Chapter - 62
တစ္ဆေပွဲတော်က ကြက်နတ်ဘုရား
တစ္ဆေပွဲတော်သည် ရှီရှန်းမြို့အတွက် ကြီးကျယ်သော ပွဲတော် မဟုတ်သော်လည်း
သေးတော့ မသေးပေ။ နံနက် စောစောတွင် စျေးသည် အများအပြားသည် ထူးဆန်းသော အဆင်တန်ဆာ အမျိုးမျိုးနှင့် ထူးထူးဆန်းဆန်းအဝတ်အစားများကို စတင် ပြသ ရောင်းချနေကြ၏။ လူ အများအပြားသည် ဆန်းသစ်ပြီး သပ်ရပ်သော ၀တ်စုံများကို ၀တ်ဆင်ကြကာ ဆွဲဆောင်မှု ရှိသော ရောင်စုံ မျက်နှာချေမှုန့် များဖြင့် ၎င်းတို့၏ မျက်နှာကို လိမ်းခြယ်ထားကြ၍ လမ်းများပေါ်တွင် သရဲနှင့် နတ်ဆိုးများ ဟန်ဆောင်လျှက် သရဲ မျက်နှာဖုံးများကို ကိုယ်စီ ဝတ်ဆင်ထားကြ၏။
ဤကဲ့သို့ ၀တ်ဆင်ခြင်းဖြင့် နတ်ဆိုးများနှင့် သရဲတစ္ဆေ များက ၎င်းတို့အား အန္တရာယ်ဖြစ်စေမည့်အစား ၎င်းတို့နှင့် အတူ ပွဲတော်ကို ပါဝင် ဆင်နွှဲကြသည်ဟု ဆိုကြသည်။ အဲ့နေ့မှာ သရဲတစ္ဆေကို တကယ် မြင်ခဲ့ရင်တောင် သရဲကို လူသားတစ်ယောက်အနေနဲ့ ဆက်ဆံရမှာပါ။ မဟုတ်ပါက ၎င်းဟာ အစစ်အမှန် တစ္ဆေဖြစ်ကြောင်း အထောက်အထားကို ထုတ်ဖော်လိုက်တာနဲ့ သင်ဟာ သရဲတစ္ဆေများ၏ ထာဝစဉ် ခြောက်လန့်ခြင်းကို ခံရမည်။
နေမြင့်လာသည်နှင့်အမျှ လမ်းပေါ်တွင် သရဲတစ္ဆေများနှင့် နတ်ဆိုးများ ပိုများလာကာ လေထုသည်လည်း ပိုမို အသက်ဝင်လာ၍ အားလုံး တက်တက်ကြွကြွဖြင့် စိတ်အားထက်သန်နေကြ၏။ စျေးသည်များသည် ဖောက်သည်များအား ကုန်ပစ္စည်းများ ရောင်းချခြင်း၊ ပြပွဲငယ်များ ပြသခြင်း၊ ဆုတောင်းခြင်းနှင့် ဝတ်ပြုခြင်း၊ ပြဇာတ်ရုံများ၊ နပန်း ပြိုင်ပွဲများလည်း အသီးသီးရှိနေပြီး လမ်းမတို့ပေါ်တွင် လူများဖြင့် ပြည့်ကျပ်နေလေသည်။
ထိုအချိန်တွင် မျက်နှာဖုံးနှင့် အနီရောင် ဝတ်စံာ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် အထွေထွေ ကုန်ပစ္စည်း ရောင်းချသူ တစ်ဦး အရှေ့တွင် ရပ်ကာ ကုန်ပစ္စည်းများကို ကြည့်ရှုနေပုံရ၏။
စျေးရောင်းသူက နွေးထွေးစွာ နှုတ်ဆက်လိုက်သည် -
"ဒီဖောက်သည် ဘာလိုတာလဲ။ ဒီမှာရှိတဲ့အရာတွေအားလုံးက လက်နဲ့ လုပ်ထားတာဖြစ်ပြီး လုံးဝလက်ရာ မြောက်ပါတယ်”
ထိုလူက စကားမပြောဘဲ သွေးစွန်းနေသော အရိုးခြောက်ပန်းပွင့်ကို ကောက်ကိုင်လိုက်၏။
“ကြေးဒင်္ဂါး နှစ်ဆယ့်ငါးပြား ကျပါတယ်။ ကျေးဇူးတင်ပါတယ်” စျေးသည်က ပြုံးစိစိဖြင့် ပြောလိုက်သည်။
အဲ့လူက သူ့ ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေကို ဖြည်းညှင်းစွာ ထုတ်ပြီး လှမ်းပေးလိုက်၏။ စျေးသည်က သူ့ လက်ကို ဆန့်လိုက်ပြီး သူ့အကြည့်တွေက တစ်ဖက်လူရဲ့ လက်ကို အလိုလျောက် ကြည့်မိသွား၏။ တစ်ဆက်တည်း သူ့အပြုံးသည် ခဏမျှ အေးခဲသွားသည်။ ပိုက်ဆံ ကိုင်ထားတဲ့လူရဲ့ လက်ဟာ မီးခိုးပြာရောင် ဖြစ်နေတာကို သူ မြင်လိုက်ရပြီး သူ့ လက်က အရေပြားနဲ့ အသားတွေမှာလည်း ချွန်ထက်တဲ့ ဓားနဲ့ လှီးဖြတ်ထားပုံ ပေါ်နေ၏။ ဒဏ်ရာတစ်ဝိုက်တွင် အနက်ရောင် သွေးစွန်းထင်းမှုများလည်း ရှိနေဆဲဖြစ်ပြီး၊ အမျိုးသား၏ ၀တ်ရုံ အင်္ကျီဆင်မြန်းထားပုံဟာလည်း အထူးကြောက်စရာကောင်းနေသည်။
