Chapter-14
ကိုယ့်ကိုယ်ကိုကာကွယ်ခြင်း
................
ဥယျာဥ်ပွဲတော်ပြီးသည့်နောက်တွင် ရှီရှန်းမြို့၌ အရောင်အသွေးစုံလင်ကာ ခမ်းနားထည်ဝါသော လက်ရွေးစင် ယောကျ်ားပျိုအုပ်စု ပေါ်ထွက်လာလေသည်။
လောကကြီး ဇောက်ထိုးဖြစ်သွားမယ်ဆိုရင်တောင် မပူတဲ့ နျဲ့ပုဖန်ကတော့ အခြေအနေတွေအားလုံးကို အေးအေးဆေးဆေးသာ ရင်ဆိုင်ခဲ့လေသည်။
သည့်အပြင် ကျန်းကျွင်းရှီ လီယီ တို့နှင့်အတူ ပူးတွဲ၍ အာရုံစိုက်ခံရမှုကြောင့် နျဲ့ပုဖန်သည်လည်း ၎င်းနာမည်ကျော်ပုဂ္ဂိုလ်များပါဝင်သည့် 'ဂုဏ်သရေရှိလက်ရွေးစင်ရှစ်ယောက်' အဖွဲ့၌ အဖွဲဝင်အဖြစ် အရွေးချယ်ခံခဲ့ရလေသည်။
နျဲ့ပုဖန်မှာ သူ၏ နာမည်လွှဲဖြစ်သော လီရှောက်ယောင် နာမည်ဖြင့် အရွေးချယ်ခံထားရဖြင်းဖြစ်သည်။
ပထမအဆင့်ရသူမှာ တော်ဝင်မိသားစုမျိုးရိုးဖြစ်သည့် စူချန်ယိ ဆိုသော လုလင်ပျိုဖြစ်သည်။ သူ့တွင် လျှို့ဝှက်ဆန်းကြယ်သော ဆွဲဆောင်မှုတစ်မျိုးရှိသည်ဟုဆိုကြ၏။
ထို့အပြင် ၎င်းမြင့်မြတ်သောမျိုးနွယ်သည် သိုင်းပညာ၊ စာပေပညာအဘက်ဘက်က ပြည့်စုံထူးချွန်မှုကိုမဆိုထားနှင့်၊ သူ့ကိုဘယ်သူ့မှမော်မကြည့်ရဲလောက်အောင် အရှိန်အဝါကြီးသည်ဟု နာမည်ကြီးသူဖြစ်၏။ ထိုသို့ အဆင့်အတန်းတစ်ခုဖြင့် လူထုအမြင်ကို လွှမ်းမိုးထားနိုင်လောင်အောင် ထင်ရှားသောကြောင့် ပထမနေရာရထားခြင်း ဖြစ်သည်။
ဒုတိယနေရာရထားသူမှာ တူကဲနယ်စား၏မြေးတော် ရှန်းမုလန်ဟူသောအမျိုးသားဖြစ်သည်။ သူသည် ချောမောခန့်ညားကာ အရည်အချင်းဘက်စုံ ပြည့်ဝသောသူတစ်ဦး ဖြစ်သည်။ အထူးသဖြင့် သူ့အပြုံးသည် မိန်းကလေး ထောင်ပေါင်းများစွာတို့၏ နှလုံးသားကို သိမ်းပိုက်နိုင်လောက်အောင်ပင်ဖြစ်သည်။ သူနှင့် တခြားသူများ ယှဥ်လျောက်လာသောအခါ၌လည်း သူသည် ပို၍ထင်ပေါ် နေတတ်ပြီး အခြားသူများမှာ သူ့အရောင်အဝါကြောင့် အလိုလိုမှေးမှိန်သွားရမြဲဖြစ်သည်။
ဆိုရပါလျှင် သူသည် မိန်းမသားတို့၏ ချစ်ခင်မြတ်နှိုးမှုကိုရပြီး၊ ယောကျ်ားသားတို့၏ နားကျည်းမုန်းတီးမှုကိုခံရလေ့ရှိသည့်၊ ဘုရားသခင်က တိုင်းပြည်နှင့်လူမျိုးကိုဒုက္ခပေးရန် တမင်သက်သက်ဖန်တီးထားသော ဖန်ဆင်းမှုမျိုးပင်ဖြစ်ပါလိမ့်မည်။
သူနှင့် လိုက်ဖက်သောစာတစ်ကြောင်းကို ဖော်ပြပါဆိုလျှင် ...
