Chapter - 65
ထိုးစစ် ခံစစ် မဟာမိတ်
နောက်တစ်နေ့ နျဲ့ပုဖန် နိုးလာသောအခါတွင် သူသည် သူ့အိမ်၏ ကုတင်ပေါ်၌ လဲလျောင်းလျှက်ရှိနေပြီး ခန္ဓာကိုယ်လည်း သန့်ရှင်း လန်းဆန်းကာ နာကျင် ကိုက်ခဲမှုမှ လွဲ၍ အခြားမည်သည့် ဝေဒနာမှ မရှိသည်ကို တွေ့လိုက်ရသည်။
ဝမ်ရှင်းချန်က စာအုပ်ဖတ်ရင်း ထိုင်နေ၏။ ပြတင်းပေါက်မှ နေရောင်ခြည်သည် သက်ရှိသတ္တဝါ အားလုံး အလင်းပြနေသော ဗုဒ္ဓအလင်းရောင်ကဲ့သို့ သူ့အပေါ်၌ နေရောင်ခြည်က ဖျာကျနေ၏။
နျဲ့ပုဖန်က ပျင်းရိစွာပြောလိုက်သည်။
"အစ်ကို ဝမ်၊ မင်းငါ့ကိုပြန်ခေါ်လာတာလား"
ဝမ်ရှင်းချန် က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်သည်။
"ဒါဆို မနေ့ညက ဖြစ်ပျက်ခဲ့တာကို မင်း မြင်လား" နျဲ့ပုဖန်သည် မျက်လုံးများကို မှိတ်ထားသည်။
ဝမ်ရှင်းချန်က က ခေါင်းညိတ်ပြပြန်၏။
ထိုအခါ နျဲ့ပုဖန်က အမြန်ထထိုင်ပြီး "ဒါဆို မင်းငါ့ကို ကယ်တင်ဖို့ ဘာလို့ မလာတာလဲ"
"မင်းလည်း စိတ်ပါနေခဲ့တယ်လေ၊ ငါ ပေါ်လာဖို့အတွက် မသင့်တော်ဘူး"
"ဒါဆို မင်းက အစကနေ အဆုံးထိ ပုန်းပြီး ကြည့်နေတာလား"
“မင်းတို့ကို အစအဆုံး မကြည့်ဘူး။ ညတိုင်းလိုပဲ အိမ်ခေါင်မိုးပေါ်က ကြယ်တွေကို ရေတွက်နေခဲ့တာ''
"ကြယ်တွေကို ရေတွက်တယ်တဲ့လား''
နျဲ့ပုဖန် က သူ့ကို ကြည့်လိုက်ပြီး ...
''တကယ်က မင်း ငါတို့ကို လက်ပူး လက်ကြပ် ဖမ်းဖို့ ရောက်လာခဲ့သေးတယ်ပေါ့လေ။ မင်းက တကယ် ယုတ်မာပြီး၊ အရှက် မရှိတဲ့လူပဲ''
ဝမ်ရှင်းချန်က ဘာမှ မတုန့်ပြန်ပဲ စာအုပ်ကို ပိတ်လိုက်ပြီး သူ့လေသံ အေးအေးနဲ့ ဆို၏။
“မင်းနဲ့ လိုက်ဖက်တဲ့ နာမည်တစ်ခုကို ငါ အမြဲစဥ်းစားနေမိတယ်''
"ဘာလဲ"
"လူဆိုး''
“…”
နျဲ့ပုဖန်က ခေါင်းကို စောင်ထဲမှာ မြှုပ်လိုက်သည်။ တစ်ခါတရံတွင် ဝမ်ရှင်းချန်ဟာ ဆန္ဒများနှင့် စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်းမှာ ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်ရှိနေသည်ဟု နျဲ့ပုဖန်တကယ် ခံစားခဲ့ရသည်။ ငြိမ်းချမ်းမှုကို လိုလားတဲ့ သူ့ နှလုံးသားက အေးချမ်းနေမှာ သေချာ၏။
