Chapter - 49
ဆန်းကျယ်သော ရတနာရှာပုံတော် - ၆
လျှို့ဝှက်ခန်းကို စူးစမ်းပြီးနောက် ၎င်းတို့ ထွက်ပေါက် ရှာကြလေသည်။ ပတ်ဝန်းကျင် နံရံများမှာ အလွန်ပြန့်ပြူနေရာ လျှို့ဝှက်ယန္တရား ဖြစ်နိုင်သည့် အရာမရှိချေ။
စုချန်းယီနှင့် ဝမ်ရှင်းချန်တို့လည်း အချိန်အတော်ကြာ ရှာဖွေခဲ့ပေမယ့် မအောင်မြင်ခဲ့။ သူတို့ အနည်းငယ် စိတ်ဓာတ်ကျသွားကြ၏။
သို့ရာတွင် နျဲ့ပုဖန်ကတော့ လုံးဝ စိုးရိမ်မှု မရှိဘဲ ယောင်ခြောက်ဆယ် လုပ်နေပြီး သူ့ရဲ ပေါ့ပျက်ပျက်နဲ့ ဂရုမစိုက်တဲ့ပုံစံက အမှန်တကယ်ပင် မုန်းစရာကောင်းသည်။
စုချန်းယီ မအောင့်နိုင်ပဲ ပြောလိုက်၏။
"နျဲ့ပုဖန်၊ အနည်းဆုံး မင်း လာကူပေးသင့်တယ်''
"ငါ ကူညီနေတာပဲ မဟုတ်ဘူးလား''
လှည့်မကြည့်ပဲ နျဲ့ပုဖန်က နံရံကို လက်ညိုးထိုးကာ ဆက်ပြောလိုက်သည်။
“နားထောင်ကြည့်၊ ပဲ့တင်သံ ကြားရလားလို့''
နျဲ့ပုဖန် စကားကြောင့် ဝမ်ရှင်းချန်နဲ့ စုချန်းယီတို့လည်း ခေတ္တငြိမ်သွား၏။ နားထောင်ကြည့် လိုက်သောအခါ နံရံတစ်ဖက်မှ အသံတစ်ခုထွက်လာသည်ကိုကြားလိုက်ရသည်။ သို့သော် ၎င်းသည် ပဲ့တင်သံ မဟုတ်ပဲ လှည့်ပတ် တွားသွားနေသော သက်ရှိ သတ္တဝါ၏ အသံနှင့် ဆင်တူ၏။
"ပုဖန်၊ သွားမခေါက်နဲ့တော့၊ အထဲမှာ တစ်ခုခုရှိနေပြီ"
ဝမ်ရှင်းချန်က သတိပေးလိုက်သည်။
"ဟုတ်တယ်။ အထဲမှာ တစ်ခုခုတော့ ရှိနေလို့ ခေါက်ကြည့်တာပေါ့။ မဟုတ်ရင် ငါ ဘာလို့ ခေါက်ရမှာလဲ''
နျဲ့ပုဖန် စကားကြောင့် စုချန်းယီနဲ့ ဝမ်ရှင်းချန်တို့မှာ စကား မပြောနိုင်တော့ပဲ ထိတ်လန့်ကုန်ကြသည်။
နျဲ့ပုဖန်က ဘာသဘောနဲ့ သည်လို ပြောတာလဲ။
၎င်းတို့၏ မျက်နှာများသည် လိပ်ခွံများကဲ့သို့ စိမ်းဖန့်နေကြ သည်ကို မြင်လိုက်ရသောအခါ နျဲ့ပုဖန်လည်း နံရံကို ခေါက်နေခြင်းကို ရပ်လိုက်ပြီး သူ့လက်ထဲက အလင်းပုလဲကို ကစားရင်း လျှို့ဝှက် ယန္တရားများ ရှာဖွေရာတွင် ပါဝင်လာခဲ့၏။
အလင်းပုလဲမှ ရရှိသော အလင်းရောင်မှာ နျဲ့ပုဖန် ဆော့ကစားနေသောကြောင့် အခန်းအမှောင်ထဲတွင် တဖျပ်ဖျပ်ဖျပ်ခတ် လင်းလက်လျှက်ရှိ၏။ ထိုအရာက သူတို့ရှိနေရာ လျှို့ဝှက်အခန်း၏ အုံ့မှိုင်းမှိုင်းအခေနေကို ပိုမို ဆိုးရွားစွာ ခံစားရစေသည်။ ထို့ထက် ပိုအရေးကြီးသည်မှာ မှိတ်တုတ်မှိတ်တုတ် အလင်းရောင်သည် မျက်လုံးများကို မူးနောက်လာစေ၏။
"နျဲ့ပုဖန်၊ မင်း ဆော့နေတာကို ရပ်လိုက်ရင် ကောင်းမယ်''