''ပြီးပြည့်စုံလွန်းတာက အပြစ်တစ်ခုဆိုရင် ငါ့မှာအပြစ်ရှိပါတယ်'' ဟူသော စာသား ဖြစ်ပါလိမ့်မည်။
တတိယအဆင့်နှင့် စတုတ္ထအဆင့်ရရှိသော အမျိုးကောင်းသားတို့မှာလည်း ထူးကဲသောစွမ်းရည်နှင့်ဂုဏ်အင်္ဂါရှိသူများ ဖြစ်ကြပါသည်။
လီယီနှင့် ကျန်းကျွင်းရှီ တို့လည်း ထို 'ဂုဏ်သရေရှိလက်ရွေးစင်ရှစ်ယောက်အဖွဲ့' တွင် အရွေးချယ်ခံခဲ့ရသည်။ လီယီသည် နတ်မိမယ်ကို စိတ်မဝင်စားသည့်အတွက်ကြောင့် ပေါ်ပေါ်တင်တင်ဖြစ်အောင် မနေခဲ့ပေမယ့်လည်း သူ၏ ထူးကဲ၍ ထင်ရှားသောပုံပန်းသွင်ပြင်ကြောင့် အများသူငှာ၏ အာရုံစိုက်ခံရမှုမှ ရှောင်လွှဲရန်ခဲယဥ်းလှပါသည်။
ထို့အပြင် သူ၏ချောမောခန့်ညားသော ရုပ်ရည်သွင်ပြင်၊ အေးတိအေးစက်အမူအရာနှင့် သိုင်းပညာအရာ၌ ရဲရင့်ထက်မြတ်မှုတို့မှာ အမျိုးသမီးများမျက်စိကျစရာဖြစ်ခဲ့သည်၊ အာရုံကိုဖမ်းစားနိုင်ခဲ့သည်ပင်။ လီယီမှာ ပဥ္စမအဆင့်ဖြစ်သည်။
ဆဌမ နေရာရရှိသူကတော့ ကျန်းကျွင်းရှီ ဖြစ်သည်။ သူ့နာမည်သည်လည်း မမေ့ထားတန်ရာ။ သူ၏ ဂုဏ်သတင်းမှာ အတော်လေးကျော်ကြားပြီး၊ သူ၏ စီးပွားရေးလုပ်ငန်းများမှာ နိုင်ငံအနှံ့ကျယ်ပြန့်နေသောကြောင့် ဖြစ်သည်။
ဒါ့အပြင် သူထိုနေရာ၌ ပါဝင်ရခြင်းမှာ ရေရှည်အတွက် တွေးထားလို့မဟုတ်ပဲ သူ့ဖခင်၏ ဆန္ဒအလျောက်သာ ဝင်ပါရခြင်းဖြစ်ပါသည်။ ဖခင်ဖြစ်သူက သူ့ကိုအဆက်သွယ်ဖြတ်ကာ အဝေးပို့ထားပေမယ့် အမွေပြတ်စွန့်လွှတ်ထားသည် မဟုတ်ပဲ၊ပြည်တွင်း၌ သူ့စီးပွားရေးကို မားမားမတ်မတ်တည်ထောင်နိုင်ရန် တစ်ဖက်တစ်လမ်းမှ အကူအညီတွေ အများကြီးပေးထားလေသည်။ ကျန်းကျွင်းရှီ ကဲ့သို့ ယောကျ်ားကို လက်ထပ်မည်ဆိုပါက တစ်သက်လုံး စိုးရိမ်ကြောင့်ကျမှုမရှိပဲ နေထိုင်နိုင်ပါလိမ့်မည်။
သတ္တမ နေရာရရှိသူကတော့ လီဟိုက် ဖြစ်ပါသည်။ လက်တွေ့တွင် သူ့အဆင့်သည် မနိမ့်ပါ။ သူသည် အမျိုးသမီးများအပေါ်၌ ကြင်ကြင်နာနာဖော်ဖော်ရွေရွေ ဆက်ဆံတတ်သောကြောင့် ဖြစ်ပါသည်။ လီဟိုက်သည် လီရီ ထက်များစွာ ပေါင်းသင်းဆက်ဆံရေးပြေပြစ်သူ ဖြစ်သည်။
၎င်းလက်ရွေးစင်တို့၏ ကျော်ဇောလှသော နောက်ခံအသိုင်းအဝိုင်းကလည်း အမျိုးသမီးများအတွက် စိတ်ဝင်စားစရာဖြစ်ပါသည်။
ကံမကောင်းစွာဖြင့် ထိုလက်ရွေးစင်ရှစ်ဦးထဲသို့ နျဲ့ပုဖန် ပါသွားရသည့်အကြောင်းအရင်းမှာ ပထမနေ့က လီဟိုက်နှင့် နမ်းခဲ့သည့်အဖြစ်အပျက်အပါအဝင် သူသည်တွေ့သမျှ လူကိုလိုက်နှုတ်ဆက်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ဖော်ရွေသည့် လူငယ်ဟူသော ဂုဏ်သတင်းဖြင့် ကျော်ဇောသွားခြင်းသည် နျဲ့ပုဖန်၏ မူလဇစ်မြစ်အားလုံးကို ဖုံးကွယ်ထားနိုင်ခဲ့ပါသည်။