ဝမ်ရှင်းချန်ဆိုသော သူသည် စိတ်သွားတိုင်း ကိုယ်ပါသူ အစစ်အမှန် ဖြစ်လောက်သည်။
သူသည် ကိုယ်တိုင်၏ စိတ်ဆန္ဒကို သေသေချာချာသိနားလည်ပြီး အကောင်အထည် ဖော်ရာတွင် သေချာ အာရုံစိုက်လိမ့်မည်။ အပြုသဘောဆောင်ရာမှာလည်း ထူးချွန်သလို၊ ဘာသာတရား ကျင့်ဝတ်များကို ဖောက်ဖျက်ရန်လည်း တုံ့ဆိုင်းမနေချေ။
သူ့ဘဝက ပေါ့ပေါ့ပါးပါးနဲ့ လွယ်ကူ၏။
နျဲ့ပုဖန် တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။
မနေ့ညက ပြင်းထန်တဲ့ တိုက်ပွဲကို ပြန်မစဥ်းစားချင်တော့တာကြောင့် ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်ဖို့ ဆုံးဖြတ်လိုက်၏။ လီရီသာ သူ့ညီနဲ့ နျဲ့ပုဖန် အတူတူ အိပ်ခဲ့တာ သိလျှင် သူ ရူးသွားလိမ့်မည်မဟုတ်ပါလား။
နျဲ့ပုဖန်သည် သူ၏ ပြစ်မှုဆိုင်ရာ အထောက်အထား အားလုံးကို ဖျောက်ဖျက်ရန်တော့ ပျက်ကွက်ခဲ့သည်၊ အကြောင်းမှာ ကြက်သိုက်ရွာတွင် သူလျှိုများ နေရာတိုင်းတွင် ရှိနေသောကြောင့်ပင်။
လီရီနှင့် အခြားသူများသည် ရှီရှန်း မြို့၌ ယုန်ကို ဖမ်းမမိ ဖြစ်နေသောအခါ၌ နျဲ့ပုဖန် နောက်တစ်ကြိမ် ထွက်ပြေးသွားကြောင်း ချက်ခြင်း နားလည်ခဲ့သည်။ ကံကောင်းစွာဖြင့်၊ သူတို့သည် နတ်မိမယ် ထျန်းနွီထံမှ တမန်ခို တစ်ကောင်ကို လက်ခံရရှိခဲ့သည်။ နျဲ့ပုဖန်သည် ကြက်သိုက်ရွာသို့ ပြန်သွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် အားလုံး ရွာကို အမြန် ပြန်သွားကြလေ၏။
တစ်ယောက်နဲ့ တစ်ယောက် တွေ့တာနဲ့ လီရီက နျဲ့ပုဖန်ကို ပြင်းပြင်းထန်ထန် စတင်တိုက်ခိုက်လိုက်တာကြောင့် နျဲ့ပုဖန်မှာ ခွေးပြေးဝက်ပြေး ပြေးရသည်။ ထုံးစံအတိုင်း၊ သူသည် သိုင်းပညာရှင် လီရီကို မကျော်နိုင်သော်လည်း သူ့ အရှေ့တွင် ကာကွယ်မည့် ကြက်များရှိသည်။ နောက်တခဏမှာ လူတိုင်းမြင်လိုက်ရတာက ကောင်းကင်ကနေ မြေကြီးအထိ အမွေးအတောင်နဲ့ ခတ်ထားတဲ့ တံတိုင်းကြီး တစ်ခုလို နျဲ့ပုဖန်ကို ဘေးဘပ် အရပ်ရပ်ကနေ ဝိုင်းဝန်းကာကွယ်ထားကြတဲ့ ကြက်အုပ်ကြီးကို မြင်ရပေမည်။ ၎င်းတို့သည် နျဲ့ပုဖန်အား ဝိုင်းရံကာကွယ်ထားရုံသာမက နျဲ့ပုဖန် ခန္ဓာကိုယ်ကိုလည်း ဖုံးအုပ်ထားပေးလေရာ နျဲ့ပုဖန် ကိုယ်လုံးမှာ ကြက်အုပ်အလည်တွင် စွင့်စွင့်ငွားငွား ပွင့်လန်းနေသော ဂန္ဓမာပန်း ကဲ့သို့ ဖြစ်နေသည်။