စျေးရောင်းသူမှာ အနည်းငယ် တုန်ရီသွားသော်လည်း သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားရသည်။ လူအများစုသည် သရဲတစ္ဆေများ အဖြစ် ၀တ်ဆင်ကြသောအခါတွင် ၎င်းတို့၏ မျက်နှာမိတ်ကပ်နှင့် အဝတ်အစားများကိုသာ အာရုံထားပြီး လက်နှင့် ခြေတို့ကို ပကတိအတိုင်း ဘာမှ လိမ်းခြယ်လေ့ မရှိကြပေ။ မျက်နှာချေ အရောင်စုံကိုသာထူထူလိမ်းပြီး အသွင်အပြင် ထူးဆန်းအောင် အလှတရားကို အသားပေး၍ ချယ်သကြလေသည်။ သို့သော် သူ့ အရှေ့က ပုဂ္ဂိုလ်၏ လက်မှာ အလွန်ထူးဆန်းနေ၏။
သူ တကယ် သရဲတစ္ဆေနဲ့ တွေ့ခဲ့တာ ဖြစ်နိုင်မလား။ စျေးရောင်းသူသည် ရုတ်တရက် အေးစက်ခြင်းကိုသာ ခံစားလိုက်ရပြီး ၎င်း၏ ပတ်ဝန်းကျင်ရှိ သက်ဝင် လှုပ်ရှားမှုတို့ကပင် သူ၏ ကျောချမ်းမှုကို ပျောက်ကွယ်သွားစေနိုင်မည် မဟုတ်ပေ။ သူ့အကြည့်က အပေါ်ကို ဖြည်းဖြည်းချင်း ရွေ့လျားသွားပြီး တဖက်လူရဲ့ မျက်နှာပေါ်က နတ်ဆိုးမျက်နှာဖုံးကို ကြောင်ကြည့်နေပြီးနောက် ၎င်း၏ လည်ပင်းပေါ်မှ အရေပြားတွေကလည်း အပြာရောင် - မီးခိုးရောင် ထင်းနေသော သွေးကြောတွေနဲ့ သွေးတွေ စွန်းထင်းနေတာကို သတိထားမိလိုက်၏။
စျေးရောင်းသူမှာ လုံးဝ တောင့်တင်းသွားသည်။ ၎င်းပုဂ္ဂိုလ်က ငွေပေးချေပြီး ထွက်ခွာသွားသည့် အချိန်တစ်လျှောက်လုံး စျေးသည်မှာ ဘာအသံမှ မထွက်နိုင်အောင် ဆွံ့အနေခဲ့၏။
ခဏအကြာ သူ့ လက်ထဲက ပိုက်ဆံတွေကို ငုံ့ကြည့်လိုက်တော့ သူ မြင်လိုက်ရတာကြောင့် သူ့ နှလုံး ခုန်နှုန်းဟာ ပိုမြန်လာခဲ့သည်။ ၎င်းတို့မှာ ကြေးနီ ဒင်္ဂါးအချို့နှင့်အတူ မီးရှို့ထားသော ငွေစက္ကူများ ဖြစ်ပြီး အချို့မှာ သွေးများဖြင့်ပင် စွန်းထင်းနေ၏။
ရောင်းသူသည် သူ့ ဆိုင်ဘေးရှိ စျေးရောင်းသူအား စိတ်လှုပ်ရှားစွာ ဆွဲခေါ်သွားပြီး ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ကယောင်ကတမ်း ပြန်ပြောပြလေသည်။
ဒါကို ကြားပြီးနောက် တစ်ခြား စျေးသည်က ချက်ချင်း တိုးတိုး ပြောလိုက်သည်။
“မင်း ရူးနေလား၊ ဒီလို နေ့မျိုးမှာ ကမ္ဘာပေါ် တကယ့်တစ္ဆေ ပေါ်လာရင်တောင် တစ္ဆေလို့ ပြောလို့ မရဘူးလေ၊ မင်း ခြောက်လှန့် မခံရအောင် သတိထားပြီးနေ''
ထို့ကြောင့် စျေးသည်လည်း လန့်ပြီး မပြောရဲတော့ပေ။
သို့သော် သူ ပြောသည့် စကားသည် အမှတ်မထင် ပျံ့နှံ့သွားခဲ့ပြီး အတင်းအဖျင်း ပြောသူများစွာ ကြားတွင် ထိုကိစ္စသည် ပြောစမှတ် တစ်ခု ဖြစ်သွားခဲ့၏။
