့သွားပြန်၏။

စုချန်းယီကတော့ ဧကရာဇ် တံဆိပ်ကို သေတ္တာထဲသို့ ပြန်ထည့်ကာ နေရာမှန်တွင် ပြန်ထားလိုက်သည်။ သူ့ မျက်နှာပေါ်၌ ရွှင်လန်းနေလေ၏။

နျဲ့ပုဖန် ထိုင်ချလိုက်ပြီး သေတ္တာများပေါ်ရှိ သော့ခလောက် သော့များကို စမ်းကြည့်လေသည်။ ဒီတစ်ခါတော့ အရောင်အလိုက် လိုက်မညီနိုင်တာကြောင့် အကြိမ်ကြိမ် စမ်းကြည်ခြည့်ခြင်းသာ တတ်နိုင်တော့၏။

"ကလစ်"
ဘောက်စ်တစ်လုံးကို ဖွင့်လိုက်နိုင်သည်။

နျဲ့ပုဖန်က အလွန်စိတ်လှုပ်ရှားနေသဖြင့် အဖုံးကို ရုတ်ရက်ဖွင့်လိုက်၏။ ချက်ချင်းပင် သူ့ အရှေ့တွင် ရွှေရောင်တောက်တောက်များ မြင်လိုက်ရသည်။ အနီးကပ် ကြည့်သောအခါ ရွှေဒင်္ဂါးပြားများ ဖြစ်နေ၏။

သူတို့ တိုင်းပြည်ဟာ ရွှေဒင်္ဂါးတွေကို ငွေကြေးအဖြစ် မသုံးသည်မှာ ထင်ရှားသည်။ ဤသည်မှာ တခြားတိုင်းတစ်ပါးမှ ရွှေဒင်္ဂါးသေတ္တာ ဖြစ်လိမ့်မည်။

စုချန်းယီနှင့် ဝမ်ရှင်းချန် တို့လည်း ရွှေဒင်္ဂါးတစ်ပြားကို ကောက်ယူကာ နျဲ့ပုဖန် ဘေးတွင် ထိုင်လိုက်ကြသည်။

ရွှေဒင်္ဂါးတွင် လူဦးခေါင်းကို တစ်ဖက်တွင် ထွင်းထုထားပြီး တစ်ဖက်တွင် သရဖူတစ်ခု ပါရှိ၏။  တိုင်းတစ်ပါးက ဘာသာစကား မပြောနဲ့ သည်တိုင်းပြည်ရဲ့ဘာသာစကားကိုတောင် နျဲ့ပုဖန်က ကောင်းကောင်း မသိ။
စာလုံးအက္ခရာများ ထွင်းထားပုံကလည်း ရှေးကျလှသည်။

“ဒါက အလိုရာ နိုင်ငံရဲ့ ငွေကြေးဖြစ်လိမ့်မယ်''

စုချန်းယီက ထိုသို့ ကောက်ချက်ချ၏။ မင်းသားတစ်ဦးအနေဖြင့် တိုင်းတစ်ပါးမှ သံတမန်အချို့နှင့် မကြာခဏ အဆက်အသွယ်ရလေ့ရှိပြီး သူက  အသိပညာအရာမှာ အလွန်ထူးချွန်ပြောင်မြောက်သူဖြစ်၏။

"အလိုရာ နိုင်ငံ၊ ဟုတ်လား" ဝမ်ရှင်းချန်က ပြောလိုက်သည်။ “လွန်ခဲ့တဲ့နှစ် ခုနစ်ဆယ်လောက်ကတည်းက ဖျက်ဆီးခံခဲ့ရတယ် မဟုတ်လား”