လီရီသည် ကြက်တံတိုင်းကို ဖောက်ဝင်ရန် လမ်းစ ရှာမတွေ့သဖြင့် ကြက်အုပ်ထဲသို့ ပြင်းထန်သော အလင်းတန်းများကိုသာ ပစ်ခန်နိုင်ခဲ့သည်။
"ထွက်လာခဲ့" လီရီက အေးစက်စွာ အော်ဟစ်လိုက်သည်။
“မထွက်လာဘူး” နျဲ့ပုဖန်သည် ကြက်တံတိုင်းထဲတွင် မြုပ်နေခဲ့ပြီး တစ်ချက် တစ်ချက် အကြားအလက်မှ မျက်နှာတစ်ခုသာ ပေါ်ပေါ်လာကာ လီရီအား ရံဖန်ရံခါ ထူးဆန်းသော မျက်နှာများ လုပ်ပြတတ်၏။
လီရီ၏ ပါးစပ်သည် တွန့်ကွေးကာ ရယ်ရမလား၊ ဒေါသဖြစ်ရမည်လား ဝေခွဲရ ခက်နေလေသည်။
ဤသို့ဖြင့် ကြက်သိုက်ရွာကလေးတွင် ရုန်းရင်းဆန်ခတ် ဖြစ်ရန် လမ်းကြောင်းဖန်လာ၏။
ဤအခိုက်အတန့်တွင် ကျန်းကျွင်းရှီသည် ဒေါသတကြီးဖြင့် လျှောက်လာကာ ...
"ထွက်ခဲ့ ပုဖန်၊ အစ်ကို လီက မင်းကို ဘာမှ မလုပ်ပါဘူး"
နျဲ့ပုဖန် သည် လီရီကို မျက်စောင်းထိုးကာ မျက်နှာတစ်ခုလုံး၏ အရိပ်အကဲကို ကြည့်၍ ...
"သူ့ မျက်နှာကို ကြည့်ဦးလေ။ ဒီလောက် ဒေါသထွက်ပြီး လူသတ်သမားရုပ် ပေါက်နေတာကို၊ ဘာမှမလုပ်ဘူးဆိုတာ ဘယ်လို အာမခံမလဲ''
ကျန်းကျွင်းရှီနှင့် အခြားလူများ အားလုံး လီရီကို ကြည့်နေကြသည်။
ထိုအခါ လီရီ သည် တင်းမာသော မျက်နှာထားကိုပြင်၍ အသက်ပြင်းပြင်း ရှူကာ သူ့ မျက်နှာအမူအရာကို ချက်ချင်းပဲ လိုက်လျောညီထွေ ဖြစ်အောင်၊ ဖော်ရွေသော ပုံစံပေါက်အောင် ကြိုးစားလိုက်သည်။
"ကောင်းပြီ၊ စောစောက မင်းကို ငါ ကြောက်အောင်လုပ်မိသွားတယ်၊ စိတ်မကောင်းပါဘူး။ ငါ မင်းကိုအခု ဘာလုပ်ပေးရမလဲ”
နျဲ့ပုဖန်က “မင်း ကြည့်ရတာ သံသယဝင်စရာတော်တော် ကောင်းတယ်''
ကျန်းကျွင်းရှီလည်း နျဲ့ပုဖန် စိတ်ပြောင်းအောင်ချော့နေရသည်။
“ဒုက္ခမပေးဘဲ မြန်မြန် ထွက်လာပါတော့၊ ကြာရင် လီရီ ဒေါသတွေ ပေါက်ကွဲတော့မယ်။ ခဏနေလည်း နေဝင်တော့မယ်၊ မင်း ခန္ဓာကိုယ်ကို ကြက်တွေတောထဲမှာ တစ်သက်လုံး မြှုပ်ထားလို့ရတာလည်း မဟုတ်ဘူး''