စုချန်းယီက တည့်တိုးပြောကာ တားဆီးလိုက်သည်။ သည်ကောင့်မှာ ခွန်အားတွေ အပြည့်ရှိနေသလိုပဲ။ စောစောက အချစ်မိုးတွေ ရွာခဲ့တာတောင် အခု ဘာမှမဖြစ်သလိုမျိုး ဆော့ကစားနေနိုင်သေးတယ်။
''မင်းပဲ ငါ့ကို ကူညီခိုင်းတုန်းက ကူညီခိုင်းပြီး၊ အခု ကူညီပေးတော့လည်း မဟုတ်ရပြန်ဘူး၊ ငါ နျဲ့ပုဖန်ကို မင်း ခိုင်းချင်တိုင်း ခိုင်းလို့ရတဲ့ ကောင်များ ထင်နေလား''
နျဲ့ပုဖန်က အော်လိုက်သည်။
စုချန်းယီမှာ အောင့်သက်သက် ခံစားသွားရ၏။
သည်ကောင်က အမြဲ ဘေးတိုက်သွားတဲ့ ကောင်ဆိုတာ မေ့သွားတယ်၊ ငါ မှားတာ..ငါ မှားတာ။
သို့ရာတွင် ဝမ်ရှင်းချန်ကတော့ ချော့ပြောလိုက်၏။
"ပုဖန်၊ အလင်းပုလဲကို ကျောက်တုံးပေါ်မှာ တင်ထားလိုက်ပါလား။ ကိုင်ထားရတာ အဆင်မပြေ ဖြစ်နေမှာပေါ့''
“အိုး..ဟုတ်သားပဲ”
ထိုအခါမှာ နျဲ့ပုဖန်ဟာ နှစ်ခါ ပြောစရာမလိုပဲ ပုလဲကို ကျောက်စင်ပေါ်တွင် သွားတင်ထားလိုက်လေသည်။
"မင်း ပြောတာကျတော့ သူ ဘာလို့ နားထောင်တာလဲ"
စုချန်းယီ တော်တော်လေး စိတ်မကောင်း ဖြစ်သွား၏။
ထိုအခါ ဝမ်ရှင်းချန်က တရားပေါက်နေသောဘုန်းကြီးလို အကြည့်မျိုးနဲ့ စုချန်းယီကို ကြည့်လိုက်ရာ စုချန်းယီ ဆက်မပြောတော့ပဲ ငြိမ်သွားလေသည်။
ထိုအခိုက်တွင် နံရံဆီမှ ရုတ်တရက် "ပေါက်ကွဲသံ" တစ်ခု ကြားလိုက်ရပြီး နံရံက အက်ကွဲသွားလေသည်။
စုချန်းယီနဲ့ ဝမ်ရှင်းချန်တို့ နှစ်ယောက်စလုံး လန့်ဖျပ်သွားကြ၏။ နံရံမှာ ပေါ်လာတဲ့ ခွက်တစ်ခုအရွယ်သာသာ ကျယ်ဝန်းတဲ့ အပေါက် သေးသေးလေးဆီကို သူတို့ ကြည့်လိုက်ကြသည် ထိုထဲမှ အသံတစ်ခု ထွက်လာသည်နှင့်အတူ ကြက်ခေါင်းတစ်ခုပေါ်လာ၏။
ထို ကြက်ခေါင်းကလည်း သူတို့ကို မြင်ကာ ထိတ်လန့်သွားပုံရသည်။ ပြန်ထွက်ပြေးခါနီး၌ နျဲ့ပုဖန်သည် လျင်မြန်စွာပင် ၎င်း၏ လည်ပင်းကို ဖမ်းဆွဲ ကိုင်ထားလိုက်သည်။
"မင်း မဆိုးဘူး၊ အပေါက်ကို ဒီအထိ ရောက်အောင်ဖောက်နိုင်တယ်'' ဟူ၍ ချီးကျူးလိုက်သေးသည်။
ကြက်ခေါင်းပေါ်ရှိ သေးငယ်သော မျက်လုံးနှစ်လုံးဟာ မှိတ်တုတ် မှိတ်တုတ် လုပ်လျှက် ဂုဏ်ယူသော အမူအရာကို တုန့်ပြန် ပြသလာ၏။
''သွားတော့..ငါတို့ ဒီမှာ ပိတ်မိနေတယ်၊ လမ်းကြောင်း တူးဖို့ မင်း ညီအစ်ကို မောင်နှမတွေကို ခေါ်သွားချေ''
ကြက်ကလေးဟာ မျက်လုံး မှိတ်ပြကာ သူ့အား စေခိုင်းတဲ့အတိုင်း ဆောင်ရွက်ရန် အပေါက်ထဲသို့လှိမ့်လှိမ့် လှိမ့်လှိမ့်ဖြင့် ပြန်ဝင်သွားခဲ့သည်။