တကယ်တမ်းတွင် နျဲ့ပုဖန်၏အဖြစ်မှာ စွဲမက်ဖွယ်သွင်ပြင်နှင့် ဂုဏ်သရေရှိလူကြီးမင်းတစ်ဦး ဟုလူထင်ခံနေရပေမယ့်၊ သူ့ နောက်ကြောင်းအဖြစ်မှန်ကို သိသွားကြပါက ဆွဲထိုးခံလိုက်ရသည့် လေအိတ်ကဲ့သို့ အရာအားလုံး ပေါက်ကွဲပျက်စီးသွားနိုင်ပေသည်။
ဤသို့ဖြင့် အဋ္ဌမ နေရာရှင်ဟာ လီရှောက်ယောင် ဆိုသောအမည်နှင့် နျဲ့ပုဖန် ဖြစ်လာခဲ့ပါသည်။ သူ၏ ထင်ရှားသော ဝိသေသလက္ခဏာမှာ လျှို့ဝှက်ဆန်းကြယ်သောအချစ်နှင့် လီဟိုက် အပေါ်ချစ်မြတ်နှိုးကြောင်း ပြသခဲ့တာကြောင့် နာမည်ကြီးခဲ့သည်။ သူ့တွင် ရွှင်လန်းတက်ကြွသော ကိုယ်ရည်ဟန်ပန်နှင့် ဖော်ရွေသောအပြုံးမျိုးရှိပြီး မြင်ရသူအဖို့ စိတ်နှလုံးကို ကြည်နူးချမ်းမြေ့စေနိုင်စွမ်း ရှိပါသည်။
ထို့အပြင် ပထမနေ့ကဖြစ်ပျက်ခဲ့သော ထိတ်လန့်ဖွယ် အဖြစ်အပျက်ပြီးကတည်းက အမျိုးသမီးအများအပြား၏ အာရုံစိုက်ခြင်းကိုခံခဲ့ရပြီး၊ တချို့သော အမျိုးသားတို့၏ 'မင်းဘယ်လိုလူလဲ ငါသိတယ်၊ ငါတို့လည်းအတူတူပဲ' ဟုအဓိပ္ပါယ်ရသော လျှို့ဝှက်နက်နဲသည့်အကြည့်တို့မှာ နျဲ့ပုဖန်ဆီသို့ ခဏခဏရောက်လာတတ်ပါသည်။
နျဲ့ပုဖန်သည် လက်ရွေးစင်စာရင်းထဲပါရှိပြီးနောက်တွင် သူ့နာမည်ဖြင့် ကြက်ဥများ၊ လက်ဖက်ရည်များ ရောင်းရန် တုပုန်းကို လက်ကမ်းစာစောင်များ ဝေစေခဲ့သည်။
လက်ရွေးစင်များမှာလည်း နေ့ချင်းညချင်းဆိုသလို ကျော်ကြားလာခဲ့၏။
နျဲ့ပုဖန်၏ လက်ဖက်ရည်နှင့် ကြက်ဥတို့မှာလည်း အတော်ရောင်းကောင်းလျှက်ရှိသည်။
ထိုနေရာတွင် ကျန်းကျွင်းရှီသည်လည်း နျဲ့ပုဖန် နည်းကိုအတုယူကာ သူ့နာမည်ကို ကောင်းကောင်းအသုံးချရန် စီစဥ်ခဲ့သည်။
ကျန်းကျွင်းရှီသည် လှည့်ကွက်တစ်ခုသုံး၍ သူ့နာမည်အောက်၌ စီးပွားရေးလုပ်ငန်းများ တိုးတက်လာစေရန် ကြော်ငြာခြင်းများ ပြုလုပ်ခဲ့သည်။
နျဲ့ပုဖန်၏ သာယာနေသောနေ့များအလွန်တွင် သူသည် အန္တရာယ်ဖြင့်ကြုံတွေ့ခဲ့ရ၏။
သူ စျေးတစ်လျှောက် လှည့်ပတ်ကြည့်ရှုနေစဥ်မှာပဲ အကြီးအကျယ် ပြန်ပေးစွဲခံလိုက်ရခြင်း ဖြစ်သည်။
''ငါဘယ်ရောက်နေတာလဲ''
အိပ်ရာပေါ်တွင် လှဲလျှက်ရှိနေသော နျဲ့ပုဖန်သည် ကုလားထိုင်တစ်ခုတွင် ထိုင်လျှက် လက်ဖက်ရည်ကြမ်း သောက်နေသော လူကို မေးလိုက်၏။
''ညီအစ်ကိုလီ၊ ငါ့ကိုတွေ့ချင်တာများ ဘာလို့ ဒီလိုအန္တရာယ်များတဲ့နည်းလမ်းကို သုံးရတာလဲ''