နျဲ့ပုဖန်က ဘာမှပြန်မပြောပဲ ကြက်အလယ်မှာနေ၍ ငြိမ်နေ၏။
ထို့နောက် ကျန်းကျွင်းရှီလည်း လီရီကို ဆွဲခေါ်လာ လိုက်ပြီး နျဲ့ပုဖန် ရဲ့အိမ်ဆီ လျှောက်သွားလေသည်။
"မင်း အိမ်မှာ ငါတို့ စောင့်နေမယ် ၊ မင်း ကစားပြီးရင် လိုက်လာခဲ့" လို့လည်း အော်လိုက်သေးသည်။
၎င်းတို့ တကယ် ထွက်သွားတာကို တွေ့တော့ နျဲ့ပုဖန်က ကြက်တွေကို အချက်ပြလိုက်၏။ ကြက်တွေလည်း ဒီရေတက်သလိုမျိုး နောက်ပြန်ဆုတ်သွားပြီး သူ့ အနားက ထွက်သွားကြသည်။
နျဲ့ပုဖန်သည် မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်နေကာ နေဝင်ချိန်ကို ကြည့်ရင်း အထီးကျန်ဆန်သော အနုပညာ အငွေ့အသက်ကို ခံစားနေခဲ့၏။
လီရီသည် နျဲ့ပုဖန်၏ အိမ်တံခါးဝသို့ လှမ်းကြည့်လိုက်သောအခါတွင် လီဟွေက ထိုနေရာမှာ မှိုင်တွေကာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
"မင်း နေလို့ သက်သာရဲ့လား''
လီရီက မေး၏။
လီဟွေ့ က ခေါင်းညိတ်ပြီး "ငါ အဆင်ပြေပါတယ်" လို့ အသံတိုးတိုးနဲ့ ပြန်ဖြေသည်။
"ဒါဆို ကောင်းတာပေါ့''
လီရီက ဘာမှ ထပ်မပြောဘဲ ရုတ်တရက် ရပ်လိုက်ပြီးမှ လီဟွေကို စူးစူးဝါးဝါး အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။
လီဟွေ့လည်း စူးရှမှုကြောင့် အနည်းငယ် ထိတ်လန့်သွားပြီး "ငါ့ အိမ်ကို အရင်ပြန်တော့မယ်" ဟု ဆိုကာ ကမန်းကတန်း ထပြန်ဖို့ ပြင်သည်။
“နေဦး..'' လီရီက တားလိုက်၏။
"မင်း ဘယ်လို ပြန်ကောင်းလာတာလဲ။ ဘယ်တုန်းက စပြီး ပိုသက်သာလာတာလဲ"
လီရီသည် စုချန်းယီ၊ ရှန်းမုလန်နှင့် အခြားသူများကို ယခုမှပင် တွေ့မြင်ခဲ့ပြီး ၎င်းတို့၏ မျက်နှာများသည် ရောဂါလက္ခဏာများ ထင်ရှားစွာပြသနေသေးသောကြောင့် လီဟွေ့သည် ၎င်းတို့ထက် မြန်မြန်သက်သာလာစရာ အကြောင်း မရှိပေ။
"ငါ မနေ့ကမှ ပိုကောင်းလာတာ" လီဟွေ့ က မျက်လုံးများ လွှဲထားပြီး မနေ့ညက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက သူ့စိတ်ထဲတွင် အလိုအလျောက် ပေါ်လာကာ သူ့မျက်နှာ အနည်းငယ် ပူသွားသလို ခံစားလိုက်ရသည်။
