Chapter-15
သတင်းအရောင်းအဝယ်
............................
''ကျင်းလုံ၊ ဘယ်သူလဲ သူက''
နေ့လယ်ခင်း၌ နျဲ့ပုဖန် အပါအဝင် တခြားသူများသည် ခန်းမဆောင်အတွင်း လက်ဖက်ရည်ပွဲ တည်ခင်းနေကြစဥ် ကျန်းကျွင်းရှီ က နာမည်တစ်ခုကို ပြောလိုက်သောအခါ နျဲ့ပုဖန်က သိလို၍ စပ်စုလာသည်။
ကျန်းကျွင်းရှီ က သူ့ကိုတစ်ချက်ကြည့်၍ ...
''ကျင်းလုံ ဆိုတာ နတ်မိမယ်ရဲ့နာမည်ပဲကွ၊ မင်းမသိဘူးလား''
''မင်းမှ မပြောပြတာ''
နျဲ့ပုဖန်က ခေါင်းခါ၍ ပြန်ပြောသည်။
''မိန်းကလေး ကျင်းလုံက တကယ်လျှို့ဝှက် ဆန်းကြယ်တယ်၊ သူ ကြီးပြင်းလာတဲ့ ဆယ့်ရှစ်နှစ်တာ ကာလအတွင်း နန်းတော်သခင်မက သူ့ကို တစ်ခါမှ ရုပ်လုံးထုတ်မပြဖူးဘူး။ ဒါပေမယ့် မိန်းကလေး ကျင်းလုံးရဲ့ဟန်ပန်က ကောင်းကင်ဘုံက နတ်ဘုရားမနဲ့ လူသားတို့ ပေါင်းစပ်ထားတဲ့အတိုင်းပဲ သိပ်ကိုနူးညံ့သိမ်မွေ့ပြီး အဘက်ဘက်မှာလည်း တယ်ထူးချွန်ထက်မြတ်တယ် ဆိုကြတယ်ကွ။ အကယ်၍ သူသာ ပုထျန်းကုန်းရဲ့ နတ်မိမယ် မဟုတ်ခဲ့ရင်တောင် သူ့ရဲ့ဆွဲဆောင်မှုကိုတော့ ဘယ်ယောကျ်ားသားမှ လွန်ဆန်နိုင်မှာ မဟုတ်ဘူးတဲ့''
''အိုး...''
နျဲ့ပုဖန်သည် လက်ဖက်ရည်ခွက်ကို ကိုင်ကာ လေးလေးနက်နက် တွေးတောနေသည်။
ကျင်းလုံ... ဒီနာမည်ကို ဘယ်မှာကြားဖူးပါလိမ့်။
''လောလောဆယ်တော့ နတ်မိမယ်ရဲ့ ပုံပန်းသွင်ပြင် အစစ်အမှန်ကို ဘယ်သူမှ မတွေ့ဖူးသေးဘူးပေါ့''
ကျန်းကျွင်းရှီသည် ရေကန်နဘေး၌ စကားစမြည်ပြောရင်း လမ်းလျှောက်နေကြသော အမျိုးကောင်းသားများနှင့် လှပသော မိန်းမပျိုလေးများကို ငေးနေမိသည်။
''စကားမစပ် မင်းတို့နတ်ယောက်က နတ်မိမယ်ကို တကယ် စိတ်မဝင်စားတာလား''
နျဲ့ပုဖန်က ရုတ်တရက်ကြီး ထမေးသည်။
''ကံတရားကိုဉာဏ်များမရဘူးလေ''
ကျန်းကျွင်းရှီက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
လီယီ ကတော့ မျက်တောင်ပင် မခတ်ပေ။
''နတ်မိမယ်ရဲ့ အလှတရားကို ယောကျ်ားသားတွေ မလွန်ဆန်နိုင်ဘူးလို့ မင်းအခုပဲပြောတယ်လေ၊ မင်း စိတ်မဝင်စားဘူးဆိုတာ သေချာလို့လား''
နျဲ့ပုဖန်က သံသယရှိရှိဖြင့် မေးသည်။
ကျန်းကျွင်းရှီမှာ တစ်ခုခုပြန်ပြောဖို့ ပါးစပ်ပြင်လိုက်ပြီးမှ ပြောမထွက်နိုင်ပဲ ဖြစ်သွားသည်။ နျဲ့ပုဖန်ကိုသာ အဓိပ္ပါယ်အမျိုးမျိုး ပါဝင်သော အကြည့်တို့ဖြင့် စိုက်ကြည့်မိသည်။ ဒီလူကပဲ သူတို့ကို မဟုတ်တရုတ် ဇာတ်လမ်းတွေအများကြီး ပြောပြခဲ့ပြီး အခုတော့ သူကပြန်၍ မေးခွန်းထုတ်နေသည်။
နျဲ့ပုဖန်ကရော စိတ်ယိမ်းယိုင်နေတဲ့သူ မဟုတ်ဘူးလား။ ဟိုးတစ်ရက်ကပဲ လူပုံအလယ်မှာ ယောကျ်ားတစ်ယောက်ကို နမ်းခဲ့သည်လေ။ ဒါတွေကရော သူ့စိတ်ထဲ ဘာမှမရှိပဲလုပ်ခဲ့တာလား ...