စုချန်းယီက ခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ်၊ ဒါကြောင့် ဒီရွှေဒင်္ဂါးပြားတွေကို လွယ်လွယ်နဲ့ ရခဲ့တာမဖြစ်နိုင်ဘူး။ အလိုရာက ငါတို့နိုင်ငံနှင့် မိုင်ပေါင်းသောင်းချီဝေးတယ်၊ နိုင်ငံတော် ပျက်စီးသွားပြီးနောက်တော့ မူရင်းဒင်္ဂါးပြား အားလုံးကို ပြန်လည်ထုတ်လုပ်ခဲ့ပြီး ကမ္ဘာပေါ်မှာ ရွှေ၊ ငွေ အလိုရာ ဒင်္ဂါးတွေ နဲနဲလောက်ပဲ ကျန်ခဲ့တယ်လေ၊ ဧကရာဇ်မှာလည်း သူတို့ကို စုဆောင်းထားတာ လေး၊ ငါး၊ ဆယ်ခုပဲ ရှိတယ်။
အဲ့နိုင်ငံရဲ့ ဒင်္ဂါးပြား ထုတ်လုပ်တဲ့ နည်းပညာက အရမ်းကောင်းတယ်။ ဒီနည်းပညာကို ငါတို့တိုင်းပြည်မှာ မိတ်ဆက်နိုင်ရင် သိပ်ကောင်းမှာပဲ''

ထိုအချိန်တွင် နျဲ့ပုဖန်သည် သေတ္တာအတွင်းမှ တိရိစ္ဆာန် သားရေဖြင့် ပြုလုပ်ထားပုံရသော စာလိပ်တစ်အုပ်ကို လှန်လိုက်ပြီး "ဒါက မင်းလိုချင်တဲ့ နည်းပညာ ဖြစ်နိုင်မလား" လို့ မေးလိုက်၏။

သူသည် တိရိစ္ဆာန်အရေခွံလိပ်ကို စုချန်းယီအား ပေးလိုက်သည်။

ထိုအခါ စုချန်းယီလည်း အနီးကပ်ကြည့်ကာ အံ့အားသင့်စွာ အော်မိ၏။
“ဟုတ်တယ်၊ ဒါက ဒင်္ဂါးပြား ထုတ်လုပ်တဲ့ လုပ်ငန်းစဉ် အတိအကျပဲ။ ပညာရှိကြီး ပွားပေါင်းက ဒီအတိုင်းအတာထိတောင် ရောက်ခဲ့တယ်ပေါ့။ သူက တကယ်ပဲ သာမာန် လူသားတစ်ယောက် မဖြစ်နိုင်ဘူး''

ဒါ့အပြင် သင်္ဘော တည်ဆောက်မှု၊ ဆောက်လုပ်ရေးနှင့် ဖန်ရည်ကျိုခြင်း ကဲ့သို့သော အဆင့်မြင့်နည်းပညာများ အပါအဝင် တိုင်းတစ်ပါး ကုန်ပစ္စည်းများနှင့် ဆက်စပ် ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်များ ပါရှိသည့် အခြားသေတ္တာငါးလုံးကိုလည်း တစ်လုံးပြီးတစ်လုံး ဖွင့်ခဲ့ကြလေရာ  အရာရာတိုင်းသည် ကြီးမားသော ကြွယ်ဝမှုကို ဖန်တီးနိုင်ပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ပေးနိုင်၏။

သို့သော်လည်း စုချန်းယီ၏ အမူအရာသည် ကနဦး နှစ်သက်မှုမှ လေးနက်မှုသို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။

နျဲ့ပုဖန်က သူ့ကို ထူးဆန်းစွာကြည့်ကာ "မင်း ဘာဖြစ်နေတာလဲ။ ကောင်းတာတွေ အများကြီး ရှာတွေ့ထားတာကို မပျော်ဘူးလား"

"အခု ကိစ္စ အရာတွေက တကယ် ကောင်းနေတယ်လေ၊ တော်ရုံ ကောင်းရုံတင် မကဘူး အရမ်းကောင်းတယ်"  စုချန်းယီ က တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

နျဲ့ပုဖန်လည်း ထိုကိစ္စတွေကို နားလည်သလိုလို ရှိကာ မျက်လုံးများ တောက်ပလာ၏။ ထို့နောက်  သူက ပြုံးပြီး ပြောလိုက်၏။
"ဧကရာဇ်ကို လျောက်တင်ဖို့ မင်း စိုးရိမ်နေတာလား"