"မင်း ဘယ်လို ကောင်းလာတာလဲ" လီရီ၏ လေသံသည် တဖြည်းဖြည်း အေးစက်လာသည်။
လီဟွေသည် ခေါင်းငုံ့ကာ ပြန်မဖြေသဖြင့် လီရီ၏ သံသယစိတ်ကို ပိုသေချာစေလိုက်၏။
ဒါပေမယ့် ဘယ်သူမှ မထင်ထားတဲ့အချိန်မှာပဲ အပေါ်စီးကနေ ကျယ်လောင်တဲ့ အော်သံတစ်ခုထွက်လာသည်။
"ဟာဟားဟား၊ ငါ သိတယ်၊ ငါ့ကို မေးပါ၊ မေးပါ"
တော်တော်များများက မျှော်ကြည့်လိုက်ရာ ရောင်စုံကြက်မတစ်ကောင်က အိမ်ခေါင်မိုးပေါ်မှာ ရပ်နေပြီး အတောင်ပံခတ် နေတာကို တွေ့လိုက်ရ၏။ ၎င်းမှာစကားပြောတတ်သော ကြက်ကလေး ဟီးရိုး ဖြစ်သည်။
"ဒါဆို ငါတို့ကို ပြောစမ်း၊ မနေ့က ဘာဖြစ်ခဲ့တာလဲ" လီရီသည် သူ့ လက်နှစ်ဖက်ကို ပိုက်ကာ စောင့်နေလိုက်သည်။
လီဟွေ၏ မျက်နှာသည် အနည်းငယ် ပျက်ယွင်းသွား၍ ဟီးရိုးကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။
ဟီးရိုးသည် လီဟွေ့ကို လျစ်လျူရှုကာ စိတ်လှုပ်ရှားစွာ သီချင်းတစ်ပုဒ်ကို ဟန်လုပ်၍ သီဆိုခဲ့၏-
"အစ်ကို ကြက်ကို သိမ်းပိုက်ဖို့ နှစ်ယောက် ကြိုးစားတယ်၊ နှစ်ယောက် အတူလုပ်ကြရင်း တစ်ယောက်ရှုံးသွားခဲ့တယ်ကွယ်''
ဟီးရိုးသည် အတောင်ပံများ ဖြန့်လျှက် ခြေဖဝါးများဖြင့် ကပြ၏။ ၎င်း၏ အတောင်ပံတစ်ခုက သူတို့ဆီသို့ လျှောက်လာနေသော စုချန်းယီကို ညွှန်ပြကာ အခြားတောင်ပံသည် လီဟွေ့ကို ညွှန်ပြနေဟန်ရှိ၏။
တစ်ခါတရံတွင် ဤစကားပြောတတ်သော မျိုးပြောင်းကြက်သည် ဘုရင်မင်းမြတ်ထက်ပင် ထူးမြက်လွန်းသည်ဟု ခံစားမိရုံအပြင် ဘာမှ မတတ်နိုင်ပေ။
လူတိုင်း၏ အမူအရာမှာလည်း ထူးဆန်းလာ၏။ လီရီအပြင် စုချန်းယီမှာလည်း အလွန် ဒေါသထွက်နေခဲ့သည်။ မနေ့ညက နျဲ့ပုဖန်ဟာ သူ့ကို လှည့်စားပြီး လီဟွေဆီ သွားခဲ့သည်လေ၊ ဒါဟာ လုံးဝ လုံးဝကို ခွင့်မလွှတ်နိုင်စရာပါပဲ။
"ဟားဟား" ဟီးရိုးက ရယ်ပြန်သည်။
ထိုစဥ် လီရီက အေးစက်စွာ ပြော၏။
"နှစ်ယောက်သား ဘာကို သိမ်းပိုက်ဖို့ ကြိုးစားတာလဲ၊ သူတို့အပြင် ဘယ်သူရှိသေးလို့လဲ''
ဟီးရိုးက သူ့ညီ လီဟွေကို လက်ညှိုးထိုးပြသည်။