လီယီ ကလည်း နျဲ့ပုဖန်ကို စေ့စေ့ပင်မကြည့်ခဲ့။
နျဲ့ပုဖန်က ထပ်ပြောသည်။
''မင်းတို့ တကယ်လို့များ နတ်မိမယ်ကို စိတ်ဝင်စားတယ်ဆိုရင်တော့ ငါကူညီပေးပါမယ်''
''မင်းက ဘယ်လိုကူညီမှာလဲ''
ကျန်းကျွင်းရှီက စိတ်ဝင်တစား မေးသည်။
နျဲ့ပုဖန်သည် ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကာ ခေါင်းကို ကျန်းကျွင်းရှီ နားကပ်၍ အသံခပ်အုပ်အုပ်ဖြင့် ပြောသည်။
''နတ်မိမယ်က ဘယ်သူလဲဆိုတာ ငါသိမယ် ထင်တယ်''
ကျန်းကျွန်းရှီနှင့် လီယီတို့ နှစ်ယောက်စလုံး အံ့သြသွားကြ၏။
''မင်းက သိတယ်''
ကျန်းကျွင်းရှီက သံသယဖြစ်နေသည်။
နျဲ့ပုဖန်က ရယ်လိုက်သည်။
''ငါသိတာ ၈၀ ရာခိုင်နှုန်းသေချာတယ်''
'ကျင်းလုံ' ဟူသော နာမည်ကို နျဲ့ပုဖန် တရင်းတနှီး ကြားဖူးသည်ထင်ခဲ့တာ အခုတော့ ပြန်မှတ်မိသွားချေပြီ။
''ဘယ်သူလဲ ဒါဆို''
ကျန်းကျွင်းရှီ အကဲစမ်းကာ မေးလိုက်၏။
''မင်းပဲ စိတ်မဝင်စားဘူးဆို။ ငါက ဘာလို့ပြောပြရမှာလဲ''
နျဲ့ပုဖန်က လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေပြန်သည်။
''မင်းက သိချင်စိတ်ကို လာစွနေတယ်လေ''
''ဒါပေမယ့် မပြောပြဘူး''
နျဲ့ပုဖန်က ဝင့်ကြွားစွာဆိုသည်။
''မင်းတို့ကို ပြောပြလိုက်ရင် ဘာမှရင်ခုန်စရာမကောင်းတော့ပဲ ဖြစ်သွားမှာပေါ့၊ အဆုံးမှ အလှဆုံးမိန်းကလေးကို ဘယ်သူပိုင်ဆိုင်သွားမလဲဆိုတာ ငါကြည့်ချင်တယ်''
ကျန်းကျွင်းရှီမှာ ပြောစရာစကားများ စွံ့အ,သွားရသည်။ ကျန်းကျွင်းရှီ စကားထပ်မပြောနိုင်သည်ကို တွေ့သောအခါ နျဲ့ပုဖန်က ပုခုံးတွန့်လိုက်၏။
သူတို့ကတော့ နတ်မိမယ်နှင့် ပတ်သတ်ပြီး သိပ်ဂရုမစိုက်ကြပေမယ့်၊ ထိုကိစ္စကို အရူးအမူးဖြစ်နေကြသူများလည်း ရှိကြလေရာ သူတို့၏ စကားဝိုင်းကို မတော်တဆ နားထောင်မိသွားသူများလည်း ရှိကြသည်။
ထိုကိစ္စနှင့် ပတ်သတ်၍ နျဲ့ပုဖန်မှ တဖန်ပြန်ပေးဆွဲ ခံလိုက်ရပြန်သည်။
ဒီတစ်ခါမှာတော့ အရင်တစ်ခေါက်တုန်းကထက် ပို၍သက်သောင့်သက်သာဖြစ်သည် ဆိုရမည်။ နှိပ်စက်မှုမရှိ၊ ခြိမ်းခြောက်မှုမျိုးလည်း မလုပ်ပါ။ သို့သော် ခမ်းနားလှသောခမ်းမကြီး တစ်ဖက်တစ်ချက်စီ၌ သန်မာသောလူထွားကြီးများ တန်းစီ၍ ရပ်နေကြလေသည်။
သူ့ကို ပြန်ပေးစွဲဖို့စေခိုင်းတဲ့လူကတော့ အရှက်မရှိသလို လိုက်ကာနောက်ကွယ်မှာ ပုန်း၍နေနေသည်။