လီဟိုက်သည် ကြောက်စရာကောင်းစွာ ပြုံးနေ၏။
''ဒီလိုအချိန်မှာတောင် မင်းကလျှာရှည်နိုင်သေးတယ်၊ မင်း အခေါင်းမြင်မှ ထငိုမယ် ထင်တယ်''
''ဒီလိုမပြောပါနဲ့၊ အားလုံးက ငါတို့ကိုချစ်သူတွေလို့ သတ်မှတ်ထားကြတာပဲလေ၊ ချစ်သူတွေမှာ ချစ်တာဖြစ်ဖြစ်၊ သတ်တာဖြစ်ဖြစ် အတူတူ ဘာလုပ်လုပ် ပျော်စရာကောင်းမယ်ဆိုတာ ငါနားလည်ပါတယ်''
''သောက်တလွဲတွေ ပြောမနေနဲ့ ...''
လီဟိုက်သည် ကြမ်းတမ်းလာသည်။
''အဲ့ဒီတုန်းက မင်းလုပ်ချင်တာလုပ်ပြီး ဂုဏ်ယူနိုင်ပေမယ့် အခု မင်းကို ထပ်မရယ်နိုင်အောင် ငါလုပ်ပေးမယ် ..."
''ဘာလုပ်မလို့လဲ၊ မလုပ်ပါနဲ့၊ ငါ့ကို တစ်ခုခုမလုပ်လိုက်ပါနဲ့''
နျဲ့ပုဖန်သည် ကြောက်ရွံ့စွာ တုန်တုန်ရီရီပြော၏။
လီဟိုက်၏ မျက်နှာသည် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ အကျည်းတန်နေသည်။ ထို့နောက် အံကြိတ်လျှက် ပြောလိုက်သည်။
''မင်းကိုလုပ်မှာ ငါတော့မဟုတ်ဘူးကွ၊ မင်းက အရှက်မရှိတဲ့ကောင်,မလို့ မှတ်လောက်သားလောက်အောင် ဆုံးမပေးရမယ်''
ပြောပြီးသည်နှင့် တစ်ပြိုင်နက် လီဟိုက်သည် လက်ခုပ်တီးကာ အခန်းအပြင်သို့ ထွက်သွား၏။ သည့်နောက်တွင် သန်သန်မာမာလူထွားကြီးသုံးယောက် အခန်းထဲသို့ဝင်လာလေသည်။
နျဲ့ပုဖန်မှာ မျက်လုံးများပြူးကျယ်ကာ ထိတ်လန့်နေသည်။
''မင်း တော်တော်ရက်စက်တဲ့လူပဲ''
လီဟိုက်သည် ဒေါသမထွက်တော့ပဲ နျဲ့ပုဖန်ကို လျစ်လျူရှုကာ လူထွားကြီးသုံးဦးအား ပြောလိုက်၏။
''ဒီလူက ဒီညခင်ဗျားတို့အတွက်ပဲ၊ ခင်ဗျားတို့ ကြိုက်တာလုပ်လို့ရတယ်၊ အသေတော့ မသတ်နဲ့၊ အသက်မျှဥ်းမျှဥ်းလေး ချန်ထားပေး''
လူထွားကြီးသုံးယောက်သည် နျဲ့ပုဖန်အနားသို့ တဖြေးဖြေးတိုးလာကာ နှုတ်ခမ်းသပ်လျှက် လက်ဆစ်ချိုးလျှက်ဖြင့် ဟန်ပြင်နေကြ၏။
နျဲ့ပုဖန်သည် ခန္ဓာကိုယ်ကို အားယူကာ အော်ပြောလိုက်၏။
''လီဟိုက်၊ ဒီလူတွေကို မင်းခေါ်လာတာလား။ မင်း မကျေနပ်ရင် ငါ့ကို မင်းကိုယ်တိုင် ထိုးလို့ရတာပဲ၊ ဒါက ငါတို့နှစ်ယောက်ရဲ့ ပြဿနာလေ''
''ထွီ ... ရွံစရာ ပိုးမွှားလိုကောင်''
လီဟိုက်က ဆဲရေးလိုက်၏။
''မလုပ်ပါနဲ့၊ အခုပြဿနာအတွက် ငါမင်းကိုအပြစ်မတင်ပါဘူး''
နျဲ့ပုဖန်သည် မော့ကြည့်၍ ပါးစပ်က တွတ်ပွတွတ်ပွ ပြောနေသည်။
လူထွားကြီးသုံးယောက်၏ မျက်နှာများမှာ ပြောင်းလဲသွားကာ လီဟိုက်ကို တစ်လှည့် နျဲ့ပုဖန်ကို တစ်လှည့်,လှည့်ကြသည်။
''ပါးစပ်ပိတ်ထား ...''