ထို့နောက် ဟီးရိုးသည် ခဏတာ တိတ်ဆိတ်သွားကာ လူတိုင်းကို လှည့်ပတ် ကြည့်ရှုပြီးနောက် ရုတ်တရက် ခန္ဓာကိုယ် မားမားမတ်မတ်ရပ်၍ ဟိတ်ကြီး ဝန်ကြီး လေသံဖြင့် အော်လိုက်၏။
"ဟမ်၊ ဒီမင်းသားလေး ဘယ်လောက်တောင် တန်ခိုးကြီးလဲ မင်းတို့ တွေ့ကြပြီ မဟုတ်လား''
ထို့နောက် ၎င်းက လေသံကို ကြောက်လန့်တကြားဖြင့် “မင်းဟာ တန်ခိုးကြီးတယ်။ မင်းက တန်ခိုးကြီးတယ်'' ဟု တုန်ရင်စွာ ထအော်ပြန်သည်။
ထို့နောက် တစ်ဖန် အထက်စီးဆန်သည့်ပုံစံသို့ ပြောင်းပြန်သည်-
"'ဒီမင်းသားက မတော်ဘူးလို့ မင်း ပြောရဲသေးလား'
"ကောင်းတယ်၊ မင်းက အရမ်းတော်ပါတယ်..ဟားဟားဟား”
ဟီးရိုးက သူ့ဘာသာသူ ပြောလိုက်၊ ရယ်လိုက် လုပ်နေ၏။
ထို့နောက်တွင် ရုတ်တရက်ပင် လေချွန်သံ တစ်ခုနှင့်အတူ စက္ကူပန်ကာကဲ့သို့ လေထဲတွင် ဝဲပျံကာ ဟီးရိုးသည် အိမ်ခေါင်မိုးပေါ်မှ ပျံဝဲ၍ ထွက်သွားတော့သည်။
လက်ရှိတွင် အားလုံးက စုချန်းယီကို အာရုံစိုက်ပြီး ထူးဆန်းစွာ တိတ်တဆိတ် စောင့်ကြည့်လျှက်ရှိကြ၏။
စုချန်းယီ၏ မျက်နှာသည်လည်း မည်းမှောင်သွားပြီး ထိုကြက်ကို အရှင်လတ်လတ် မျိုချရန်ထက် ဘာကိုမှ မလိုလားချေ။ သူ့ဘဝတွင် ဤမျှလောက် အရှက် မရခဲ့ဖူးပါ။ ယခုတွင် နျဲ့ပုဖန်နှင့် ပတ်သက်ဆက်နွယ်မှုကို ဤမကောင်းဆိုးဝါး ကြက်က အစအဆုံး မြင်တွေ့ခဲ့ပြီး ယခုအချိန်တွင်ပင် တလောကလုံး သိအောင် ကြေညာခဲ့သည်။
သူ အရမ်း စိတ်ထိခိုက်သွား၏။ အများအားဖြင့်တော့ သူ့ကိုယ်သူ “ဒီမင်းသား” လို့ သုံးနှုန်းလေ့ မရှိပေမယ့် စိတ်လှုပ်ရှားနေတဲ့ အခိုက်အတန့်မှာ သူပြောလိုက်မိသည်ကို ကြက်စုတ်က ကြားသွားပြီး ပေါ်တင် လှောင်ပြောင်နေခဲ့သည်။
ထိုအချိန်မှာပင် "ဟင်၊ မင်းတို့ အားလုံး ဒီမှာ ဘာအတွက် လာစုနေကြတာလဲ" ဟူသော နျဲ့ဖန်၏ သာယာ နာပျော်ဖွယ် အသံက ငြိမ်သက်နေသော လေထုကို ခွင်းကာ ထွက်ပေါ်လာ၏။
ထိုအခါ လူတိုင်းက သူ့ကို စိုက်ကြည့်နေကြပြီး၊ ၎င်းတို့ မျက်လုံးများထဲတွင်၊ ရက်စက် ကြမ်းကြုတ်တဲ့ အပြစ်သားတွေကို ကြည့်နေသလို အရိပ်ရောင်များပြည့်နေသည်။
နျဲ့ပုဖန်လည်း မလုံမလဲ ဖြစ်၍ သူ့ကိုယ်သူ ပြန်ငုံ့ ကြည့်ကာ ဆံပင်တွေကို သပ်တင်မိသည်။