ကောလဟာလတွေက ပိုကျယ်ပြန့်သွားပြီး ထိုတစ္ဆေပုဂ္ဂိုလ်၏ အသွင်သဏ္ဍာန်ကို လူတော်တော်များများ သတိထားမိခဲ့ကြသည်။
မျက်နှာဖုံး၊ အနီရောင်ဝတ်လုံ၊ မီးခိုးပြာရောင်အရေပြားနှင့် စက္ကူပြာများ၊ သွေးများဖြင့် စွန်းထင်းနေသော ဒင်္ဂါးပြားများ...စသဖြင့်။
နျဲ့ပုဖန်သည် မုန့်ပေါင်းဆိုင်တွင် ရပ်ကာ မုန့်ပေါင်းကို တိတ်တဆိတ် ကြည့်နေ၏။
"ဖောက်သည်၊ မင်းက ဘာကို မှာချင်တာလဲ။ ငါတို့ဆိုင်က မုန့်ပေါင်း၊ ဖက်ထုပ်၊ ပဲယာဂုတွေ မျိုးစုံရောင်းတယ်" ဆိုင်ရှင်က မှုန်ကုပ်ကုပ်နဲ့ မေးလိုက်၏။
“အသားပေါင်း တစ်လုံး” နျဲ့ပုဖန်ကလည်း မှုန်ကုပ်ကုပ်နဲ့ ပြန်ဖြေသည်။
“ကောင်းပြီ” ဆိုင်ရှင်က မုန့်ထုပ်ကို ထုပ်ပြီး “ဒင်္ဂါးသုံးပြား၊ မင်းရဲ့ အားပေးမှုကို ကျေးဇူးတင်ပါတယ်”
နျဲ့ပုဖန်က မုန့်ကိုယူခဲ့ပေမယ့် ပိုက်ဆံ မပေးချေ။ ယင်းအစား သူသည် မျက်နှာဖုံးကို တစ်ဝက်တစ်ပျက် လှစ်ဟလိုက်ပြီး ကြောက်မက်ဖွယ်ရာ အမာရွတ်ရှိသော မေးစေ့နှင့် အနက်ရောင် ပါးစပ်ကို ဖော်ပြလိုက်သည်။
ဆိုင်ရှင်လည်း တစ်ဖက်က ပိုက်ဆံ မပေး၍ မော့ကြည့်လိုက်ရာ မုန့်ကို ပါးစပ်ကျယ်ကျယ်နဲ့ ကိုက်နေသော ကြောက်မက်ဖွယ်ရာ သဏ္ဍာန်ကို တွေ့လိုက်ရလေသည်။ ချက်ခြင်းပင် သူသည် ထိတ်လန့်သွားကာ ကျယ်လောင်စွာ မအော်မိအောင် မနည်းထိန်းထားလိုက်ရ၏။
အမဲသား ပေါင်မုန့်ကို စားပြီးနောက် နျဲ့ပုဖန်က “ဟင်းရွက်ပေါင်း တစ်လုံး ထပ်ပေးပါ” ဟု ထပ်မံပြောလိုက်သည်။
ဆိုင်ရှင် အနည်းငယ် ကြောင်သွားပြီး ဟင်းရွက်ပေါင်မုန့်ကို တုန်တုန်ယင်ယင် ပေးလိုက်သည်။ နျဲ့ပုဖန်က ခဏလောက် ငြိမ်နေပြီးမှ "သကြားဖြည့်ထားတဲ့ မုန့်တစ်ထုပ်" ထပ်တောင်းပြန်သည်။
အားလုံးကို တစ်ပြိုင်နက် အော်ဒါမှာလို့ မရဘူးလား။ ဆိုင်ရှင်က ကြောက်လန့်တကြား တုန်လှုပ်သွားသော်လည်း မညည်းညူဝံ့ပေ။ သူသည် တိတ်တိတ်ဆိတ်ဆိတ်သာ နေခဲ့ရပြီး ဘုရားတဆူဆူ လာကယ်တင်ပါစေဟုသာ ကြိတ်၍ ဆုတောင်းနေရ၏။
ထိုအချိန်တွင် မုန့်ပေါင်း ဝယ်ရန် အခြားဖောက်သည်တစ်ဦး ရောက်လာသောအခါ ဆိုင်ရှင်မှာ ထိုသူအား ကမန်းကတန်း သွားနှုတ်ဆက်လိုက်၏။ သို့သော် မမျှော်လင့်ဘဲ ထိုသူလည်း နျဲ့ပုဖန်ကို တွေ့ပြီးနောက် ချက်ချင်း ထွက်ပြေးသွားခဲ့သည်။
သည်လိုပဲ ထပ်ခါထပ်ခါ ဖြစ်ပျက်ခဲ့ပြီး နောက်ဆုံးမှာတော့ နျဲ့ပုဖန် ရှိရာကို ဘယ်သူမှ ချဉ်းကပ်ဖို့ သတ္တိ မရှိခဲ့ကြပေ။ မုန့်ပေါင်း ဆိုင်ကို သူတစ်ယောက်တည်း ချုပ်ကိုင်ထားပြီး ဆိုင်ရှင်က ငိုချင်သော်လည်း မျက်ရည်မကျရဲ ဖြစ်နေရသည်။
မုန့်သုံးလုံး စားပြီးနောက် နျဲ့ပုဖန်သည် ဗိုက်ပြည့်လာသောကြောင့် အိတ်ကပ်ထဲကို နှိုက်ကာ ပိုက်ဆံကို ထုတ်ပေးလိုက်၏။