''မင်းက လီရှောက်ယောင် ဆိုတဲ့လူလား''
လိုက်ကာ နောက်ကွယ်မှလူသည် ညင်သာသောအသံဖြင့် မေး၏။ ၎င်း၏အသံမှာ ညင်သာပေမယ့် တစ်မျိုးတစ်ဖုံ အရှိန်အဝါရှိနေပါသည်။
''ဟုတ်မှာပေါ့''
ထို့နောက် လိုက်ကာနောက်ကွယ်မှ ပုဂ္ဂိုလ်က ''မင်း နတ်မိမယ်ရဲ့ ပုံပန်းသွင်ပြင်ကို သိတယ်လို့ ပြောတယ်နော်'' ဟုထပ်မေးသည်။
''ကျုပ်သိတာ ခင်ဗျားဘယ်လိုလုပ်သိလဲ''
ထိုလူသည် ဘာမှဆက်မပြောပဲ တိတ်သွား၏။
''ဒါဆို ခင်ဗျား မနေ့က ဥယျာဥ်ခန်းမထဲမှာ ခိုးနားထောင်နေတာလား''
နျဲ့ပုဖန် ရုတ်တရက် ကောက်မေးလိုက်သည်။
လိုက်ကာနောက်မှ လူသည် ဆက်၍တိတ်နေ၏။
ထိုအခါတွင် လူသန်ကြီးတစ်ဦးက နျဲ့ပုဖန်အား ဟောက်လိုက်၏။
''ဟေ့ ... မင်းပြောချင်ရာတွေ လျှောက်ပြောမနေနဲ့၊ သခင်မေးတာပဲ ဖြေ''
''ကောင်းပြီ၊ မေးပါ ဒါဆို''
နျဲ့ပုဖန်သည် ခုံတစ်လုံးဆွဲယူလာပြီး မေးသမျှ ဖြေမည့် ပုံဖြင့် မိန့်မိန့်ကြီး ထိုင်နေလိုက်သည်။
လိုက်ကာနောက်ကွယ်မှလူသည် စကားတစ်ခွန်းမပြောခင် သူ့လေသံကို တပြေးတည်း ဖြစ်နေအောင် ထိန်းထားပုံရသည်။
''နတ်မိမယ်က ဘယ်သူလဲ''
''နတ်မိမယ်ရဲ့နာမည် ကျင်းလုံ တဲ့''
လိုက်ကာနောက်ကွယ်၌ တစ်ခုခုပြုတ်ကျသွားသော အသံကြားလိုက်ရ၏။
လိုက်ကာနောက်ကွယ်မှလူသည် နျဲ့ပုဖန်အား တအံ့တသြဖြင့် ထပ်မေးသည်။
''ကျင်းလုံ ဆိုတာ ရှင်းကျောက်ရန်ထဲက ဘယ်တစ်ယောက်လဲ''
''ကျုပ်ပြောပြရင် ဘာပြန်ရမှာလဲ''
နျဲ့ပုဖန်သည် လက်ဖက်ရည်တစ်ခွက်ငှဲ့ကာ ဇိမ်ပြေနပြေသောက်ရင်း ဆက်ပြော၏။
''ဒါက အရမ်းကို အရေးကြီးတဲ့ သတင်းအချက်လက် မဟုတ်လား။ နတ်မိမယ်ကို အရင်တွေ့တဲ့သူက အနိုင်ရနိုင်ချေများမှာပဲ''
''မင်း ဘာလိုချင်တာလဲ''
''ဒီလို မေးတာက မရိုးသားရာကျတယ် မဟုတ်လား''
နျဲ့ပုဖန်သည် လိုက်ကာနားကိုကပ်သွား၍ အသံခပ်အုပ်အုပ် ပြောလိုက်သည်။
''ငွေပြား တစ်ထောင်ပေးရမယ်''
လိုက်ကာနောက်မှလူသည် စကားကိုပြတ်ပြတ်ပြော၏။
''ငွေပြားတစ်ထောင် တဲ့လား။ ကမ်းလှမ်းမှုကတော့ မဆိုးပါဘူး''
ပထမတွင် နျဲ့ပုဖန်သည် ပြုံးနေလျှက်ရှိနေပေမယ့် ပြီးနောက််တွင် တစ်ခုခုကို စိုးရိမ်ပူပန်နေသကဲ့သို့ ပြော၏။