လီဟိုက် ဒေါသတကြီး အော်လိုက်သည်။
ဒီလူကြောင့် သူ့ရဲ့ဂုဏ်သိက္ခာ ပျက်ပြားခဲ့ရသည် မဟုတ်ပေလား။
ဘေးမှ လူထွားကြီးသုံးယောက်၏ မျက်လုံးမှာလည်း ရန်လိုနေသည့်ပုံ မဟုတ်တော့ပေ။
ဒီလူတွေ ဘာဖြစ်နေကြတာလဲ။ လူရိုက်ဖို့ ပိုက်ဆံပေး ငှားထားတာကို၊ ဘာဖြစ်နေကြတာလဲ။
လီဟိုက် အခြေအနေကို ကြည့်လိုက်သည်။
နျဲ့ပုဖန်က လေးလေးနက်နက်ဖြင့် ဆက်ပြောသည်။
''လောကမှာ လူသားတွေအားလုံး သက်တမ်းတိုတိုပဲ နေရမှာ၊ ဒီအချိန် ခဏလေးအတွင်းမှာ ဘာလို့ဒီလူတွေက ဒေါသ၊ မောဟတွေ များနေဖို့လိုမှာလဲ။ ရိုးသားတဲ့လူတွေ ရိုးရိုးသားသားပဲနေကြပါစေ၊ မင်းရဲ့ရက်စက်ကြမ်းကြုတ်တဲ့ငွေကြောင့် လူရိုးတွေကို မပျက်စီးစေပါနဲ့''
''ရိုက်ကြစမ်း''
စည်းကမ်းတင်းကျပ်လွန်းသည့် မိသားစုတွင်ပေါက်ဖွားလာခဲ့သော လီဟိုက်မှာ၊ ဟန်တောင်မဆောင်နိုင်တော့ပဲ ကြမ်းကြုတ်သောအကျင့်စရိုင်များ ထွက်ပေါ်လာ၏။
သို့သော် ၎င်းတို့ထဲမှ လူထွားကြီးတစ်ဦးက ထပြော၏။
''သေလွန်ပြီးတဲ့အခါမှာ ကောင်းရာရောက်ဖို့ သီလဆောက်တည်ရမယ်။ အခုလို ငါတို့အပေါ်သက်ညှာပေးနေတဲ့လူကို သတ်လိုက်ရင် ဘုရားက ဒဏ်ခတ်လိမ့်မယ်၊ ငါတို့ မသတ်နိုင်ဘူး''
တခြားနှစ်ယောက်ကလည်း ခေါင်းညိမ်ကာ ထောက်ခံလေ၏။
''ဒီပုဂ္ဂိုလ်ပြောစကားအရ လူကြီးမင်းတို့နှစ်ယောက်က အသိမိတ်ဆွေတွေ မဟုတ်ဘူးလား''
လီဟိုက်မှာ တိုင်နဲ့ခေါင်းနဲ့ ပြေးစောင့်ချင်သွားသည်။
တကယ်တမ်းတွင် လီဟိုက်၌ လက်အောင်ငယ်သား အမြားအပြားရှိပါသည်။ သို့သော် ယခုကိစ္စတွင် ပို၍ဆိုးဆိုးရွားရွားဖြစ်စေရန်အတွက် အသိပညာနည်း၍ ကြမ်းတမ်းသော ကြေးစားများကို တမင်ငှားခဲ့ခြင်း ဖြစ်ပါသည်။
''မင်းတို့ ငါပေးထားတဲ့ ပိုက်ဆံက မလုံလောက်ဘူးလား။ တခြားကိစ္စတွေ ဂရုစိုက်မနေနဲ့၊ ခိုင်းတဲ့အတိုင်း လုပ်ကြစမ်းပါ''
လီဟိုက်သည် ဒေါသတကြီးအော်သည်။
''ဒါပေမယ့် ဒီလူသေသွားရင်...''
''ငါသခင်လေး အပြည့်အဝတာဝန်ယူတယ်''
ဒီကောင်က လွယ်လွယ်သေမယ့်ကောင်မှ မဟုတ်တာ။
ထိုအချိန်တွင် နျဲ့ပုဖန်က ...