သို့သော် ဆိုင်ရှင်က “မလိုပါဘူး ခင်ဗျာ..ဒါအလကား ဒါန ပြုလိုက်တာပါ ကျေးဇူးပြုပြီးကောင်းကောင်းသွားပါတော့'' ဟူ၍ တောင်းတောင်းပန်ပန်ဖြင့် ငိုလုနီးပါး မျက်နှာနှင့် ပြောလိုက်၏။
နျဲ့ပုဖန်သည် အစားအသောက်အတွက် ကျသင့်ငွေမပေးရခြင်းမှာ သိက္ခာမဲ့သည်ဟု ခံစားမိသောကြောင့် စောစောက သူ ဝယ်ခဲ့သော နတ်ဆိုးပုံများ ရေးထွင်းထားသည့် ကြေးမှန် တစ်ချပ်ကို ပေပြီးနောက် ထွက်သွားခဲ့သည်။
ဆိုင်ရှင်သည် မရေမတွက်နိုင်သော သရဲတစ္ဆေပုံသဏ္ဍာန်များ ရေးဆွဲထားသည့် ဤကြေးကြေးမှန်ကို ကြည့်ကာ သူ့ နှလုံးသားထဲက လှိုက်လှိုက်လှဲလှဲ ငိုပါလေတော့သည်- ကျေးဇူးပြုပြီး ထပ်မလာနဲ့တော့။
အဝေးကနေ နျဲ့ပုဖန် နောက်ကို လိုက်နေတဲ့ ဝမ်ရှင်းချန် ကတော့ ခေါင်းယမ်းလိုက်၏။
သည်ကောင်က တကယ် ဆိုးလွန်းတယ်။
အမှန်တကယ်တော့ နျဲ့ပုဖန်ဟာ ခန္ဓာကိုယ်ပေါ်ရှိ အရေပြား အားလုံးကို မိတ်ကပ် လိမ်းထားခြင်းဖြစ်သည်။ အဓိက,က သူ မိတ်ကပ်လိမ်းတာက အရမ်းမိုက်ပြီး ဂရုတစိုက် မကြည့်ရင် အတုအစစ်မှန်းတောင် မသိနိုင်။ ထို့ကြောင့် ညဘက်ဆိုရင် လူသေစေလောက်တဲ့အထိ ကြောက်ဖို့ ကောင်းနေခြင်း ဖြစ်သည်။
သူသည် လမ်းများပေါ်တွင် လှည့်လည်ကာ လူစုလူဝေးအကြား ဖြတ်သွားသောအခါ အခြားသူများကသူ့ကို ကြည့်၍ သေလောက်တဲ့အထိ ကြောက်ရွံ့နေကြသည်။ သို့သော် ထိုလူများသည် ထိတ်လန့်ကာ မူးလဲလု နီးပါး ဖြစ်နေသည့်တိုင် သူတို့ ဘာမှ မပြောဝံ့ကြပေ။ ဤအရာ အားလုံးကို တွေ့နေရသော ဝမ်ရှီချန်းမှာ ရယ်ရမလား၊ ငိုရမလား မသိ။
ရှီရှန်မြို့၏ ဈေးက မကြီးမားပေ။ ထို့ကြောင့် တစ်မနက် အကြာတွင် ဤ “အစစ်အမှန်” သရဲတစ္ဆေအကြောင်း ကောလာဟလများ တဖြည်းဖြည်း ကျယ်ပြန့်လာသည်။ ထို့ကြောင့် နောက်ပိုင်းတွင် အနီရောင် ၀တ်ထားသူ မည်သူ့ကို မဆို လူတိုင်းက အထူး ဂရုပြုခဲ့သည်။
လီယီ၊ ကျန်းကျွင်းရှီ နဲ့ တခြားသူတွေကတော့ ဈေးထဲမှာ လျောက်သွားကာ အိမ်ပြေးတစ်ကောင်ကို ရှာနေခဲ့ကြ၏။
နျဲ့ပုဖန်၏ ဤဇာတ်ကောင် စရိုက်ဖြင့် လှုပ်ရှားနေသော နေ့တစ်နေ့တွင်၊ သူ အပြင်ထွက်တိုင်း လူများက မကြောက်ရွံ့ဖို့ မတတ်နိုင်ကြပေ။ ဒါ့အပြင် လူအများစုသည် မိတ်ကပ် သို့မဟုတ် မျက်နှာဖုံးများ ဝတ်ဆင်ထားခြင်းကြောင့် ရှာနေသူများအဖို့ နျဲ့ပုဖန်ကို ရှာဖွေရန် အခက်တွေ့စေမည်မှာ သေချာလေသည်။
တစ်ဖက်တွင် ဝေဒီသည် ကြက်သိုက်ကျေးရွာသို့ သွားရောက်ကာ စုချန်းယီနှင့် တွေ့ဆုံခဲ့၏။ သူ တော်တော် ကံကောင်းသည် ဆိုရမည်။ သူသွားစဥ်မှာ ကြက်အများစုဟာ ရွာနဲ့ အလှမ်းဝေးတဲ့နေရာမှာ ကျက်စားနေသည့်အတွက် ရွာသို့ ဝင်ရန် အခက်အခဲ မရှိခဲ့ပေ။
အချို့သော အကြောင်းအရာများကို ဆွေးနွေးပြီးနောက် ကြက်သိုက်ကျေးရွာမှ ရွာသူကြီးနှင့် တွေ့ဆုံရန် စီစဉ်ခဲ့သည်။ ဒါပေမယ့် ကံမကောင်းစွာပဲ ရွာလူကြီးဟာ အဲ့နေရာမှာ မရှိတာကြောင့် သူ ရှီရှန်မြို့ကို ပြန်သွားခဲ့ရသည်။