စု နှင့် ဝမ် တို့လည်း ယောင်နနဖြင့် နျဲ့ပုဖန်လုပ်သမျှကိုသာ လိုက်ကြနေရသည်။
ကြက်ကလေး ပြန်ဝင်သွားသော လက်တစ်ဖက်စာအပေါက်လေးကို ကြည့်မိသောအခါ ထိုအပေါက်သေးသေးလေးထဲမှ ကြက်တစ်ကောင် ဘယ်လိုများ ထွက်လာနိုင်သလဲ တွေးမိကြသည်။
ပိုအရေးကြီးတာက ကြက်တစ်ကောင်ဟာ အပေါက်တွေကို ဘယ်လိုတူးနိုင်တာလဲ။
ကြက်သိုက်ကျေးရွာရှိ ကြက်များသည် အိပ်ရာလုခြင်း၊ အဆိပ်ခတ်ခြင်း၊ စကားပြောဆိုခြင်း၊ သေချင်ယောင်ဆောင်ခြင်း၊ ရေပက်ခြင်း၊ ရေကူးခြင်း၊ ပျံသန်းခြင်း၊ သစ်ပင်တက်ခြင်း၊ ဇောက်ထိုးရပ်နိုင်ခြင်းနှင့် တွင်းတူးခြင်းများကို ပြုလုပ်နိုင်ကြလေသည်။
တကယ်တော့ နျဲ့ပုဖန်၊ မင်းက တကယ်ပဲ ကြက်နတ်ဆိုးကောင်ပဲ မဟုတ်လား။ မကောင်းဆိုးဝါးကြက်တွေကို မွေးမြူထားတာ မလား။
ခဏအကြာတွင် အပေါက်ထဲမှ ကြက်အချို့ရောက်လာကြသည်။ အညိုရောင်ကြက်သည် ၎င်း၏ အတောင်များကို ခါကာ ကျောက်နံရံအား လွန်သွားဖြင့် ထွင်းသကဲ့သို့ ဖောက်နေ၏။
စုချန်းယီနှင့် ဝမ်ရှင်းချန်တို့မှာ ကြက်တစ်ကောင် ဘယ်လို တွင်းတူးသလဲ ဆိုတာကို နားမလည်နိုင်ဖြစ်နေကြသည်။ ၄င်း၏ အတောင်များသည် အမှန်တကယ်ပင် သာမန် အတောင်များကဲ့သို့ အသွင်ယူထားသော မှော်လက်နက်တစ်မျိုး ဖြစ်နေသလား။
နျဲ့ပုဖန်က အဝါရောင်ကြက်၏ ခေါင်းကို ပွတ်သပ်ကာ တစ်ခုခုကို အာရုံစိုက်နေ၏။ ထို့နောက် သူက စုချန်းယီနှင့် ဝမ်ရှင်းချန်တို့ အား လှည့်ကြည့်ကာ ...
"တကယ်တော့ ငါတို့ ဝင်လာပြီး သိပ်မကြာခင်မှာပဲ ငါ သိလိုက်ရတယ်။ ဒီကျောက်တုံးက ရွေ့လျားနိုင်ပုံရတယ်။ လာကြည့်စမ်း"
ဤမျှ အရေးကြီးသော ရှာဖွေ တွေ့ရှိမှုကို ဘာကြောင့် စောစော ကတည်းက မပြောသလဲ။ စုချန်းယီတစ်ယောက် စိတ်ထဲမှာ အကြီးအကျယ် ပေါက်ကွဲသွားလေသည်။ သူက ဤနျဲ့ပုဖန်၏ မကောင်းသော အကျင့်စရိုက်ကို ထပ်မံ နားလည်လိုက်ရသည်။ သည်မကောင်းဆိုးဝါးဟာ အခြားသူတွေ အချိန်အတန် ကြာအောင် အသည်းအသန် ကြိုးစား လုပ်ဆောင်ရသော ကိစ္စတွေရဲ့အဓိကသော့ချက်များကို နောက်မှ ဖြေးဖြေးချင်း ဖော်ထုတ်ပြကာ လှောင်ရတာကို အတော်နှစ်ခြိုက်ဟန်တူလေသည်။
သို့ရာတွင် သူတို့ ထိုနေရာကို စစ်ဆေးရန် လျှောက်သွားခဲ့၏။ ကျောက်စင်မြင့်နှင့် မြေပြင်ကြား ဆက်စပ်မှုမှာ အနည်းငယ် ထူးဆန်းနေသည်။ ဘယ်ညာ လှည့်ဖို့ ကြိုးစားကြည့်တဲ့အခါမှာတော့ ဘာမှ မထူးခြားချေ။