''ဒါမေယ့် မတော်တဆ ကျုပ်တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ခင်ဗျားလိုမျိုး သြဇာအာဏာရှိတဲ့ လူတွေအတွက်ကတော့ ပါးစပ်လေးဟလိုက်ရုံနဲ့ ဖြစ်ချင်တာတွေ အကုန်ဖြစ်လို့ရတယ်လေ။ တော်ကြာ သိချင်တာတွေသိရပြီးမှ ကျုပ်ကိုအသုံးမလိုတော့လို့ သတ်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ''
''အတင့်ရဲလှချည်လား။ သခင်မေးတာပဲဖြေရမယ်လို့ မင်းကိုပြောထားတယ်လေ''
စောစောက လူသန်ကြီးကပဲ နျဲ့ပုဖန်ကို ထပ်ဟောက်၏။
နျဲ့ပုဖန်ကလည်း လူသန်ကြီးကိုပဲ လက်ထိုးပြကာ ပြန်တိုင်လိုက်သည်။
''တွေ့လား၊ ခင်ဗျားလူတွေ ဘယ်လောက်ကြမ်းတမ်းလဲ ဆိုတာ''
''မင်း သခင်မေးတာကို မဖြေပဲ ဒီကလွတ်မယ်ထင်လား''
''ကျုပ် ခင်ဗျားကို မပြောဘူး။ ခင်ဗျားသခင်ကို ပြောနေတာ''
လူသန်ကြီးမှာ နျဲ့ပုဖန်ကို ဘုကြည့်ကြည့်လိုက်သည်။
''တန်ဟုန် မင်းမပြောနဲ့''
လိုက်ကာနောက်ကွယ်မှလူသည် သူ၏ကြမ်းတမ်းသော လက်အောင်ငယ်သားကို အရင်တားလိုက်၏။
''ကဲ လီရှောက်ယောင်၊ လိုရင်းကိုဆက်ပြောပါ''
နျဲ့ပုဖန်သည်ကိုယ့်မေးစေ့ကိုယ်ပွတ်လျှက်ပြောလိုက်သည်။
''ခင်ဗျားက အင်အားသုံးပြီး ခြိမ်းခြောက်တာတို့ နှိပ်စက်တာတို့လည်း မလုပ်ဘူး၊ ဒီတော့ ခင်ဗျားနဲ့ ကျုပ် သဘောတူညီမှု စာချုပ်လုပ်ချင်လား၊ ကုန်စည်ပစ္စည်းကို ငွေသားနဲ့ လဲဝယ်သလိုမျိုး''
ထိုအခါ လိုက်ကာနောက်မှပုဂ္ဂိုလ်သည် အသံတည်တည်ဖြင့် ပြန်ပြောလာ၏။
''မင်းက ငါနဲ့ သဘောတူညီကြောင်း စာချုပ်လုပ်ချင်တယ်ပေါ့လေ...။ ငါ ဘယ်သူလဲဆိုတာ မင်းသိလား''
''ကျွတ် ကျွတ်... ခင်ဗျားက အင်အားသုံးပြီး ခြိမ်းခြောက်တာမျိုးမလုပ်ဘူး ဆိုကတည်းက ခင်ဗျားနာမည် အစွန်းအထင်းမခံချင်လို့ မဟုတ်လား''
နျဲ့ပုဖန်သည် ထိုပုဂ္ဂိုလ်အား ထိတ်လန့်ခြင်းမရှိပေ။
''ပြီးခဲ့တဲ့ ဥယျာဥ်ပွဲတော်မှာ တက်ရောက်ခဲ့တဲ့သူ တစ်ယောက်ချင်းစီကိုတော့ ကျုပ်အတိအကျမသိပါဘူး၊ ဒါပေမယ့် ကျုပ် လုံးဝမတွေ့ဖူး၊ မမြင်ဖူးသေးတဲ့သူ တစ်ယောက်တော့ရှိတယ်၊ အဲ့ဒီလူကတော့ ဥယျာဥ်ပွဲတော်ရဲ့ ဒဏ္ဍာရီလာကြီး စုချန်းယိ ပဲ''
လိုက်ကာနောက်ကွယ်မှလူသည် ၎င်း ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖော်ခံလိုက်ရပေမယ့် ဟန်မပျက်နေ,နေသည်။
စောစောက လူသန်ကြီးမှာ သူတို့၏သခင်အား နာမည်အပြည့်အစုံ တပ်ခေါ်လိုက်သည့်အပေါ် ရိုင်းပြသည်ဟု ထင်မြင်က ဟောက်ချင်နေပုံရသည်။
ထို့နောက် လိုက်ကာနောက်မှပုဂ္ဂိုလ်သည် အံကြိတ်ထားသော အသံဖြင့် ...