"ဒွမ်ယုကို ရှာတွေ့ပြီလား" ဝေဒီက အိမ်ပြန်ရောက်တာနဲ့ အစေခံတွေကို မေး၏။
အစေခံတစ်ယောက်က ဦးညွှတ်ပြီး ''မတွေ့ သေးဘူး” လို့ ပြန်ဖြေသည်။
ဝေဒီ ဒေါသ မထွက်ခင်မှာ ထိုအစေခံက “ဒါပေမယ့် ဒွမ်ယုရဲ့ ကြက်ကို ကျွန်တော်တို့ ဖမ်းမိခဲ့တယ်” ဟုလျောက်တင်လိုက်သည်။
ဝေဒီသည် ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ရာ လက်ထဲတွင် ကြက်အညိုရောင်အား ကိုင်ဆောင်ထားသော အခြား အစေခံတစ်ဦးကို တွေ့လိုက်ရသည်။ ကြက်မကြီးက သူတို့အား ပြင်းထန်သောအကြည့်ဖြင့် ကြည့်နေ၏။
အမှန်ပင် ပိုးကောင်လေးဟု ခေါ်သော ကြက် ဖြစ်သည်။
ဝေဒီက မျက်မှောင်ကြုတ်ကာ “ဒါဆို ဒီကြက်ကို ဖမ်းပြီးတော့ ဘာဆက်လုပ်မှာလဲ”
အမှုထမ်းက “ကျွန်တော်တို့ ကြက်ကို လမ်းပေါ်မှာ ခေါ်သွားကြမယ်၊ သခင်လေး ဒွမ်ယုသာ တွေ့ရင် သူကြက်ကို ပြန်ခိုးယူဖို့ နည်းလမ်း ရှာလိမ့်မယ်”
ဝေဒီက သဘောမတူခင် ခဏလောက် စဉ်းစားလိုက်သည်။
အစေခံသည် ကြိုးတစ်ချောင်းကို ထုတ်၍ ပိုးကောင်လေး၏ လည်ပင်းတွင် ကြိုးဖြင့် ပတ်ကာ အခြားတစ်ဖက်မှ ဆွဲထုတ်၍ အပြင်သို့ အတင်းဆွဲထုတ်ခဲ့သည်။
ဝေဒီသည် အိမ်အကူတစ်ဦး ပေးအပ်လာသော မျက်နှာဖုံးကို ဝတ်ဆင်ကာ အနောက် ခပ်လှမ်းလှမ်းမှ လိုက်သွားခဲ့သည်။
သူတို့ ထွက်သွားပြီးနောက် ပန်းပွင့် မိန်းကလေးနှင့် ရွှေခဲတို့သည် အမှောင်ထဲမှ ထွက်လာပြီး ၎င်းတို့၏ မျက်လုံးများ၌ ထက်ရှသော ဓားဖြင့် အားလုံးကိုခုတ်ပိုင်းလိုသော အရိပ်ရောင်များ ရှိနေလေသည်။ ထို့နောက် ၎င်းတို့က တစ်ယောက်ကို တစ်ယောက် တစ်ချက် ကြည့်လိုက်ပြီး တစ်ချိန်တည်းမှာပင် လမ်းကြားထဲသို့ လှည့်ဝင်၍ ပျောက်ကွယ်သွားကြသည်။
နေ့ခင်းဘက်တွင် နျဲ့ပုဖန်သည် လျှောက်သွားရင်း မောပန်းလာသဖြင့် ထိုင်ပြီး အနားယူရန် နေရာရှာခဲ့၏။ ဝမ်ရှင်းချန်ကတော့ မနီး၊ မဝေး သစ်ပင် တစ်ပင်ကို မှီကာနေသည်။
နျဲ့ပုဖန် ထိုင်လိုက်သည်နှင့် အနီးနားရှိ လူတိုင်းဟာ အစအန မကျန်အောင် ထွက်ပြေးသွားကြပြီး မကြာမီတွင် သူ့ ပတ်ဝန်းကျင်၌ လေဟာနယ် တစ်ခုသာကျန်ခဲ့တော့၏။
နျဲ့ပုဖန်က ထိုသူတို့ကို လုံးဝ စိတ်မ၀င်စားဘဲ ကိတ်မုန့်ပြား တစ်ချပ်ကို ကိုင်ကာ မြှောက်၍ ဝမ်ရှင်းချန်ကို လှမ်းမေးလိုက်၏။
"ကိတ်မုန့်ပြားလေး စားချင်လား"
"မလိုပါဘူး။"
ထို့ကြောင့် နျဲ့ပုဖန်သည် မုန့်ကို သူ့ဘာသာသူ စားပြီး သူ့ ပါးစပ်တစ်ဝိုက်ရှိ မိတ်ကပ်အချို့ကိုပင် မတော်တဆ မျိုချမိသည်။ မိတ်ကပ်တွေ လိမ်းကျံထားပြီး ပုံပျက် ပန်းပျက် ဖြစ်နေပုံမှာ အရင်ကထက် ပိုထူးဆန်းနေပြန်သည်။