နျဲ့ပုဖန်ကတော့ နံဘေးတွင် ငုတ်တုတ်ထိုင်ကာ သူ့မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်ထားရင် သူတို့ကို ကြည့်နေသည်။ နောက်ဆုံးမှာတော့ နျဲ့ပုဖန် မနေနိုင်တော့ပဲ သူတို့ကို ကူညီ အကြံပေးရန် ဆုံးဖြတ်လိုက်တော့သည်။
“ကျောက်စင်က စတုရန်းပုံ ဖြစ်ပြီး မြေပြင်ကလည်း တည်ငြိမ်လွန်းတယ်။ အဲဒါကို လှည့်ဖို့ ဘယ်လောက် ခွန်အားစိုက်ရမယ် ထင်လဲ”
“… …” ၎င်းတို့ နှစ်ယောက် အေးခဲသွားပြီး ရုတ်တရက် သူတို့ကိုယ်သူတို့ အရမ်းမိုက်မဲသွားသလို ခံစားလိုက်ရ၏။
သူတို့ကို အပြစ်တင်လို့ မရဘူး။ ချမ်းသာသောမိသားစုများမှ ဆင်းသက်လာသူများ ဖြစ်ကြသော ၎င်းတို့သည် အသိပညာနှင့် သင်ယူမှုတွင် ထိပ်တန်းအဆင့်ရှိသူများ ဖြစ်သော်လည်း တစ်ဖက်၌ ၎င်းတို့၏ အသိပညာများကို လက်တွေ့ကျကျ အသုံးချရာတွင် အားနည်းကြလေသည်။
"ဒါဆို မင်း ဘယ်လိုထင်လို့လဲ"
စုချန်းယီက စကား အစ်လိုက်၏။
"ဘယ်ညာ မလှည့်နိုင်ရင် အပေါ်အောက် စမ်းကြည့်ပေါ့"
နျဲ့ပုဖန်က လမ်းညွှန်ပေးလိုက်သည်။
ထို့ကြောင့် နှစ်ယောက်သား လက်နှစ်ဖက်ကို ကျောက်တုံးပေါ် တင်ကာ တစ်ချိန်တည်းတွင် ပြင်းထန်စွာ ဖိချလိုက်၏။
ကျယ်လောင်သော အသံတစ်ခု ကြားရပြီး အမှောင်ခန်းတံခါးက ဖြည်းညှင်းစွာပွင့်သွားလေသည်။
ထိုအခါ နျဲ့ပုဖန်လည်း အောင်ပွဲခံသောဟန်ဖြင့် လက်နှစ်ဘက်ကို ဆန့်ထုတ်ကာ အော်ဟစ် ကြုံးဝါးလိုက်၏။
''တကယ်လည်း တော်တဲ့ ငါပဲ''
သို့သော် စုချန်းယီနဲ့ ဝမ်ရှင်းချန်တို့မှာတော့ ပြင်းထန်စွာ ရိုက်ချ ထိုးနှက် ခံရသကဲ့သို့ ခံစားနေရသည်။ အခုတလော လုပ်သမျှ ကိစ္စတိုင်း၌ သူတို့ရဲ့ အသိဉာဏ်များဟာ ချို့ယွင်းချက် ရှိနေသည်ဟု ခံစားရ၏။
ထိုကဲ့သို့ ဖော်ထုတ်နိုင်ခဲ့ပြီး အခုတော့ သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှုတို့ဟာ အမှုန်အမွှားတွေအဖြစ် ကွဲအက်သွားပါပြီ။ အပိုင်းအစတွေကိုတော့ ဘယ်အချိန်မှာ ပြန်ပေါင်းနိုင်မယ်ဆိုတာ မသိချေ။
ဤသို့ဖြင့် လူသုံးယောက်သည် အမှောင်ခန်းထဲမှ လျှောလျူစွာ ထွက်နိုင်ခဲ့ကြလေသည်။ အထစ်အငေါ့ မရှိ ထွက်သွားကြပြီးနောက် စုချန်းယီက သူတို့ နှစ်ဦးအား မှာလေ၏။
"ငါတို့ ရတနာတွေကို သယ်ယူတဲ့အခါကျရင် စာရင်းတွေထဲမှာ ဒီအခန်းအကြောင်း လျှို့ဝှက်ထားလို့ ရမလား"
ဝမ်ရှင်းချန်က ခေါင်းညိတ်လိုက်ပြီး နျဲ့ပုဖန် ကလည်း "စိတ်မပူပါနဲ့။ ငါ ဘာမှ သေချာပေါက် မပြောပါဘူး" ဟု အာမခံလေသည်။