''ဒီသခင်လေး က ဘယ်သူလဲဆိုတာ ခင်ဗျားတို့မသိကြဘူးလား''
လီဟိုက်သည် မျက်နှာကွက်ကနဲ ပျက်သွား၏။
''သူ့မိသားစုက အရမ်းအင်အားကြီးတယ်၊ တကယ်လို့ လူသတ်မှုကိစ္စပေါ်သွားလို့ လက်သည်ရှာရင် သူက ခင်ဗျားတို့အပေါ်လွှဲချဖို့ သူ့ပါးစပ်လေး ဟလိုက်ရုံပဲ''
နျဲ့ပုဖန်က ဆက်၍ပြောသည်။
''ကျုပ်သာ ခင်ဗျားတို့နေရာမှာဆိုရင် ဒီလိုလူနဲ့ လုံးဝအဆက်အဆံလုပ်မှာ မဟုတ်တော့ဘူး။ သူက ခင်ဗျားတို့ချစ်ရတဲ့ မိသားစုတွေကိုပါ ဒုက္ခပေးလိမ့်မယ်။ ငွေလေးနည်းနည်းအတွက် ခင်ဗျားတို့ ဒုက္ခရောက်မခံကြပါနဲ့''
နျဲ့ပုဖန်၏ စကားကိုကြားပြီးနောက် လူထွားကြီးသုံးယောက်သည် အမူအရာများပြောင်းလဲကာ တံခါးဆီသို့လျှောက်၍ ထွက်သွားဖို့လုပ်ကြ၏။
''သူ့စကားကို နားမယောင်နဲ့။ ခင်ဗျားတို့တွေ ဒုက္ခမရောက်စေရဘူးလို့ ကျုပ်ကတိပေးတယ်''
''ဟေ့ ... မင်းက မင်းလက်နဲ့မင်းမလုပ်ပဲ ဘာလို့သူများတကာကို ပိုက်ဆံပေးပြီး လူမိုက်လိုက်ငှားနေတာလဲ''
လီဟိုက်မှာ စကားမပြောနိုင်လောက်အောင် စွံ့အ၍ အကြီးအကျယ် မျက်နှာပျက်သွားလေသည်။
နောက်ဆုံးတွင် လူထွားကြီးသုံးယောက်သည် အချင်းချင်းအချက်ပြကာ မသပ်မသာဖြင့် ထိုနေရာမှ ထွက်ပြေးသွားကြလေသည်။
''ဟားဟားဟားဟားဟား''
နျဲ့ပုဖန် အားရပါးရ ရယ်ချလိုက်၏။
ဤတွင် လီဟိုက်၏ ခန္ဓာကိုယ်အနှံ့မှ ဒေါသများမှာ မိုးကြိုးတစ်ခုကဲ့သို့ ပစ်ချပေါက်ကွဲရန် တာဆူနေကြသည်။
ရယ်လို့ ဝသွားသောအခါ၌ နျဲ့ပုဖန်က ထပ်ပြော၏။
''တကယ်တော့ မင်းနဲ့ငါကြားမှာ ရန်ငြိုးလည်း ကြီးကြီးမားမားမရှိပဲနဲ့၊ မကျေနပ်တာရှိရင် မင်းကိုယ်တိုင်လာထိုးလို့ ရတယ်လေ၊ အပြင်လူ ရှာစရာမှ မလိုတာ''
''မင်းကိုထိုးရင် ငါ့လက်ညစ်ပတ်သွားမှာ သနလို့ပေါ့ကွ"
''ငါတို့ နမ်းတောင်နမ်းပြီးပြီပဲ။ ညစ်ပတ်ကြေးဆို အဲ့ကတည်းက ညစ်ပတ်နေပြီလေ''
ထိုကိစ္စကို ပြန်အစဖော်လိုက်ခြင်းက လီဟိုက်၏ ဒေါသကို ပိုဆွပေးရာရောက်သွား၏။ လီဟိုက်သည် တစ်လျောက်လုံး ထိုမျှအဆင်အခြင်မဲ့မိုက်မဲသော၊ အန္တရာယ်ကြားမှာပင် အူလှိုက်သည်းလှိုက် ရယ်နေနိုင်သော၊ ကျော်ကြားမှု၊ ဂုဏ်သိက္ခာတွေ ဘာမှမမက်မောသော၊ ထိုကဲ့သို့လူထူးဆန်းမျိုးကို တစ်ခါမှမတွေ့ဖူးခဲ့ပါ။
အမှန်တွင် လီဟိုက်သည် နျဲ့ပုဖန်အပေါ် အငြိုးအတေးရှိ၍ ထိုသို့လုပ်နေခြင်းမဟုတ်ပေ။ သူသည် ရှင်းမပြနိုင်လောက်အောင် လှည့်စားခံလိုက်ရသောကြောင့် ဒေါသထွက်နေခြင်းသာ ဖြစ်ပါသည်။ ဒါ့အပြင် ဒီလောက်မျက်နှာပြောင်တိုက်ဝံ့သော နျဲ့ပုဖန်ကြောင့် သူ့ဒေါသတွေ ထိန်းမရခြင်း ဖြစ်ပါသည်။
''မင်း သောက်ပါးစပ်ကို ပိတ်ထားစမ်း။ ဒီလိုဆိုတော့လည်း ဒီသခင်လေးက မင်းကို ကောင်းကောင်းကြီး ဆုံးမပေးရတာပေါ့''
လီဟိုက်သည် ပြောပြောဆိုဆိုနှင့် ရှည်လျားသော ကြာပွတ်တစ်ခုကို ဆွဲယူကာ နျဲ့ပုဖန်ထံ လျောက်သွား၏။
နျဲ့ပုဖန်မှာ လီဟိုက်ကို အသားနားခံသောအကြည့်ဖြင့် ကြည့်နေရုံသာ တတ်နိုင်ပါတော့သည်။
........