ယေဘုယျအားဖြင့် အနီရောင် ဆေးရေဟာ အဆိပ်ပြင်း၏။ သို့သော် နျဲ့ပုဖန်က မိတ်ကပ် လိမ်းဖို့အတွက် သေသေချာချာ ပြင်ဆင်ခဲ့ပြီး သူ့ ခံတွင်းတစ်ဝိုက်က မိတ်ကပ်တွေကို ဟင်းသီးဟင်းရွက်၊သစ်သီးဝလံ မျိုးစုံ ဖျော်ရည်နဲ့ ချက်ပြုတ်ထားပြီး အသားက ရတဲ့ အဆီတွေနဲ့ ရောစပ် ပြုလုပ်ထားတာကြောင့် ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေတဲ့ အရာတွေကို စားသုံးမိမှာ စိုးရိမ်စရာ မလိုချေ။
ဒါ့အပြင် သူက သူ့ မိတ်ကပ်ကို ထိန်းသိမ်းဖို့အတွက် နှမ်းငပိနဲ့ သကြားနီရေ အနည်းငယ်ကို တိတ်တဆိတ် ယူလာခဲ့ပြီး ခဏခဏ ပြန်လည်ချယ်သခဲ့၏။ ကိတ်မုန့်ပြားကို စားလိုက်တဲ့အခါ သူ့ပါးစပ်ထောင့်က အရည်တွေ ပျက်သွားခဲ့၏။
ဤအခိုက်အတန့်တွင် ရုန်းရင်းဆန်ခတ် အော်ဟစ်သံများ၊ ကျိန်ဆဲသံများနှင့် တိုက်မိသည့် အသံများသည် အဝေးမှ အနီးသို့ ဒီလှိုင်းများကဲ့သို့ ရောက်ရှိလာသည်။
နျဲ့ပုဖန်က မတ်တပ် ထရပ်လိုက်ပြီး အဝေးမှ နေရာ၌ ဖုန်မှုန့်များ ထောင်းထောင်းထ နေသည်ကို တွေ့လိုက်ရ၏။ လူ အများအပြားလည်း ထိတ်လန့်တကြားနဲ့ သူ ရှိရာ ဘက်ခြမ်းကို ပြေးလာနေကြသည်။ ဤ ပရမ်းပတာ အသံများ ကြားတွင် ကြက်သံအချို့ ပါဝင်နေတာကို လည်းကြားရသည်။
ကြက်အော်သံတွေလား။
နျဲ့ပုဖန်သည် သူ့ ဘေးနားရှိ သားရဲပုံ သဏ္ဍာန် ကျောက်ရုပ်ထုပေါ်သို့ အမြန်တက်ကာ အဝေးကို လှမ်းကြည့်လိုက်သည်။ ဧကန်စင်စစ်၊ သူသည် ကြက်များစွာ ကြားတွင် ပြေးလွှားခုန်ပေါက်နေသော လူအုပ်ကို မြင်ခဲ့သည်။ သူ့ကြက်သိုက်ရွာမှ ကြက်များဖြစ်ကြောင်း တစ်ချက်ကြည့်တာအတည်ပြု လိုက်၏။ သာမန်ကြက်တစ်ကောင်သည် နံရံများပေါ်မှ ပျံတက်ကာ လျှပ်စီးကဲ့သို့ လျှင်မြန်စွာ ရွေ့လျားရန် မဖြစ်နိုင်ပေ။
ကြက်များမှာ တညီတညွတ်တည်း လှုပ်ရှားကြပြီး အရေအတွက်အားဖြင့် သုံးဆယ်ခန့်ရှိ၏။
လိုက်ဖမ်းတဲ့ ရဲမက်တွေထဲမှာ တစ်ယောက်က ကြက်တစ်ကောင်ကို လက်ထဲမှာ ကိုင်ထားသည်။ သူတို့ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရင် ၎င်းတို့က ဝေဒီရဲ့ လူတွေ ဖြစ်နိုင်သည်။
နျဲ့ပုဖန် အနည်းငယ် လန့်သွားသည်။ ဝေဒီ က သူ့ကြက်ကို ရှာပြီး တကယ် ဖမ်းနိုင်ခဲ့တာပဲ။
ဝေဒီ၏ လူစုသည် ကိုယ်ခံပညာ စွမ်းရည်မြင့်မားပြီး ယေဘူယျအားဖြင့် ကြက်တစ်ကောင် အင်အားဖြင့် ၎င်း၏ ပြိုင်ဘက် မဖြစ်နိုင်သောကြောင့် ပန်းပွင့် မိန်းကလေး နှင့် ရွှေခဲတို့က ကြက်သိုက်ရွာ မှ ကြက် သူငယ်ချင်း တစ်စုကို တပ်ကူသွား ခေါ်ခဲ့ဟန်တူသည်။
ကြက် အားလုံးက ပိုးကောင်လေးကို ဖမ်းထားကြတဲ့ အစောင့်တပ်ဖွဲ့အား ဝိုင်းတိုက်ခိုက်နေကြသည်။ဒါဟာ ၎င်း အစောင့်အဖွဲ့၏ ကံဆိုးမှုပဲ ဖြစ်၏။ ပိုးကောင်လေး၏ အဆွေ ခင်ပွန်းအနေဖြင့် ပန်းပွင့် မိန်းကလေးသည် ရူးသွပ်ပြီး အနိုင်ကျင့်တတ်သော်လည်း ၎င်းတွင် အလွန် ကာကွယ်ပေးတတ်သော အမူအကျင့်များ ရှိပေသည်။ နျဲ့ပုဖန်က လွဲရင် သူ့ ကြက်မိတ်ဆွေကို မည်သူမှ အနိုင်မကျင့်စေရပေ။