စုချန်းယီက လန့်သွားပြီး နျဲ့ပုဖန်ကို ဆတ်ခနဲကြည့်လိုက်သည်။

“စိတ်မပူပါနဲ့၊ ရတနာတွေ အားလုံးကို သယ်သွားပြီးရင် ကြက်သိုက်ရွာမှာ ထားနိုင်ပါတယ်။ လုံးဝ ဘေးကင်းမယ်လို့ ငါ အာမခံတယ်”  နျဲ့ပုဖန်က ရက်ရက်ရောရော ဖြင့်ဆို၏။

"ကိုယ့်ဒုက္ခကိုယ် မရှာချင်နဲ့" ဝမ်ရှင်းချန်က ကြားဖြတ် ပြောလိုက်သည်။
"မင်း တော်ဝင်နန်းတော် အရေးကိစ္စ ဘာလို့ ဝင်ပါမှာလဲ''

တကယ်တမ်းတွင် နျဲ့ပုဖန်ဟာ ကပျက်ကချော်နိုင်ပြီး ကျီဆယ် ဆော့ကစားတတ်ပေမယ့်၊ သူ့မှာ ထက်မြက်ပြီး ပါးနပ်တဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းရှိ၏။
သူက မောက်မာစွာ ပြောဆိုလေ့ရှိပြီး စည်းကမ်း မရှိ ပြုမူတတ်သော်လည်း အမှန်တကယ်တွင် အလွန်နူးညံ့သိမ်မွေ့သည်။ တစ်ခါတရံ သည်လို စိုးရိမ်မှုမျိုးက လူတွေကို ရူးသွပ်သွားစေရင်တောင် သူ့နည်း သူ့ဟန်နဲ့ သူ့ ပတ်ဝန်းကျင်က လူတွေကို အမြဲတမ်း စိတ်ပူ ပေးတတ်ပြန်၏။

ဒါပေမယ့် သည်တစ်ခါတော့ သူ့ကို ရှုပ်ထွေးအောင် မလုပ်နိုင်ပါ။ ရှုပ်ထွေးသော အာဏာလွန်ဆွဲပွဲများနှင့် နိုင်ငံရေး တွက်ချက်မှုများသည် သူ့အတွက် လုံးဝ မသင့်လျော်ချေ။

ရိုးရိုးသားသား ကြက်မွေးမြူရေး သမားလေးပဲ ဖြစ်ပါစေ။

စုချန်းယီ က ...
"အဆင်ပြေပါတယ်၊ ငါဟာငါ လုပ်နိုင်တယ်'' ဟုပြောလိုက်၏။

နျဲ့ပုဖန် ကလည်း ပခုံးတွန့်ပြီး
"ကောင်းပြီ။ ဒါဆို မင်းကိုယ်တိုင် အဖြေရှာပေါ့'' ဟုပြန်ပြောလိုက်သည်။

စုချန်းယီနှင့် ဝမ်ရှင်းချန်တို့မှာ သတိလက်လွတ် မဖြစ်ဝံ့ပေ။ နျဲ့ပုဖန်၏ အသွင်အပြင်က တစ်ခုခုပေါက်ကွဲဖို့ အစပျိုးသကဲ့သို့ ဖြစ်သွားသည်ကို သူတို့ သတိထားမိကြ၏။

နျဲ့ပုဖန်က သူ့ကို ခွဲခြားဆက်ဆံခံရတယ်လို့ ခံစားသွားရသည်။ သူက နှစ်ယောက်စလုံးကို လက်ညိုး ထိုးပြပြီး ဒေါသတကြီးနဲ့ ငေါက်လိုက်၏။

“ဒီလောကမှာ ငါ့ထက် ပိုရိုးသားတဲ့သူများရှိသေးလို့လား''

မှားတယ်။ တကယ်တမ်းဆို သည်ကမ္ဘာမှာ မင်းထက် ပိုရိုးသားတဲ့ ကြက်ရှိလားလို့ မေးသင့်တာ။  ကိုယ့်ကိုကိုယ် လူသားနဲ့ မနှိုင်းချင်ပါနဲ့...

ဝမ်ရှင်းချန်နှင့် စုချန်းယီတို့ နှစ်ဦးစလုံးလည်း ပညာရှိစွာ နှုတ်ဆိတ်နေကြပြီး နျဲ့ပုဖန်ရဲ့ ဒေါသကိုထပ်မံ မနှိုးစွဝံ့ကြချေ။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now