''ဘာ...နျဲ့ပုဖန်ပျောက်နေတယ်''
ကျန်းကျွင်းရှီ ရှော့ခ်ရသွား၏။
လီယီ၏ မျက်နှာကြီးမှာလည်း ညိုမှိုင်းကာနေသည်။
''သူ့ကို ငါ့ညီ ပြန်ပေးစွဲသွားတာတဲ့''
''ဒါဆို ဘာကိုစောင့်နေတာလဲ၊ မြန်မြန် သွားကယ်ရမယ်လေ''
လီဟိုက် အပေါ်တွင် နျဲ့ပုဖန် ဘာတွေ ဆိုးဆိုးရွားရွားလုပ်ခဲ့လဲဆိုတာ ကျန်းကျွင်းရှီ အသိဆုံးဖြစ်သည်။
တကယ်သာ လီဟိုက် ပြန်ပေးစွဲသွားခြင်း ဖြစ်ပါက နျဲ့ပုဖန်တစ်ယောက် ဘယ်လောက် နှိပ်စက်ခံနေရမလဲဆိုတာ တွေးပင်မတွေးဝံ့ပေ။
''သူတို့ ဘယ်မှာလဲဆိုတာ ငါသိတယ် လိုက်ခဲ့''
လီယီသည် ပြောပြီးထွက်သွား၏။
ကျန်းကျွင်းရှီလည်း လိုက်သွားသည်။
နှစ်ယောက်သား သုတ်သုတ်လျှောက်လာခဲ့ရာ ဆိတ်ငြိမ်သော ခြံဝန်းကြီးတစ်ခုဆီ ရောက်လာကြ၏။ ခြံဝန်းထဲသို့ ဝင်လိုက်တယ်ဆိုရင်ပဲ တစ်စုံတစ်ဦး၏ စူးစူးဝါးဝါးအော်ဟစ်သံကို ပီပီသသ ကြားလိုက်ရလေသည်။
ထို့ကြောင့် လီယီနှင့် ကျန်းကျွင်းရှီတို့လည်း အသံလာရာဆီ အရှိန်ဖြင့်ပြေးသွားကာ အခန်းတံခါးကို ကန်ဖွင့်ဖို့လုပ်လိုက်သည်။ သို့သော် တံခါးမှာဖွင့်ထားလျှက် ဖြစ်နေသည်။
အသံမှာ နျဲ့ပုဖန် ကြောက်လန့်တကြား အော်ဟစ်လိုက်ခြင်းဖြစ်သည်။
''ကြောက်စရာကြီး၊ ကြောက်စရာကြီး"
''မင်းဘာဖြစ်သွားသေးလဲ''
ကျန်းကျွင်းရှီလည်း နျဲ့ပုဖန်ကို ရော ဘေးပတ်ပတ်လည်ကိုရော ကြည့်လိုက်ရာ တစစီပြန့်ကျဲနေသော အဝတ်အစားအချို့မှ လွဲ၍ နျဲ့ပုဖန်တွင် ဘာထိခိုက်ဒဏ်ရာမှ ရထားသည်ကို မတွေ့ရပေ။
နျဲ့ပုဖန်က ခေါင်းလေးခါ၍ ပြန်ပြောပြသည်။
''ငါလည်း ဒါမျိုးမဖြစ်စေချင်ပါဘူး ဒါပေမယ့် ငါရုတ်တရက်ကြီး ပြန်ပေးဆွဲခံလိုက်ရတယ်။ ငါကြောက်လန့်ပြီး ကူကယ်ရာမဲ့ဖြစ်နေတုန်း ဒီလိုမျိုးဆိုးဆိုးရွားရွားတွေ ဖြစ်ကုန်တာပဲ''
ဘာတွေ ဆိုးဆိုးရွားရွားဖြစ်သွားလို့လဲ။ နျဲ့ပုဖန်က ဘာမှလည်းမဖြစ်ပဲနဲ့ ဘာတွေပြောနေတာလဲ။
နျဲ့ပုဖန်သည် အပြစ်မဲ့သော သနားစဖွယ်ရုပ်ကလေး ဖြစ်နေသည်။ သူတစ်နေရာသို့ ညွှန်ပြလိုက်သည်။