''မင်း ငါ့ကို ဒီလိုတွေပြောဝံ့တာ အစကတည်းက ငါဘယ်သူဘယ်ဝါဆိုတာ သိထားပြီးသား မဟုတ်လား''
ဟုမေးလိုက်သည်။
''ဘာပဲဖြစ်ဖြစ် ကျုပ်ပြောတာ မဟုတ်ဘူးလို့တော့ မငြင်းဘူးမလား''
''....''
ဒီကောင် မွေးကတည်းက အသက်နှစ်ချောင်းများ ပါလာတာလား။ ဘာကြောင့် ဒီလောက်ဘဝင်မြင့်ပြီး အောက်ခြေလွတ်နေပါလိမ့်ဟု စုချန်းယိ တွေးမိသည်။
''ဒါနဲ့ ကျုပ်အချိန်တွေက သိပ်တန်ဖိုးရှိတယ်၊ ဒါ့ကြောင့် အချိန်လာမဖြုန်းပါနဲ့''
''...ကဲ ဒါဆို မင်းက ဘယ်လို သဘောတူညီမှုမျိုး လိုချင်တာလဲ''
နောက်ဆုံးတွင် လိုက်ကာနောက်မှ စုချန်းယိကသာ အလျော့ပေးလိုက်ရလေ၏။ ယခုကဲ့သို့ အရေးကြီးသောကာလ၌ တင်းတင်းကျပ်ကျပ်လုပ်တာထက် ဖြေဖြေလျော့လျော့လုပ်တာက ပိုကောင်းလိမ့်မည်ဟု သူတွေးမိသည်။ နောက်တစ်ချိန်ချိန်တော့ ဒီထောင့်မကျိုးတဲ့လူကို အချိုးပြင်ပေးဖို့ အခွင့်အရေးရလာလိမ့်မည်ဟု ထင်သည်။
လူသန်ကြီးမှာ နျဲ့ပုဖန်ထံသို့ စာရွက်၊ စာရေးစုတ်တံ၊ မှင်ခွက်နှင့် မှင်တုံးများ ယူလာပေးသည်။ နျဲ့ပုဖန်လည်း ကိုယ့်ကိုယ်ကို စာပေပညာရှင်ဟန်ဖြင့် စာရွက်နှင့်မှင်တို့ကို အချိန်တော်တော်ကြာဖြုန်းတီးပြီး၍ စိတ်တိုင်းကျသော သဘောတူညီမှုစာချုပ်တစ်ခုရလာ၏။
လူသန်ကြီးကတော့ စာမဖတ်တတ်သည့်အတွက် စာမှာ ဘာတွေရေးထားမှန်းမသိတာကြောင့် လိုက်ကာနောက်က သူ့သခင်ကိုသာ တန်းသွားပေးလိုက်သည်။
ထို့နောက် ပတ်ဝန်းကျင်သည် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။
စုချန်းယိသည် နျဲ့ပုဖန် ရေးထားသောစာကို အနည်းငယ်မျှ ဖတ်ကြည့်လိုက်တယ်ဆိုရင်ပဲ တုန်လှုပ်သွားရသည်။
သူ့ဘဝ၌ ဤမျှလောက် ကပ်သီးကပ်ဖဲ့နိုင်ကာ မိုက်မဲသောလူမျိုးကို တစ်ခါမှမတွေ့ဖူးပေ။
နောက်ပြီး စာ၌ရေးထားသည်မှာ ...