နျဲ့ပုဖန်ရဲ့ သည်လို လေးနက်တဲ့ ကတိပေးပုံဟာ ပိုလို့တောင် စိုးရိမ်စရာ ကောင်းလှ၏။ စုချန်းယီ က သူ့ကို ဆန့်ကျင်ဘက်ကောင်လို့ပဲ မြင်နေ၍လား မသိ။
နျဲ့ပုဖန်က လျှို့ဝှက်ခန်း၏ နံရံကို တစ်ချက် လှမ်းကြည့်ပြီး သက်ပြင်းချကာ ရုတ်တရက် ခံစားချက်ကို ပြောလာသည်။
"ပညာရှိကြီး ပွားပေါင် က တကယ့်ကို အရည်အချင်းရှိတဲ့ လူတစ်ယောက်ပဲ၊ ဒီနိုင်ငံရဲ့ ဧကရာဇ် တံဆိပ်တော်ကို အလယ်ဗဟိုမှာ စင်မြင့်နဲ့တင်ထားပြီး ပတ်ပတ်လည်မှာ တခြား တိုင်းတစ်ပါးခြောက်နိုင်ငံနဲ့ ဝန်းရံထားတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ပွားပေါင်က အဓိပ္ပါယ် တစ်ခုခုကို နမိတ် ပြခဲ့ပုံရတယ်။ ဒါ့အပြင် သူ ဒီလောက်များတဲ့ ရတနာတွေကို စုဆောင်းနိုင်ဖို့ အတိတ်တုန်းကဘယ်လောက် ဒုက္ခခံခဲ့ရမလဲ။ ကံကောင်းတာက သူအခု ကောင်းကင်ဘုံ ရောက်နေပြီ၊ ဒီတော့ သူ့ရဲ့ အဖိုးတန် ရတနာတွေ ဘယ်လိုဖြစ်သွားပြီလဲဆိုတာ သူ မြင်နိုင်မှာ မဟုတ်တော့ဘူး''
မင်းကြောင့်လေ နျဲ့ပုဖန်၊ မင်း မွှေလို့ ပျက်စီးသွားတဲ့ ဟာတွေ မနည်းမနောပဲ။
သုံးယောက်သား ထိုရတနာခန်းထဲမှ ထွက်လာပြီးနောက် လှိုဏ်ဂူလမ်း တစ်လျောက် လျှောက်လာခဲ့ကြ၏။
နောက်ဆုံးတွင် နျဲ့ပုဖန်က သူ့ဘေးနားတွင် ရှိသင့်သော ကြက်များ အားလုံး ပျောက်နေကြောင်းကို သဘောပေါက်သွားပြီး ...
“ကြက်တွေ ဘယ်ရောက်နေကြတာလဲ …” ဟု မနေနိုင်တော့ပဲ အော်လိုက်၏။
သွားပြီ ... ... ...
သူ့ အော်သံက လှိုက်နံရံတွေဆီ ပဲ့တင် ထပ်သွားခဲ့သည်။
"မင်း ဘယ်မှာလဲ ဘာတွေ အော်နေတာလဲ''
တစ်ဖက်မှ လီဟိုက်၏ အသံ ထွက်ပေါ်လာ၏။
"ကြက်တွေ ခေါ်နေတာ၊ မင်း ဘာပြန်ဖြေတာလဲ''
လီဟိုက် ဆို့နင့်သွားပြီး ခဏအကြာတွင် ပြန်ပြောလာ၏။
''မင်းရဲ့ ကြက်စုတ်ကြက်ပဲ့တွေကို ပြောနေတာလား၊ တကယ့် အကုသိုလ်ကောင်တွေ၊ မင်း ကောင်တွေ ဂျိုမွှေပြီး ဖျက်ဆီးလိုက်တာ ငါတို့ တွေ့ခဲ့တဲ့ရှေးဟောင်း စာပေတိုက် ဘယ်လောက်တောင်ပျက်စီးသွားသလဲ၊ သိလား''
''ဘယ်လောက် ပျက်စီးလို့လဲ''
နျဲ့ပုဖန်က သူ့ အမှား မဟုတ်သလို ခပ်တည်တည်ပြန်မေး၏။
တစ်ဆက်တည်း လီဟိုက် ဘာမှ ပြန်မပြောသေးခင်မှာပဲ သူ ဆက်ပြောလိုက်၏။
''ဟုတ်ပြီ၊ မင်း သူတို့ကို အပြစ် ပြောစရာ မလိုဘူး၊ သူတို့ရဲ့ ဖျက်စီးတတ်တဲ့ အကျင့်ကို မင်း မသိတာလည်း မဟုတ်ဘူးလေ၊ အကယ်၍ မင်း တတ်နိုင်ရင် ဒီကိစ္စကို သူတို့နဲ့ တိုက်ရိုက် သွားဆွေးနွေးပြီး မလုပ်အောင် တားကြည့်လိုက်၊ မင်းနဲ့ ကြက်တွေ ကြားထဲ ငါ ဝင်ပါမှာ မဟုတ်ဘူး''