''ဘာတွေဖြစ်သွားလဲဆိုတာ ငါမပြောပြတတ်တော့ဘူး၊ ကိုယ့်ဘာသာကိုယ်ပဲ ကြည့်ကြပါတော့''
ကျန်းကျွင်းရှီနှင့် လီယီတို့လည်း တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြပြီး နျဲ့ပုဖန် ပြသောနေရာသို့ ကြည့်လိုက်ရာ မြင်ကွင်းမှာ တကယ်ကို ကြောက်ခမန်းလိလိ ဖြစ်နေပါသည်။
ကြက်အုပ်ကြီးတစ်အုပ်ကို တွေ့လိုက်ရခြင်း ဖြစ်သည်။ ၎င်းကြက်အုပ်သည် လူတစ်ယောက်၏ တစ်ကိုယ်လုံးပေါ်တွင်တက်၍ လွှမ်းမိုးထားသောကြောင့် အောက်ကလူမှာ တလှုပ်လှုပ်ဖြစ်နေသော ခြေထောင်နှစ်ချောင်းကိုသာ မြင်ရတော့သည်။
ကြက်အုပ်သည် ၎င်းတို့အောက်က လူအား ထိုးဆိတ်လိုက် လက်သည်းဖြင့် ကုပ်လိုက်လုပ်ကာ အစွမ်းပြနေကြသည်။ ၎င်း၏ တစ်ကိုယ်လုံး၌ ကြက်ဆိတ်ရာများဖြင့် ပြည့်နေမည်ဖြစ်သည်။
တစ်စစီဖြစ်၍ ကြေမွနေသောအဝတ်တွေပေါ်၌ ကြက်မွှေးများလွင့်နေကြသည်။
ကျန်းကျင်းရှီသည် ထိုမြင်ကွင်းအား မကြည့်ရဲ၍ မျက်လုံးကို အုပ်လိုက်မိသည်။
လီယီသည် ညီဖြစ်သူ လီဟိုက်ကို ကယ်ရမယ့်အစား ပါးစပ်အဟောင်းသားဖြင့် တွန့်ဆုတ်နေသည်။ လီဟိုက် ဒီမြင်ကွင်းကို ကိုယ်တိုင်မြင်သွားမှာထက် ကြက်နင်းသတ်ခံလိုက်ရတာမှ ကောင်းဦးမည်ဟု သူတွေးမိသည်။
သူ တကယ်နားမလည်သည်မှာ လီဟိုက်သည် သိုင်းပညာ မတော်သော်လည်း၊ နျဲ့ပုဖန်၏ ကြက်အုပ်နှင့် ထွေထွေထူးထူး ပြဿနာမျိုးမရှိခဲ့ပေ။ သို့ပေမယ့် ဘာကြောင့် ဒီလိုတွေဖြစ်သွားရတာလဲဟု လီယီ နားမလည် ဖြစ်နေရသည်။
နျဲ့ပုဖန်လည်း သနားစိတ်ဖြင့် သက်ပြင်းချလိုက်မိသည်။ သူ့ ကြက်တော်တော်များများသည် အသိဥာဏ်ရှိကာ အဆိပ်ပြင်းကြသည်၊ လီဟိုက်သည် အဆင်ခြင်မဲ့စွာ မှားယွင်းပြဿနာရှာလိုက်မိခြင်း ဖြစ်သည်။
နျဲ့ပုဖန်လည်း လီဟိုက်အတွက် ငြိမ်ပြီး စိတ်မကောင်းဖြစ်ပေးရုံမှတစ်ပါး မတတ်နိုင်ပေသည်။ သူသည် သူ့ကိုယ်သူ ခုခံကာကွယ်ရုံသာ ဖြစ်ပါသည်။
YOU ARE READING
ကြက်သခင် နျဲ့ပုဖန် (Complete ✅)
RandomGong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။