''ကျွန်ုပ် စုချန်းယိသည် လီရှောက်ယောင်၏ အကူအညီအတွက် ကျေးဇူးဆပ်သောအားဖြင့် ငွေတုံးတစ်ထောင် ပေးအပ်ပါမည်။
သည့်အပြင် ကျွန်ုပ်သည် လီရှောက်ယောင်၏ဘဝအား ဘာဒုက္ခမှပေးမည်မဟုတ်သလို လုပ်ကြံသတ်ဖြတ်ခိုင်းစေမည်လည်း မဟုတ်ဟု ကတိပြုအပ်ပါသည်။
ဤကိစ္စအား ရတိပြတ်ရှင်းလင်း ကျေအေးပြီးဖြစ်ကြောင်း ကတိလက်မှတ်ထိုးပါသည်။
ကာယကံရှင်ကိုယ်တိုင် အပါအဝင် အသိသက်သေများနှင့်တကွ လက်မှတ်ထိုးရန် လိုအပ်ပါသည်။
အသိသက်သေ ၁၂ ယောက်ကျော် လက်မှတ်ရေးထိုးပေးပါရန်နှင့်၊ ခုနစ်ယောက်၊ ရှစ်ယောက်ဖြင့် မရပါ။
စုချန်းယိသည် စာကို ဆက်မဖတ်နိုင်တော့ပါ။
ထိုသို့ အပေါစားဆန်သော သဘောတူညီမှုကို လက်ခံခိုင်းခြင်းသည် အောက်တန်းကျသည်ဟု ထင်ည်။
အကယ်၍များ ကောင်းကင်ဘုံနှင့် လူသားတွေ စစ်ဖြစ်ခဲ့ရင်တောင် သူ့လိုလူမျိုးက မှင်တံတစ်ချောင်းနှင့် စာရွက်တစ်ရွက်ပေါ်တွင် သူရေးချင်တာရေးပြီး ငြိမ်းချမ်းရေး သဘောတူစာချုပ်ဟုဆိုကာ လက်မှတ်ထိုးခိုင်းဦးမည့် လူမျိုး ဖြစ်သည်။
''မင်း စာချုပ်ကို ဘယ်သူတွေက အသိသက်သေ လက်မှတ်ထိုးပေးမှာတဲ့လဲ''
''ခင်ဗျားဘေးမှာရော ဟောဒီမှာရော အစေခံတွေအများကြီးရှိနေတာပဲမလား။ တစ်ယောက်ယောက်ခေါ်ပြီး ထိုးခိုင်းလိုက်ပေါ့''
စုချန်းယိလည်း အသက်တောင် ဖြောင့်ဖြောင့်မရှုနိုင်ပဲ မတုန်မလှုပ်ဖြင့် ဘေးနားက အစေခံတစ်ယောက်ကို ခေါ်လိုက်၏။
''ဒီလိုဆို မင်းကျေနပ်ပြီလား''
နျဲ့ပုဖန်က ဝမ်းသာအားရ ခေါင်းငြိမ့်ကာ စုချန်းယိ လုပ်ရပ်ကို ထောက်ခံ၏။
''ကျေနပ်တယ်။ မဆိုးဘူးပဲ၊ မင်းမျိုးမင်းနွယ်တစ်ယောက်ရဲ့အရှိန်အဝါ ပီသပါပေတယ်။ ဒါမှ နောင်ကျရင် သက်သေက အကျုံးဝင်မှာလေ''
''....''
ဘယ်လိုတောင်ရူးကြောင်ကြောင်နိုင်တဲ့ကောင်လဲ။
''ကဲဒါဆို စာချုပ်ကတော့ပြီးသွားပြီ ငွေတုံးကိစ္စကရော?''
ထိုအခါလူသန်ပြီးကသည် တွန့်ဆုတ်ဆုတ်ဖြင့် ငွေလက်မှတ်ဖြတ်ပိုင်းကိုလာပေး၏။
နျဲ့ပုဖန်က ငွေလက်မှတ်ကို ကောက်ယူလိုက်သည်။
''ဒါဆိုပြီးပြီ''
နျဲပုဖန်သည် မတ်တပ်ထရပ်လိုက်ပြီး
''ကျုပ် ဒီကနေထွက်တာနဲ့ နတ်မိမယ်ရဲ့ ပုံပန်းသွင်ပြင်ကို ပြောပြမယ်''
''ဘာလို့ အခုမပြောတာလဲ''
''ကျုပ်ကိုယ်ကျုပ် လုံခြုံအောင် သေချာလုပ်ရမယ်လေ၊ တကယ်လို့များ ဒီမှာပြောပြီးလို့ ခင်ဗျားတို့က ကျုပ်ကို ပြောပြီးပြီးချင်း သတ်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ''
ဒီလူကို ပြန်ပေးစွဲမိခြင်းက ဘဝတွင်လုပ်ခဲ့မိသော အကြီးမားဆုံးအမှားဖြစ်မည်ဟု စုချန်းယိ ရုတ်တရက်နောင်တကြီးစွာ ရသွားသည်။
သည်လိုနှင့် နျဲ့ပုဖန်တစ်ယောက် အခန်းထဲကထွက်၍ ပျော်ရွှင်စွာပြန်လာခဲ့၏။ ကျန်းကျွင်းရှီ ၏ စားသောက်ဆိုင်နားသို့ ရောက်သောအခါ၌ သူ့နောက်တွင် ပါလာသော လူသန်ကြီးအား ကပ်၍ တစ်စုံတစ်ရာ တီးတိုးပြောလိုက်သည်။
ထို့နောက် လူသန်ကြီးမှာ ပြူံးရွှင်ကာ ထွက်သွားတော့သည်။
စုချန်းယိ အပေါ်၌ နျဲ့ပုဖန် အမြင်ကြည်လှသည်တော့ မဟုတ်ပါ။ ထိုသူသည် စည်းစိမ်ဥစ္စာကြွယ်ဝ ချမ်းသာ၏။ ချောမောခန့်ညားကာ အေးတိအေးစက် ဟန်ပန်ရှိ၏။ နျဲ့ပုဖန်၏ အခြေအနေနှင့်ဆိုလျှင် ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်သည်။ အမြင်ကပ်စရာပင် ...