သိပ်ကောင်းတဲ့ နျဲ့ပုဖန်၊ ကြက်တွေကြား ဝင်မပါဘူးတဲ့၊ မသိရင် အဲ့ကြက်တွေအတွက် သူပဲ တာဝန် မရှိသလိုလို၊ ဘာတဲ့ သူ့ ကြက်တွေနဲ့ တိုက်ရိုက် ဆွေးနွေးရမယ် ဆိုပဲ။
ဤသို့ လီဟိုက်တစ်ယောက် ဆွေ့ဆွေ့ ခုန်နေချိန်မှာ လီယီက ဝင်ပြော၏။
''ပုဖန်၊ ရတနာသိုက်ထဲက လမ်းကြောင်းတွေအားလုံးက နောက်ဆုံးမှာ စုရပ်တစ်ခုတည်းကို ဦးတည်သွားတယ်တဲ့..ဆိုတော့ ငါတို့ အားလုံး အဲ့နေရာမှာ ဆုံကြမယ်လေ''
''ကောင်းပြီ''
နျဲ့ပုဖန် ပြုံးလျှက် ဖြေလိုက်၏။
ထိုအချိန်မှာပဲ ပြန့်ကျဲနေသော ကြက်များလည်း နျဲ့ပုဖန်ဆီ တစ်ကောင်ပြီး တစ်ကောင် ပြန်ရောက်လာကြ၏။
နျဲ့ပုဖန်က သူတို့ကို လက်ညှိုးထိုးပြီး ငေါက်တော့သည်။
“မင်းတို့ အားလုံး အသဲနှလုံး မရှိတဲ့ ကြက်ကောင်တွေ၊ မင်းတို့ရဲ့သခင်ကို တစ်ယောက်တည်း ထားခဲ့ပြီး သွားချင်ရာ သွားနေကြတယ်၊ ဒီလုပ်ရပ်အတွက် မင်းတို့ အားလုံး အပြစ်ရှိတယ် မထင်ဘူးလား?''
ကြက်များ အားလုံးမှာ ခေါင်းငုံ့ကာ နောင်တရသောအကြည့်လေးများဖြင့် မျက်လုံး ကလယ်ကလယ် ဖြစ်နေကြလေသည်။
''ဟမ်း၊ ပြန်ရောက်လို့ကတော့ မင်းတို့တွေကိုလှောင်အိမ်ထဲ ပိတ်ထားပစ်မယ်''
နျဲ့ပုဖန်က သူ့ ကြက်တွေကို ဆူပူ ကြိမ်းမောင်းတတ်ပေမယ့် ထိခိုက်အောင်တော့ ဘယ်တော့မှမလုပ်တတ်ပေ။
ဒါနဲ့ ဘယ်လို လှောင်အိမ်မျိုးကရော သည်လို ထူးဆန်းပြီး အံ့ဖွယ် အစွမ်းရှိတဲ့ ကြက်အုပ်ကို ပိတ်လှောင်ထားနိုင်မှာတဲ့လဲ။
ဤသို့ ဆူပူ ကြိမ်းမောင်းပြီးနောက်တွင် နျဲ့ပုဖန်မှာ သူ၏ ကြက်အုပ်ကို ဦးဆောင်ကာ စုချန်းယီ၊ ဝမ်ရှင်းချန်တို့နှင့် အတူ လှိုဏ်ဂူ လမ်းကြောင်းအတိုင်းဆက်သွားခဲ့သည်။
ဤသို့ဖြင့် ၎င်းတို့ သုံးဦး လမ်းကြောင်းအတိုင်းထွက်လာကြရာ တစ်နေရာ အရောက်၌ ထင်ရှားသော ပုံရိပ် နှစ်ခုကို မြင်လိုက်ရလေသည်။
ထိုပုံရိပ်မှာ ချောမောလှပသော မိန်းမပျိုတစ်ဦးနှင့်အတူ၊ ရှန်းမုလန် ဖြစ်နေသည်။
၎င်းတို့ နှစ်ဦးစလုံးက လှပ ကျော့ရှင်းသော အမျိုးသမီးနဲ့ အမျိုးသားတို့ ဖြစ်သည့်အပြင် အချင်းချင်း လက်ချိတ်ထားကြရာ ပြဇာတ်ကတော့မည့် မင်းသား၊ မင်းသမီးများ ဟန်ရှိနေလေသည်။
ထိုစဥ် ရှန်းမုလန်မှာ လူများ ရောက်လာသံကို ကြားသောကြောင့် ထိတ်လန့်သွားပြီ မိန်းကလေး၏ လက်ကို လွှတ်ချကာ ခါထုတ်လိုက်၏။