ဒါ့အပြင် ပန်းပွင့် မိန်းကလေးသည် ကြက်သိုက်ရွာ တွင် ပထမဆုံး မျိုးပြောင်းကြက် ဖြစ်ပြီး အလွန်ထက်မြက်သူ ဖြစ်သည်။ ကြက်သိုက် ကျေးရွာ၏ ဂုဏ်သိက္ခာသည် ရွာသူကြီး နျဲ့ ပြီးလျှင် သူကဒုတိယဖြစ်၏။ ထို့အပြင် ဤကြက်အုပ်စုသည် ပရမ်းပတာ၏ သောင်းကျန်းမှုတွင် ဆရာသခင်များ ဖြစ်သောကြောင့် မဆိုင်းမတွဘဲ သဘာဝအတိုင်း မိတ်ဆွေ ကြက်ကို ကယ်ဆယ်ရန် ပါဝင်ခဲ့ကြလေသည်။
ဝေဒီနဲ့ တခြားသူတွေ လမ်းလျှောက် ထွက်ပြီး တစ်နာရီ အကြာမှာပဲ ကြက်အုပ်စုက ပြင်းပြင်းထန်ထန် အော်ဟစ် တိုက်ခိုက်ခြင်းကို ခံရလေ၏။
ထို့နောက် နျဲ့ပုဖန် မြင်လိုက်ရသည့် မြင်ကွင်းကို ရောက်လာသည်။ လမ်းဘေး ဈေးတစ်ခုလုံး ကြက်များ၊ ဖုန်မှုန့်များနှင့် ကြက် အမွေးအစများဖြင့် လွှမ်းခြုံထားသည်။ ရှင်းရှင်းနှင့် ပြီးပြည့်စုံစွာ အုတ်အော်သောင်းနင်း ဖြစ်နေ၏။
ဝေဒီ၏ အခြွေအရံများသည် အခြေအနေ မဟန်သောကြောင့် ထွက်ပြေးကြပြီး ကြက်များက ခုန်ပျံ၍ ၎င်းတို့အား လက်သည်းများဖြင့်လက်သည်းများဖြင့် ကုတ်ခြစ် တိုက်ခိုက်ကြသည်။
သူတို့တွေ နီးကပ်လာတာကို မြင်တော့ နျဲ့ပုဖန်က သူ့ မျက်နှာဖုံးကို ဆွဲချွတ်လိုက်ပြီး "အဲ့ ကြက်ကို ချလိုက်"
ဟု အော်ဟစ် အမိန့် ပေးလိုက်၏။
အသံ၏ ရင်းမြစ်ကို လိုက်ကြည့်ရာ ကြီးမားသော သားရဲ ရုပ်ထုပေါ်တွင် ရပ်နေသည့် ဆံပင်ဖြူဖြူ၊ အပြာရောင် မျက်နှာနှင့် ရွှဲရွှဲတောက်နေသော မျက်လုံးပြူးပြူး အစုံရှိပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျနေကာ လက်တစ်ဖက်က သွေးစွန်းနေသော အရိုးပန်ကာကို ကိုင်ထားသည့် ပုဂ္ဂိုလ်အား တွေ့လိုက်ရသည်။ အနီရောင် တောက်တောက် ၀တ်ရုံကို ၀တ်ဆင်ထားပြီး ခန္ဓာကိုယ်က လေထဲတွင် လွင့်ပျံနေဟန်ရှိ၏။ နေဝင်ချိန်၏ လိမ္မော်ရောင်အလင်းရောင်အောက်တွင် သူသည် နတ်ဆိုးတစ်ကောင်သဖွယ် အသက်ဝင်လှသည်။
အားလုံးက ချက်ခြင်း ငြိမ်သွားကာ အသက်ရှုဖို့ပင်မေ့မျော၍ သူ့ကို မော့ကြည့်နေကြသည်။
အနီရောင် ဝတ်ရုံ နတ်ဆိုးက လူအုပ်ကို လက်ညှိုး ထိုးပြပြီး “ဒီကို အခုလာခဲ့” ဟု အော်လိုက်သည်။
လူတိုင်းက သူ့ကို ခေါ်နေတယ် ထင်ပြီး မလှုပ်ရဲကြပေ။
သို့သော် မမျှော်လင့်ဘဲ၊ ရုန်းရင်းဆန်ခတ် ဖြစ်နေကြသော ကြက်အုပ်သည် လူအုပ်ထဲမှ တစ်ကောင် ပြီး တစ်ကောင် ထွက်လာပြီး အနီရောင် ဝတ်ရုံနတ်ဆိုး အနားသို့ နာခံစွာ လျှောက်သွားကြသည်။
သည်မြင်ကွင်းကို အားလုံးက ကြောင်တောင်တောင်နဲ့ ကြည့်နေကြ၏။
အနီရောင် ဝတ်ရုံ နတ်ဆိုးက အရှေ့ကလူ အနည်းငယ်ဆီသို့ ဒေါသတကြီးနဲ့ ထပ်ပြီး အမိန့်ပေးလိုက်သည်။
“အဲ့ ကြက်ကို လွှတ်လိုက်စမ်း”