''ငါ့ ပုံစံက အခုကြည့်ရတာ ရုပ်နည်းနည်းဆိုးနေပေမယ့် မင်းတို့ အဲ့လိုကြီးတော့ စိုက်မကြည့်ကြပါနဲ့''
"နျဲ့ ပု ဖန်''
ထို့နောက်တွင် လီရီသည် နျဲ့ပုဖန်ကို အိမ်ထဲသို့ ဆွဲခေါ်လာခဲ့သည်။ ကျန်တဲ့သူတွေလည်း ချက်ချင်း လိုက်သွားကြ၏။
နျဲ့ပုဖန်ကို ကုတင်ပေါ် လှဲချလိုက်ပြီး လီရီက ပြင်းပြင်းထန်ထန် စစ်မေးပြန်သည်။
“မင်း နောက်ထပ် လူ ဘယ်နှစ်ယောက်လောက်ကိုထပ်ပြီး ဆွဲဆောင်ဦးမှာလဲ''
နျဲ့ပုဖန်ကတော့ သူ့ကို ပြောင်ပြောင်တင်းတင်း ကြည့်ကာ လိမ်ညာလိုက်ပြန်၏။
“ဘာလဲ။ ငါက ဘယ်သူကို ဆွဲဆောင်နေလို့လဲ''
ထိုစကားကို ကြားတော့ ကျန်းကျွင်းရှီမှာ တံတွေးတောင် သီးပြီး ချောင်းဆိုးရှာသည်။
"မင်းတို့ သူ့ကို မေးကြည့်လေ၊ ငါ ကြက်သိုက်ရွာတစ်ခုလုံးမှာ ဘယ်သူနဲ့ ပရောပရီ လုပ်သလဲလို့''
"ကျွန်တော် ဘာမှမသိဘူးနော်။ ကျွန်တော်က လုံးဝအပြစ်ကင်းပါတယ်"
ရှန်းမုလန်မှာ သူ့ကို သံသယအကြည့်ဖြင့် ကြည့်နေသော ထျန်းနွီကြောင့် ချက်ချင်းပင် ပြာပြာသလဲ ငြင်းလေသည်။
ထိုအခါ ထျန်းနွီတင်မကဘဲ တခြားသူများကပါ သူ့ကို ကြည့်လာ၏။ နျဲ့ပုဖန်၏ စက်ကွင်းမှ လွတ်နေသည့် တစ်ယောက်တည်းသောသူ ရှန်းမူလန်သည် သူတို့အဖို့ အတော်ထူးဆန်းနေသည်။
ရှန်းမုလန်မှာ ငိုချင်ပေမယ့် မျက်ရည် မကျချေ။ ကြက်သိုက် ကျေးရွာတွင်၊ စင်းလုံးချော အပြစ်ကင်းသော အမျိုးသားတစ်ဦးသည် ပုံမှန် မဟုတ်သော တည်ရှိမှု ဖြစ်လာ၏။
"ငါ ထင်တယ်" ကျန်းကျွင်းရှီက မေးစေ့ကို ပွတ်ပြီး "အနာဂတ်မှာ ကြက်သိုက် ကျေးရွာရဲ့ သီးခြားစီမံခန့်ခွဲမှုကို လုပ်ဆောင်ဖို့ လိုအပ်နေပြီ ထင်တယ်။ချောမောပြီး ထက်မြက်တဲ့ လူငယ် တစ်ယောက်မှကို ရွာခေါင်းရဲ့ မကောင်းဆိုးဝါး လက်ဆွဲထဲ မကျရောက်စေအောင် ကာကွယ်ရမယ်''
“သဘောတူတယ်” လီရီ၊ စုချန်းယီနှင့် လီဟွေ့ တို့က ခေါင်းညိတ်၏။
"သဘော မတူဘူး"
နျဲ့ပုဖန် အကြီးအကျယ် ငြင်းဆန်သည်။
"မင်းက ကြက်သိုက်ရွာရဲ့ အကြီးအကဲဖြစ်တဲ့ ငါ့ရဲ့ အမြင့်မြတ်ဆုံး အခွင့်အာဏာကို လုယူပြီး ပုန်ကန်နေတာလား''