ထိုအခါ မိန်းမပျိုလည်း အရှိန်လွန်ကာ ချော်လဲကျသွလေသည်။
ထို့ကြောင့် နျဲ့ပုဖန် ရှန်းမုလန်ကို ဆူလိုက်လေ၏။
''ဒီမှာ ရှန်းမုလန်၊ မင်းနဲ့ မိန်းကလေးတို့ နှစ်ယောက်ရဲ့ကြားက ရိုးသားတဲ့ ဆက်ဆံရေးဆိုတာ ငါတို့အကုန် သိကြပါတယ်၊ ဒါပေမယ့် မင်း မိန်းကလေးတစ်ယောက်ကိုတော့ လက်နဲ့ မတွန်းထုတ်လိုက်သင့်ဘူး ''
ထိုအခါမှ ရှန်းမုလန်လည်း ရှက်ရွံံစွာနဲ့ တောင်းပန်ကာ မိန်းကလေးကို ဆွဲထူဖို့ လက်ကမ်းပေးလိုက်၏။
''တောင်းပန်ပါတယ် နတ်မိမယ် ရှန်ကုန်းဇီ၊ အဆင်ပြေရဲ့လား''
(ဒီနေရာမှာ စာက နတ်မိမယ်ရဲ့နာမည်ကို ရှန်ကုန်းဇီလို့ပဲသုံးသွားတာမို့ သူ့အတိုင်းဆက်ရေးသွားပါမယ်)
နတ်မိမယ်မှာ မူလတွင် မျက်နှာ အနည်းငယ် ပျက်သွားသော်လည်း ချက်ချင်းပင် ခွင့်လွှတ်ဟန် လုပ်ကာ ဟန်ဆောင်ပြုံးကို ထုတ်ပြုံးလိုက်၏။
''ပြေပါတယ်..လူတွေပဲဟာ လက်ချော်တာလောက်တော်ရှိမှာပေါ့၊ မြင်းခွာတွေလိုတော့ ဘယ်မြဲပါ့မလဲ'
ဒါ့အပြင် သူမက ရှန်းမူလန် ကမ်းပေးတဲ့ လက်ကိုကိုင်ပြီး ထဖို့ ပြင်လိုက်၏။
ထိုအချိန်တွင် နျဲ့ပုဖန်က ထပ်မေးလိုက်သည်။
''ဒါနဲ့ ရှန်ကုန်းဇီက မြင်းဆီကနေရော လက်ချော်ဖူးတာလား''...
ပတ်ဝန်းကျင်သည် တလင်းပြင်အလား တိတ်ဆိတ်သွား၏။
ဤနေရခက်သော အခြေအနေတွင် ကြက်တချို့က သူ့ သခင် မျက်နှာကို ကြည့်ကာ 'ကတော်ကတော်' အော်လိုက်ကြသည်။
၎င်းတို့ အသံက လှိုဏ်ဂူထဲ ပဲ့တင်သွားသည်မှာ လန့်ဖွယ်ကောင်း၏။
စုချန်းယီက နျဲ့ပုဖန်ကို ခပ်ခွာခွာ နေရာဆီ ဆွဲခေါ်သွားလိုက်သည်။ ထို့နောက် မေးလိုက်၏။
''ဘာလို့ နတ်မိမယ်က ဆင်းလိုက်လာတာလဲ။ ဒီအထိ''
နတ်မိမယ်က သက်ပြင်းချကာ စိတ်လျော့ပြီးနောက် ပြန်ဖြေလေသည်။
''ဒီနိမ့်ကျတဲ့ မိန်းကလေးက ပညာရှိကြီး ပွားပေါင်ရဲ့ ရတနာသိုက်ကို မြင်ဖူးချင်လို့ လိုက်တာပါ မင်းသား စု။ ကျွန်မကို စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်၊ ကျွန်မ ဂူထဲကို ကျန်း သခင်လေးရဲ့ အကူအညီနဲ့ရောက်လာတာပါ၊ အပြန်ကျ ထွက်လို့ လွယ်အောင်လမ်းမှာ သင်္ကေတတွေ ချန်ခဲ့ပါတယ်''
နတ်မိမယ် ရှန်းကုန်းဇီက ရတနာသိုက်ဆီ လိုက်လာတဲ့အပေါ် စုချန်းယီ အပါအဝင် ဘယ်သူမှ စိတ်မကျေမနပ် မဖြစ်ပေ၊ တကယ်တမ်း ဤနတ်မိမယ်ကသာ ရတနာသိုက်ရဲ့သော့ချက်ဖြစ်နေပြီး ရတနာသိုင် ရှာရတဲ့ အကြောင်းရင်းကလည်း သူမကြောင့် ဖြစ်၏။