မျက်လုံးပြူးများဖြင့် အကြောင်သား ဖြစ်နေသော အစောင့်မှာ တုံ့ပြန်ရန် မေ့မျောနေသည့် အလား။ ချက်ချင်းပင်၊ ကြက်များသည် မငြိမ်မသက်ဖြစ်လာကာ အတောင်များ ဖြန့်ကာ လူကို ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
အစောင့်လည်း လန့်ဖျပ်သွားပြီး ပိုးကောင်လေးကို အမြန်လွှတ်လိုက်သည်။ ပိုးကောင်လေးသည် မောက်မာစွာဖြင့် ကြက်အုပ်စုထဲသို့ ပြေးမသွားခင်မှာ ၎င်းကို ကောင်းကောင်း ကန်ပစ်ခဲ့သေးသည်။
လူတိုင်း၏ လန့်ဖျပ်သော အကြည့်အောက်တွင် အနီရောင် ဝတ်ရုံ နတ်ဆိုးသည် မတ်တတ် ရပ်မြဲရပ်နေ၏။ သူ၏ ဝတ်ရုံကြိုးများမှာ လေထဲတွင် တဖျပ်ဖျပ် လွင့်နေသည်။ ထိုအချိန်တွင် နေဝင်ပြီး ကောင်းကင်သည် တဖြည်းဖြည်း မှိန်လာ၏။ ပတ်ဝန်းကျင်ကို ဖြတ်တိုက်ခတ်သွားသော အုံ့မှိုင်းမှိုင်း လေပြင်းများနှင့်အတူ ပေါင်းစပ်လိုက်သောအခါတွင် အရာအားလုံးသည် ကြောက်မက်ဖွယ် တစ္ဆေသတ်ကွင်းထဲသို့ ရောက်နေသည့် အလားပင်။
သူက ထပ်ပြောလိုက်သည်။
“မင်းတို့ ကြက်တွေ ထပ်ဖမ်းတာ တွေ့ရင် မင်းတို့ကို ကြက်စာ ကျွေးပစ်မယ်”
အစောင့်များသည် တုန်လှုပ် ခြောက်ခြား သွားကြသည်။
အနီရောင် ဝတ်ရုံ နတ်ဆိုးက သူ့ အင်္ကျီလက်တွေကို ဝှေ့ယမ်းပြီး “သွား” ဟု အမိန့်ပေးလိုက်ရာ
ကြက်များသည် အမိန့်နာခံကာ ခုန်ပျံ၍ ထွက်သွားကြသည်။ ခဏကြာတော့ ၎င်းတို့အားလုံး မျက်စိရှေ့မှ ပျောက်ကွယ်သွားတော့၏။
အနီရောင် ဝတ်ရုံ နတ်ဆိုးက သူ့ မျက်နှာဖုံးကို ပြန်ဝတ်ပြီး ကျောက်ရုပ်တု ပေါ်ကနေ ဟန်မပျက် ခုန်ဆင်းကာ ပျောက်ကွယ်သွားလေသည်။
မြေမှုန့် အားလုံး ပြေသွားသောအခါ၊ တစ်စုံတစ်ယောက်သည် တုန်လှုပ်သော အသံဖြင့် “မင်း မြင်လား။ တကယ်ပဲ သူက ကြက်တွေကို ညွှန်ကြားနိုင်တယ်"
"ဒါဆို...သူက တကယ် တစ္ဆေ တစ်ကောင်လား''
"မြတ်စွာဘုရား၊ ကယ်တော်မူပါ။ ငါ သူ့ကို အဲ့ပန်ကာကို ရောင်းလိုက်တယ်"
"သူ ငါ့ ပေါင်မုန့်တွေတောင် လာစားသွားသေးတယ်''
"ငါတို့ ဘာလုပ်သင့်လဲ။ ငါတို့ ဘာမှ မမြင်ခဲ့သလို ဟန်ဆောင်သင့်လား”
"ဘာမှ မမြင်ဘူး၊ ဘာမှ မတွေ့ဘူး"
"ဟုတ်ပြီ၊ သွားရအောင်၊ မြန်မြန် သွားရအောင်"
"အင်း၊ ငါ ကြက်သား မစားတော့ဘူး...."
လူအုပ် လူစု ကွဲသွားမည့် အချိန်ကို ကျောက်ရုပ်ထုအကွယ်ကနေ ချောင်းကြည့်နေသော အနီရောင်ဝတ်ရုံနှင့် လူတစ်ယောက် ရှိနေသည်ကိုတော့မည်သူမှ မသိခဲ့ကြပေ။
ဤသို့ဖြင့် ထိုနေ့မှစ၍၊ ကြက် နတ်ဘုရားနှင့် ပတ်သက်သော ဒဏ္ဍာရီ ပုံပြင်သည် ရှီရှန်းမြို့တွင် ပျံ့နှံ့သွားခဲ့သည်။ တစ္ဆေပွဲတော်နေ့ ရောက်တိုင်း လူတိုင်းက ကြက်သတ်ခြင်းမှ ရှောင်ကြဉ်ကြလေတော့၏။
YOU ARE READING
ကြက်သခင် နျဲ့ပုဖန် (Complete ✅)
RandomGong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။