ကျန်းကျွင်းရှီက သူ့ကို လျစ်လျူရှုပြီး လူတိုင်းကိုဆက်ပြော၏။
“ဒါ့အပြင် အနာဂတ်မှာ ကြက်သိုက်ရွာကနေ ဘယ်သူကိုမှ ဘာကြောင့်နဲ့မှ ရှောင်တခင် ထွက်ခွာခွင့် မပြုရဘူး။ ထွက်သွားမယ်ဆိုရင်တောင် သူ့အနားမှာ အနည်းဆုံး လူတစ်ယောက်က စောင့်ကြည့်ဖို့ ပါနေမှရမယ်။”
“သဘောတူတယ်” တခြားသူတွေက ခေါင်းညိတ်ပြ၏။
"ငါ သဘောမတူဘူး" နျဲ့ပုဖန် က ချက်ချင်း မတ်တပ်ထရပ်ကာ "ငါ့ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို မင်း ဒီလို အသားလွတ်ကြီး စွက်ဖက်လို့မရဘူးနော်''
လူတိုင်းက သူ့ကို လျစ်လျူရှုပြီး အမျိုးမျိုးသောအသေးစိတ် အချက်များနှင့် ကြိုတင် ကာကွယ်မှုများကို လေးနက်သော အသုံးအနှုန်းများဖြင့် ဆွေးနွေးကြပြီး သူ့ အရှေ့တွင် သဟဇာတရှိ၍ စည်းလုံး ညီညွှတ်သော ထိုးစစ်နှင့် ခံစစ် မဟာမိတ်အဖြစ်သို့ ရောက်ရှိသွားကြသည်။
ယခု အချိန်မှ စ၍၊ ဤဆိုးညစ်သော သတ္တဝါသည် လူတိုင်း၏ ကြီးကြပ်မှုအောက်တွင် ၎င်း၏ အမွေးအတောင်များကိုတောင် တုတ်တုတ် လှုပ်နိုင်မည် မဟုတ်တော့ပေ။
လူတကာကို ဖောက်ပြန်စေနိုင်စွမ်းရှိသော ၎င်းသတ္တဝါကို အကြီးအကျယ် ဖိနှိပ်ထားရမည်။ အိပ်ရာထဲကို ဖျားယောင်း ခေါ်ဆောင်ပြီး လှည့်စားတိုက်ခိုက်တတ်သော ထိုသတ္တဝါကို အပြစ်ပေးနိုင်မည့် နည်းလမ်း တစ်ခု မရှိမဖြစ် လိုနေလေပြီ။
"မင်းတို့ ငါ့လည်ပင်းမှာ ခွေးလို ကြိုးနဲ့ ဆွဲထားဖို့တော့ စိတ်ကူး မရှိဘူးမလား''
နျဲ့ပုဖန်က ရွဲ့၍ ဝင်ပြော၏။
"အကြံဥာဏ်ကောင်းပဲ။"
ကျန်းကျွင်းရှီက ပြုံးပြီး တုံ့ပြန်လိုက်သည်။
ထိုအခါ နျဲ့ပုဖန်မှာ မျက်ရည်တုတွေ ကျပြကာ ကျန်းကျွင်းရှီကို ပွေ့ဖက်လိုက်ပြီး ...
''အစ်ကို ကျန်း၊ ငါ့ကို အဲလိုကြီး မလုပ်ပါနဲ့''
"ငါတို့ မင်းကို အလေးအနက်ထားပြီး စောင့်ကြည့်မနေဘူးဆိုရင် ငါတို့ပဲ ဒုက္ခရောက်ပြီး အလုပ် ပိုရတယ်လေ''
ကျန်းကျွင်းရှီက အခြေအနေအရ တင်းတင်းကြပ်ကြပ်ပင် စည်းကမ်း ချမှတ်လိုက်လေသည်။
YOU ARE READING
ကြက်သခင် နျဲ့ပုဖန် (Complete ✅)
RandomGong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။