ဒါပေမယ့် စောစောက ရှန်းမုလန်နဲ့ နတ်မိမယ်တို့ဆက်ဆံရေးက ဘာများလဲ။
သူ ဒါကို ပဟေဋ္ဌိ ဖြစ်သော်လည်း လူကြီးလူကောင်းတစ်ဦးအနေနဲ့ စူးစမ်း မေးမြန်းခြင်း မပြုလိုပေ။
ထိုအချိန်တွင် အခြား လမ်းတစ်ဘက်မှ အသံတစ်ခုထွက်ပေါ်လာပြီး လီယိနှင့် လီဟိုက်တို့ ရောက်လာကြသည်။
"လူတိုင်း ဒီမှာ ရှိနေတာလား။ နတ်မိမယ်မိန်းကလေးလည်း ဒီမှာပါလား"
လီဟိုက်က လူတိုင်းကို တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်သော်လည်း နျဲ့ပုဖန်ကို တမင်တကာ ကျော်သွားခဲ့သည်။
လီယီမှာ နျဲ့ပုဖန်၏ နံဘေးသို့ လျှောက်သွားကာ သူ့ခန္ဓာကိုယ်ကို စူးရှသော အကြည့်ဖြင့် ကြည့်လိုက်၏။ ထို့နောက် နျဲ့ပုဖန်ဆီက မသင်္ကာဖွယ်ရာခံစားချက်များ ရရှိသောကြောင့် သူ မျက်စိမှိတ်ကာစိတ်လျော့လိုက်သည်။
နျဲ့ပုဖန်က သူ့ ရင်ဘတ်ကို ဖွဖွပုတ်ရင်း မျက်လုံးထောင့်ကနေ မျက်စောင်းလေး ချီကာ မေး၏။
''ဘာလုပ်နေတာလဲ မင်း၊ ငါတို့ နာရီ နည်းနည်းလေးလောက် မတွေ့ရတာနဲ့တင် ငါ့ကို လွမ်းဆွတ်နေပြီလား၊ အခုလည်း ငါ့ကို မြင်ပြီး ကိုယ့်ကိုယ်ကိုအသက်ရှုဖို့တောင် မေ့သွားပြီလား''
လီယီက အရူး မဟုတ်၊ နျဲ့ပုဖန်၏ အာရုံ ပြောင်းပြီးအရူးလုပ်တာကို လက်မခံပဲ အကြည့်စိမ်းစိမ်းတစ်ချက်သာ ပေးလိုက်၏။
နျဲ့ပုဖန်လည်း သူ့ကိုယ်သူ ကာကွယ်ဖို့ အစီအစဥ် ကျရှုံးသွားသည့်အတွက် နှုတ်ခမ်းစူသွား၏။
၎င်းတို့ထဲမှ လူအများစုသည် တွေ့ရှိချက်များကို အကျဉ်းချုံး ဖလှယ်ရန် စုရုံးလိုက်ကြသည်။ ဤသို့ဖြင့် ပညာရှိကြီး ပွားပေါင် စုဆောင်းထားသော ရတနာများသည် လူတိုင်း၏ မျှော်လင့်ချက်ထက် များစွာ ကျော်လွန်နေလေသည်။ ၎င်းတို့ အညီအမျှ မခွဲဝေမှီ အရင် ဦးစွာ စာရင်းပြုစုရန် တစ်ဦးကအကြံပြု၏။
သို့သော် ပစ္စည်းများမှာ များပြားလွန်းတာကြောင့် စာရင်း ကောက်ယူဖို့ဆိုလျှင် အချိန် တစ်လကျော် ထပ်ကုန်ပေဦးမည်။
သို့ရာတွင် ရတနာသိုက်ရှာပုံတော်ခရီးစဉ်က အံ့ဩစရာများနှင့် ကြက်အမွှေးများ ပြည့်နှက်နေခဲ့ပြီး နောက်ဆုံးတွင် ပြီးဆုံးသွားပြီဟု ယူဆနိုင်သည်။
နောင်တွင်၊ ရတနာသိုက် အဝင်ဝ၌ ဆိုင်းဘုတ်တစ်ခု ရေးထိုးကာ တပ်ဆင်ထားသင့်၏။
''နျဲ့ပုဖန်နှင့် ကြက်များကို ဝင်ခွင့်မပြုပါ''
ဟူ၍..။
YOU ARE READING
ကြက်သခင် နျဲ့ပုဖန် (Complete ✅)
RandomGong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။