သူသည် ကျန်းကျွင်းရှီ၏စားသောက်ဆိုင်သုံပြန်လည်ရောက်ရှိပြီးနောက်တွင် တလောကလုံးတုန်လှုပ်သွားစေမည့်သတင်းအားဤကဲ့သို့ကြေညာလိုက်လေသည်။
နောက်တစ်ရက်၌ ရှင်းကျောက်ရန်အနီးက လက်ဖက်ရည်နှင့် ကြက်ဥဆိုင်လေးတွင် ဖြစ်သည်။ ဆိုင်ထဲမှလူသည် ဝတ်ကောင်းစားလှနှင့် အမျိုးသားတစ်ဦး ဖြတ်သွားသည်ကိုမြင်တိုင်း ဤကဲ့သို့ လှမ်းအော်နေလေသည်။
''ဟောဟိုက သခင်လေး ခင်ဗျား နတ်မိမယ်ရဲ့ပုံပန်းသွင်ပြင်ကို သိလိုပါသလား၊ ဒီဆိုင်က လက်ဖက်ခြောက်နဲ့ကြက်ဥဆယ်လုံး လာဝယ်လိုက်ပါ၊ ဆိုင်က ဝယ်ယူသူတိုင်း ဒီထိပ်တန်းလျှို့ဝှက်သတင်းကို ဦးဦးဖျားဖျား သိရပါမယ့်ခင်ဗျာ''
ရှစ်ဆယ်ရာခိုင်နှုန်းသော အမျိုးသားတို့သည် ထိုကြေညာမှုကို မလွန်ဆန်နိုင်ကြပါ။ ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ သတင်းအတွက် လက်ဖက်ခြောက်နှင့်ကြက်ဥဖိုးလေးသာ ရင်းရသည်မှာ တန်ပါပေသည်။
ဤသို့ဖြင့် လက်ဖက်ခြောက်နှင့်ကြက်ဥမှာ မြို့တွင် ရောင်းအားအကောင်းဆုံးဖြစ်လာခဲ့ပြီး၊ နောက်တစ်နေ့၌ နတ်မိမယ်၏လျှို့ဝှက်ချက်ကို တစ်လောကလုံး သိသွားလေသည်။
စုချန်းယိ မှာတော့ သွေးပွက်ပွက်ဆူကာ ဒေါသငယ်ထိပ် ရောက်နေလေပြီ။
နျဲ့ပုဖန်သည် သဘောတူညီမှုစာချုပ်ကို ကြည့်ကာ သက်ပြင်းချ၍ သဘောကျစွာပြုံးလိုက်သည်။
''ချမ်းသာတဲ့ကောင်တွေကို သက်ညှာပေးလို့မရဘူး၊ ဒီ သဘောတူစာချုပ်ကို အစောင်တစ်ရာဖြစ်ဖြစ်၊ ရှစ်ဆယ်ဖြစ်ဖြစ် ပွားပြီး မူရင်းစာရွက်ကို သေချာဝှက်ထားရမယ်၊ ဒါမှ ဒီကောင်အချိုးပြောင်းပြီး ဇာတိပြလာရင် ဒီစာရွက်တွေဖြန့်လိုက်ယုံပဲ။ ဒါနဲ့ ဒီညီအစ်ကို စုချန်းယိက ကျပ်သိပ်မပြည့်ဘူးထင်တယ်၊ ငါရေးထားတဲ့ သဘောတူညီချက်တွေက အဓိပ္ပါယ်မရှိတာသိရဲ့သားနဲ့၊ သူငြင်းလို့ရတာကို သူကိုယ်တိုင်လိုလိုလားလား အားတက်သရောလက်ခံလိုက်တာပဲမဟုတ်လား''
အကယ်၍များ စုချန်းယိသာ ထိုစကားကိုကြားပါထပ်က ဒေါသငယ်ထိပ် ရောက်သွားပါလိမ့်မည်။
ယခုတွင် နတ်မိမယ်သည် ကြင်ရာတော် အကဲဖြတ်ခြင်းမပြီးခင် လူများ၏ စောင့်ကြည့်ခြင်းကို ခံနေရလေပြီ။ သူမ၏ ငြိမ်းချမ်းသောဘဝလေးမှာ အဆုံးသတ်ခဲ့ရသည်။
နတ်မိမယ်မှာ သူမ၏တည်ရှိမှုကို ဖော်ထုတ်ခံရရုံမျှမက၊ လူသူအများ၏ ပါးစပ်ဖျားတွင် ရေပန်းစားနေသော သူမ၏ပုံပန်းသွင်ပြင်နှင့် ကောလဟာလများကြောင့် ပိုအခက်တွေ့ရသည်။
နတ်မိမယ်သည် ကောင်းကင်ဘုံနှင့် လူသားမိန်းမပျို ပေါင်းစပ်ထားသော ပုံပန်းသွင်ပြင်၊ နူးညံ့သိမ်မွေ့သော၊ ဂုဏ်သိက္ခာကြီးမားသော အရှိန်အဝါ ရှိသည်ဟု ဆိုကြသည်။ စိတ်ပျက်ဖွယ်၊ လုံးဝစိတ်ပျက်ဖွယ်ပင် ဖြစ်သည်။
နတ်မိမယ်မှာ မျက်ရည်မကျပဲတောင် ငိုချင်နေရသည်၊ သူမ၏တည်ရှိမှုကို ဘယ်သူကများဖော်ထုတ်ခဲ့သလဲဆိုတာ သူမ,မသိပါ။
သည့်အပြင် ထိုလောကဟာလသတင်းများက ဖုံးလို့ ဖိလို့မရတော့အောင် ပျံ့နေခြင်းအတွက် သူမအကြီးအကျယ် စိတ်ဆင်းရဲနေရပါသည်။
ဒါထက် နျဲ့ပုဖန်ကရော နတ်မိမယ်ရဲ့လျှို့ဝှက်ချက်ကို ဘယ်လိုသိသလဲဟု မေးစရာရှိသည်။
အဖြေကတော့ ရိုးရှင်းပါသည်။ အရင်တစ်ခေါက် ကျန်းကျွင်းရှီ၏ စားသောက်ဆိုင်တွင် မိန်းကလေး ယုချုံ နှင့် သူတို့တွေ့ခဲ့ကြလေသည်။ မိန်းကလေး ယုချုံ က နျဲ့ပုဖန်ကို လက်ကိုင်ပုဝါရှာခိုင်းကာ စမ်းသပ်မှုလုပ်ခဲ့သည်။
ထိုအချိန်က နျဲ့ပုဖန်၏ ကြက်ကလေးဖြစ်သော ပန်းပွင့်မိန်းကလေးမှာ ယုချုံ၏ လက်ကိုင်ပုဝါကိုသာမက၊ ကျင်းလုံ ဟု စာသားချည်ထိုးထားသည့်ခါးစည်းကြိုးကိုပါ ယူလာခဲ့ဖူးသည်။
တစ်ခါပြောရလျှင် လျှို့ဝှက်ချက်များသော အမျိုးသမီးများအနေနှင့် မိမိ၏အရေးကြီးသောလျှို့ဝှက်ချက်များကို သေသေချာချာ သိုသိုသိပ် သိပ်မထားတတ်ပါက သူများ၏အလွယ်တကူဖော်ထုတ်ခြင်းကို ခံရနိုင်ပါသည်။
ဤသို့ဖြင့် ပုထျန်းကုန်းကျောင်းတော်၏ ကောင်းကင်ကြင်ရာတော်ရွေးပွဲကြီးမှာ နျဲ့ပုဖန်ကြောင့် ပျက်စီးလုနီးပါးဖြစ်ခဲ့ရလေတော့သည်။
YOU ARE READING
ကြက်သခင် နျဲ့ပုဖန် (Complete ✅)
RandomGong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။